Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, March 11, 2011

ကြိုးစားကြည့်မယ်

(မိမိပိုစ့်သို့ ရောက်လာသော စာဖတ်သူများ မင်္ဂလာပါ။ အချိန်မအားလပ်ပါသဖြင့် ပိုစ့်များတက်မလာနိုင်တာ စာဖတ်သူများ နားလည်ပေးပါ။)

မိမိစိတ်တွင် လောဘကိန်းလျှင်၊ 
လောဘကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ်
လောဘကင်းအောင် ကြိုးစားမယ်။

မိမိစိတ်တွင် ဒေါသကိန်းလျှင်၊ 
ဒေါသကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ်
ဒေါသကင်းအောင် ကြိုးစားမယ်။

မိမိစိတ်တွင် မောဟကိန်းလျှင်၊ 
မောဟကင်းစင် ဘုရားရှင်ကို ကြည်ညိုသဒ္ဓါဖြိုး ရှိခိုးလို့ရယ် 
မောဟကင်းအောင် ကြိုးစားမယ်။

(သံစဉ်ထည့်ကာ ဆိုကြည့်ပါ)




Monday, December 27, 2010

မွေးနေ့လက်ဆောင်

Happy Birthday to you!

အောက်ပါကဗျာလေးကို Face book မှ တကာမလေး တစ်ယောက်က မွေးနေ့လက်ဆောင် တောင်းလာသောကြောင့် ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ သူမက ပြောသည်။ သူမ ငယ်ပါသေးတယ်၊ အချစ်အကြောင်းကို စိတ်မ၀င်စားသေးပါ၊ ဒါကြောင့် ကဗျာရေးပေးလျှင် အချစ်အကြောင်း မပါစေနဲ့-တဲ့။ ဟုတ်ပါ၏။ ပြောလိုသည်မှာ အဆိုပါတကာမလေးကို အကြောင်းပြုပြီး ရေးဖွဲ့မိသော အဆိုပါ အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါး၊ ခွန်ရောက်-ဟူသော အလင်္ကာ-ကဗျာလေးနှင့်ကိုက်ညီစွာ မွေးနေ့လက်ဆောင် ကဗျာကို ရေးဖွဲ့ထားပါသည်။

တကာမငယ် ဆိုလိုသည်မှာ တစ်စုံတရာ တစ်ဦးတစ်ယောက်တည်းကိုသာ ချစ်တတ်တဲ့ အချစ်(လောဘ၊ တဏှာ)ကို ဆိုလိုဟန် တူပေမည်။ ဤကဲ့သို့ အချစ်အကြောင်း မပါပေမယ့် လောက(လူ့ရွာ)ကို ချစ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ဖို့၊ လောကပါလတရား(ဟိရီ၊ သြတပ္ပ)ကို စောင့်ရှောက်ဖို့ စသည့်စသည် ရည်ရွယ်သော အချစ်မျိုးနှင့် စာရေးသူက ရေးဖွဲ့ မိခဲ့ပါသည်။ ခံစားကြည့်ပါအုံး……..။

 
မွေးနေ့ကဗျာ

။ ။ ပင်လယ်ကြီးက၊ (အ)ရမ်းလှတယ်၊ မိုးလေမုန်တိုင်း ငြိမ်နေတယ်။
။ ။ ကောင်းကင်ထက်လည်း၊ သက်တန့်ကြွယ်၊ တိမ်မဲ့တိမ်ညို ကင်းရှင်းတယ်။
။ ။ ကမ္ဘာမြေကြီး၊ စိမ်းစေတယ်၊ သစ်ပင်တောတောင် ရှင်သန်တယ်။
။ ။ ပန်းရောင်စုံမြူး၊ ပွင့်ဖူးတယ်၊ ရာသီဥတု အလွန့်ကောင်းတယ်။
။ ။ လူသားမျိုးနွယ်၊ ငြိမ်းချမ်းတယ်၊ လောကတရား စောင့်ကြတယ်။
။ ။ ဒီလိုအခြေ၊ မြဲစေကွယ်၊ ဝေနေအားလုံး တောင်းတတယ်။
။ ။ မွေးနေ့ရှင်ရယ်၊ ပြုံးနေတယ်၊ ထာဝရပဲ မြင်ချင်တယ်။
။ ။ သက်တမ်းရာမို့၊ ရှည်လို့ရယ်၊ လောကကောင်းကျိုး ဆောင်ရွက်မယ်။
။ ။ ဖေဖေ မွေးမေ၊ ကျေးဇူးကွယ်၊ သမီး(သား)နေ့စဉ်ပို့သတယ်။
။ ။ စိန္တေဘုရားထံ၊ တောင်းဆုရွယ်၊ ဘ၀အမောငိမ်းစေကွယ်..။

ကျရောက်ပြီး၊ ကျရောက်ဆဲနှင့် ကျရောက်လတံ့သော မွေးနေ့ရှင်  အားလုံးကို ရည်ရွယ်ပါသည်….။


ကဗျာပါ ခက်ဆစ် ရှင်းလင်းချက်။          ။

 မဲ့- ကင်းမဲ့ခြင်း၊ မရှိခြင်း၊ ကင်းစင်ခြင်း
စိမ်းစေ- သစ်ပင်များ ပေါက်ရောက်နေသောကြောင့် ကမ္ဘာမြေ စိမ်းစိုနေသည်
အလွန့်- အလွန့်အလွန်၊ အလွန်ကောင်းသည်
လောကတရား- လောကပါလတရား(ဟိရီ၊ သြတပ္ပ)
ေ၀ေန- ေ၀ေနယ်သတၱ၀ါ၊ သက္ရွိသတၱ၀ါအားလုံး
မြဲစေ- ထာဝရတည်တံ့နေ၊
ရာမို့- သက်တမ်း ရာကျော်၊ အသက်တရာကျော်၊ မို့မောက်ကျော်လွန် သက်ရာကျော်
ပို့သ- မေတ္တာအားဖြင့် ပို့သသည်၊ မေတ္တာပို့သည်
ဘ၀အမော- ဆင်းရဲဒုက္ခ
ငြိမ်းစေ- နိဗ္ဗာန်

posted by dhammasami08

Sunday, November 21, 2010

အားကျမိသည်

 
အားကျမိတယ်

(I RESPECT HIM)

ရှင်တော်လက်ထက်၊ သမယချိန်ခါ၊
ဝဿာန်ကာလ၊ ဒီအချိန်မှာ၊
မိုးဖွဲ့ဖွဲ့ရွာ၊ အမိုးကာမရှိ၊
အထီးတည်းဖြင့်၊ အခင်းတစ်ခု၊
ကိုယ်ရုံတစ်ထည်၊ စိတ်အားမငယ်၊
တောင်ခြေနားပေါက်၊ သစ်ဝါးတစ်ပင်၊
ရင်ခွင်အောက်မှာ၊ မရှိချမ်းအေး၊
ပန်းပွင့်လေးဟု၊ လောကဓမ္မာ၊
စိတ်မှာမထား၊ သတိတရားဖြင့်၊
ရင်ငွေ့ပွေ့လျှက်၊ သူမွှေ့လျှော်၏။

 
ထိုနောက်တစ်ခါ၊ ရသီပြောင်းလည်း၊
ဟေမာန်ဆောင်းတွင်း၊ အမှီကင်းလျှက်၊
တောတွင်းနေရာ၊ ကျေးငှက်သရကာ၊
သံသာသီတေး၊ မကြားဘိသို့၊
တစ်နေ၀င်လျှက်၊ တစ်လထွက်ကာ၊
တစ်ဂူသို့ဝင်၊ တစ်စိတ်တည်းမို့၊
ဆိတ်ငြိမ်ရာဝယ်၊ မျက်လွှာမှိတ်လျက်၊
အဖေါ်ကင်းသော်၊ သူမွှေ့ပျော်၏။
တစ်ဖန်ရွှေ့လာ၊ နွေဦးကာလ၊
ဂိမှာန်ခတော့၊ လွင်တီးကြပ်မြေ၊
ပွန်းတီးပူလောင်၊ ဤသူတစ်ယောက်၊
မမှုလောက်ဘဲ၊ ရေအေးမကူ၊
ရေပူမကမ်း၊ စိတ်ဝယ်လန်းလျက်၊
ငြိမ်းအေးကာယ၊ တေဇာဟူက၊
မြူကဲ့သို့ထင်၊ သူ့ရင်ခွင်ဝယ်၊
ဓမ္မရေစင်၊ ခိုဝင်သွတ်သွင်း၊
ဒီဝင်းကိုဖြင့်၊ ဒီနှစ်မရက၊
နောင်နှစ်ဆက်ကာ၊ တစ်သက်တာလုပ်၊
နောက်မဆုတ်တမ်း၊ ခရီးလမ်းမျှော်၊
ဆိုးပြစ်သံသရာ၊ ကျွတ်လွှတ်ရာကို၊
မျှော်ကာမှန်းသည့်၊ အို…..ဘယ်ရဟန်း….။
ငြိမ်း ချမ်း လေစွ…ငြိမ်း ပေစွ……………

(ဒီဘ၀ ဒီခန္ဓာကို စွန့်ခြင်သည်)

posted by dhammasami08

Saturday, November 13, 2010

ကံကြမ္မာ

ကမ္မာပရာဓသတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။

အနယော နယရူပေန၊ ဗုဒ္ဓိမာကမျ တိဋ္ဌတိ။

Destiny

 ကံအဟုန်ညံ့က၊ ညာဏ်အစုံလည်း ကန်းရပ၊
ကံကြမ္မာ ဂြိုလ်စီးခဲ့လို့၊ ပျက်စီးဖို့လည်း နီးကပ်တာ၊
လမ်းမှန် လမ်းမှား ၀ိုးတ၀ါး၊ ဓားသွားပေါ်က ပျားရည်အလား၊
တားမရ ဓမ္မတာ၊ ငရဲခန်း တံခါးပွင့်လာ။
သို့ဖြစ်ပါ၍ သတိနှင့်ဆင်ခြင်ခါခါ၊
ကံညံ့ရင် ကံပြင်ပေါ့၊ ကုသိုလ်ပြုအခါခါ၊
ကံအဟုန်တောက်လာက၊ ညာဏ်အစုံးလည်း လန်းလာပ၊
အောင်ပန်းဆွတ်အခါခါ၊ အကျဉ်းစံဘ၀ လွတ်မြောက်တာ၊
ကိုယ့်ဘ၀ဟာ ကိုယ့်နှောင်အိမ်ပါ၊ ဖန်ခါခါ သိစမ်းကွယ်လေး။
နှောင်အိမ်ဘ၀ ရုန်းထွက်ကာ၊ ရှာစမ်းပေါ့ ဓမ္မကွယ့်လေး။
တက်လှမ်းပေါ့ မဂ်လမ်းမူ နိဗ္ဗူတိုင်ထိလေး..။

သတ္တ၀ါအားလုံး ဘ၀နှောင်အိမ်မှ ရုန်းထွက်နိုင်ကြပါစေ.....


 posted by dhammasami08

Saturday, October 16, 2010

ခရီးသည်

ပိုစ့်မတင်ဖြစ်တာ အလုပ်များနေလို့ပါ။ တစ်ပါတ်မှာ ပိုစ့်တစ်ပုဒ်တော့ တင်မယ်လို့ရည်ရွယ်ထားသည်။ သို့သော် လ၀က်ကျိုးသွားပြီ။ ဒီနေ့တော့ ပိုစ့်တစ်ပုဒ်ရေးဖြစ်သည်။ မြန်မာပြည်သို့ ပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက် လေယာဉ်ကွင်း လိုက်ပို့ပီးအပြန်ခရီးမှာ ကောင်းကင်ကို မော်ကြည့်ရင်း ခံစားမိတဲ့အတွေးများကို ချရေးမိခဲ့သည်။ ခံစားကြည့်ပါအုံး...။
 ခရီးသည် 


ညအခါ လသာသာ၊
တိမ်ကလေးတွေ သွားနေတာ၊
ကြယ်ကလေးတွေလည်း သွားလို့သာ၊
လေညှင်းလေးလည်း တိုက်ခိုက်လာ၊
ကောင်းကင်ပြင်ကို မော်ကြည့်ကာ၊
တွေးမိတဲ့ခဏတာ၊
အော်….ငါတို့တတွေလည်း ခရီးသွားတွေပါ။

လခြမ်းလေး ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
တိမ်ကလေးများ ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
ကြယ်ကလေးတွေ တော်တော်များ နုတ်မဆက်တော့ဘူးလား၊
လေညှင်းလေးလည်း ဘယ်ဆီများ နုတ်မဆက်တော့ဘူးလား။

နုတ်မဆက်တာ စိမ်းကားသလား၊
နုတ်ဆက်ပြန်တော့ လွမ်းကျန်မလား၊
သံယောဇဉ်များ သယ်ဆောင်မလား၊
နှောင်ဖွဲ့မှုတွေ တွယ်ကျန်သလား၊
အို…..ငါတို့ခရီးသွား..။

ဦးတည်ရာ ရည်ရွယ်ချက်တွေ ထားထားပါ၊
မလျှော့မတင်း ဇွဲမှန်မှန်ဖြင့် ဆက်သွားပါ၊
မုချတစ်နေ့ ပန်းတိုင်ဆီကို ရောက်နိုင်မှာ၊
လောကဓမ်တရား တွေ့ကြုံလာ အဲဒါ သဘာဝပါ၊
ရဲရဲတင်းတင်း ရင်ဆိုင်ပါ ခက်ခဲမှုတွေ ဆုတ်သွားမှာ၊
အားငယ်စရာ မရှိပါ အတွေ့အကြုံကို အသုံးပြုပါ၊
တစ်နေ့မုချ အောင်မြင်လာ ဘ၀အမောတွေ ပြေသွားမှာ၊
ငြိမ်းချမ်းခြင်းတို့ ရောက်လို့လာ ချမ်းသာမှုတွေထွေးပိုက်ကာ၊
လောကကောင်းကျိုး သယ်ဆောင်ပါ လူသားတို့ရဲ့တာဝန်ပါ၊
ဘ၀အနှစ်သာရများ တွေ့ရမှာ လူဖြစ်ရကျိုးနပ်သွားမှာ။

လောကကြီးဟာ ငြိမ်းအေးလာ ငါတို့ဘ၀တွေ လွတ်မြောက်ရာ၊
ခရီးကိုယ်စီ ထွက်လို့လာ ရောင်နီးဦးဆီ ရောက်ပြီကွာ။
ငါတို့များဟာ ခရီးသည်တွေမဟုတ်ပါလား…………………………..။…..။

လာရောက်မျှဝေခံစားသူများကို ကျေးဇူးအထူးတင်ပါသည်။

Friday, September 24, 2010

အရိပ်

ဆရာ့အရိပ်

ဘုရားရိပ်သည် အေးမြဆုံး ဖြစ်သည်။
ထို့နောက် တရားရိပ်၊ သံဃာရိပ်။
မိဘ၊ ဆရာသမား အရိပ်၊ အရိပ် အရိပ် အရိပ်။

အရိပ်ပြယ်က၊ အေးမြမှု၏ အရသာကို သိလိမ့်မည်။
အပူထဲက၊ ပြန်လာမှ ရေတစ်ခွက်ရဲ့၊ အနက်ကို သဘောက်ပေါက်မည်။
သို့သော်….. သို့သော်…….
ညောင်ပင်ကြီးအောက်၊ ရေတစ်ပေါက်သောက်ဖို့၊ အရိပ်ခို။
ခိုသောအရိပ်၊ တစ်ခဏစိတ်မျှ၊ အေးမြမှုကို၊ ပေးနိုင်သည်။

ဆရာ့စေတနာ၊ မေတ္တာ ပညာ၊
အရိပ်ပမာ၊ တပည့်တို့မှာ။
ပညာလက်နက်၊ စွဲကိုင်လျှက်။

ဆရာ့မေတ္တာ၊ ခံယူလျှက်ပင်၊ ပညာရင်နို့၊
သောက်စို့ခဲ့၊ ဆရာ့အရိပ် အေးမြခဲ့။


ဆရာ့စေတနာ၊ သတိရလျှက်၊
ဆရာ့ဆရာထက်၊ သာသည့်အချက်၊ ဆရာ့ဆန္ဒ၊ မပြည့်ဝလျှက်၊
လောကကျိုးတွက် မျှော်လင့်ချက်၊ မျိုးဆက်သစ်တို့၊ ထားရစ်လျှက်။
ဆရာ့ဆရာ ပီသလျှက်၊ အိုမင်းဇရာ၊ မလွန်ဆန်ရစ်၊
နာရာဗျာဓိ၊ ဖိစီးလျှက်။

၂၀၁၀-ဒီနှစ်ပင်၊ စက်တင်ဘာလ၊
နှစ်ဆယ့်သုံးရက်၊ သာယာလျှက် ဒီနံနက်၊
မရဏခံတွင်း၊ သက်ဆင်း၏။

လောကအတွက်၊ မျက်တစ်လုံးကွယ်၊
ကြယ်ကြီးတစ်ပွင့်၊ ကြွေလွင့်တယ်။
တပည့်များရင်မှာ သောကကြွယ်။
သက်ဆုံးတိုင်ပင်၊ အောင့်မေ့ဘွယ်။
သူလို ဆရာ ရှားလိမ့်မယ်။

သို့သော်လည်းကွယ်၊ မျိုးဆက်သစ်တို့၊ လက်ကမ်းတယ်။
ဆရာ့အရိပ်၊ မပျောက်ကွယ်။ ဆထက်ကြိုးကာ၊ တိုးပွါးမယ်။
တပည့်အပေါင်းတို့ ဆုတောင်းတယ်။
ဆရာ………………ကောင်းရာသုဂတိ လားစေကွယ်………..။



 (သားဂျာနယ်ကျော် ဆရာမိုးဟိန်းအတွက် အမှတ်တရ ရေးဖွဲ့သည်)

Sunday, September 5, 2010

ငါ့ဘ၀နဲ့ငါ


“မပြောင်းလဲသော ငါ့ဘ၀ ငမည်း”

ငါ့ဘ၀….. ငမည်းဘ၀…        
မွေးတုန်းကလည်း ငါ အမည်းလေးပါ၊ ကြီးလာပြန်တော့ မည်းလျက်ပဲပေါ့၊
နေပူထဲထွက်လည်း မည်းမြဲမည်း၊ ငါကြောက်လန့်မိချိန် ငါကိုယ်တိုင် မည်းမှောင်၊
နေမကောင်းဖြစ်လည်း မည်းမည်းမည်း။ ငါသေချိန်အထိ မည်းတုန်းပဲ။
ကဲ ဒါနဲ့ အဖြူရောင်ရဲဘော်ရေ မင်းမှာတော့ကာ…..
မင်းမွေးတော့ ပန်းရောင်လေး၊ ဒါပေသိ မင်းကြီးလာတော့ အဖြူရောင်ပြောင်း၊
နေပူထဲမှာတော့ အနီးရောင်ခံ၊ မင်းအအေးမိရင် ပြာပြာရောင်ဖြစ်၊
မင်းကြောက်လန့်တဲ့ခါ အ၀ါရောင်ပြောင်း၊ အစိမ်းရောင်ပြောင်းရင် နေမကောင်းဖြစ်၊
နောက်ဆုံး သေတာတောင်မှ မီးခိုးရောင်၊ ပြောင်းပြောင်းနိုင်တဲ့ မင်းနော်၊
 ဒါတောင် မင်းက ငါ့ကို “ကပြား” ခေါ်ရသလား။
(မည်း=ဲ - အနက်)

(၂၀၀၈ အတွက် အကောင်းဆုံး UN အသိအမှတ်ပြု  အောက်ပါကဗျာကို ဆီလျှော်အောင် ရေးဖွဲ့ထားသည်။)
  • When I born, I black
  • When I grow up, I black
  • When I go in Sun, I black
  • When I scared, I black
  • When I sick, I black
  • And when I die, I still black
  • And you white fellow
  • When you born, you pink
  • When you grow up, you white
  • When you go in Sun, you red
  • When you cold, you blue
  • When you scared, you yellow
  • When you sick, you green
  • And when you die, you gray
  • And you calling me colored?

Thursday, August 5, 2010

လက်တွဲညီညာ ပြုသာသနာ

  • ဘိုးဖွားလက်ထက်၊ မပျက်သာသနာ၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်လာ၊ မတိမ်ကောဖို့၊ စိတ်စောကြပါ၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သာ။
  • မိဘလက်ထက်၊ မပျက်သာသနာ၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်လာ၊ မတိမ်ကောဖို့၊ စိတ်စောကြပါ၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သာ။
  • ဆရာ့လက်ထက်၊ မပျက်သာသနာ၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်လာ၊ မတိမ်ကောဖို့၊ စိတ်စောကြပါ၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သာ။
  • ဘိုးဖွားလက်ထက်၊ မပျက်ကျောင်းကန်၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်ပြန်၊ မတိမ်ကောဖို့၊ စိတ်စောကြရန်၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သန်။
  • မိဘလက်ထက်၊ မပျက်ကျောင်းကန်၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်ပြန်၊ မတိမ်ကောဖို့၊ စိတ်စောကြရန်၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သန်။
  • ဆရာ့လက်ထက်၊ မပျက်ကျောင်းကန်၊ ငါတို့လက်တွင်း၊ သက်ဆင်းရောက်ပြန်၊ မတိမ်ကောဖို့၊ စိတ်စောကြရန်၊ ဒို့ဝန်ရှိ အသိညဏ်ဖြင့်သန်။
  • ငါ့တို့ခေတ်မှ၊ မညံ့စေရာ၊ ပြည်တွင်းပြည့်ပ၊ သုတဖွေရှာ၊ နည်းသစ်များနှင့်၊ ထပ်လောင်းမွမ်ကာ၊ ရှည်လျှားကြာမြင့်၊ တည်တံ့ဖို့ရာ၊ ငါတို့ကမ္ဘာ၊ ဒို့သာသနာ၊ ပြုကြစို့ လက်တွဲညီညွတ်စွာ။

Friday, July 23, 2010

အမှားအမှန်

အမှားကိုမြင်၊ အမှန်ပြင်သင့်၊ သို့သော်ငြားလည်း၊ ပြင်လေမှားလေ၊
မှားလေဝေးလေ၊ မနီးစပ်ပေ၊ အမြင်မှန်ကို၊ ရခြင်မိသည်။

အမှန်ရှိလျှက်၊ အမှန်မမြင်၊ အမှန်ကိုမှား၊ သူကားထင်မိ၊ 
အမှန်သို့သွား၊ မှားမြဲမှားပေါ့၊ ဘယ်နားသူမှား၊ သူကားမခြင်၊ 
အမြင်မှန်ကို၊ ရခြင်မိသည်။

သဘာဝတရား၊ မမှားဘူးလား၊ တရားဓမ္မ၊ အမှန်ချည်းလား၊ 
ထိုကားအမှန်၊ ဒါကအမှား၊ ခွဲခြားဖို့ရန်၊ ညဏ်အခြေခံ၊ ဧကန်ရှာသင့်ပြီ။

ညဏ်ဆိုသည်ကား၊ အကောင်းအဆိုး၊ အကြောင်းအကျိုး၊ အမှားအမှန်၊ 
ဝေဖန်ခွဲခြား၊ တတ်သိသဘော။

လူမှန်ရပ်မှန်၊ ရှေးကောင်းမှုမှန်၊ စိတ်ထားမှန်မှန်၊ အကျိုးပေးသန်၊
မှန်မှန်ကန်ကန်၊ လမ်းသင့်မှန်ကို၊ နည်းသစ်ခံကာ၊ လျှောက်သင့်ပြီတည်း။

Monday, July 5, 2010

စိတ်ကြည့်မှန်(၁)


ဓမ္မအားလုံး၊ စိတ်ကရှေ့ဆောင်၊
စိတ်သည်အကြီး၊ စိတ်ဖြင့်ပြီးသည်၊
ပြစ်မှားစိတ်တွင်း၊ ပြောပြုခြင်းကြောင့်၊
ထိုပြုသူ့ကို၊ ဆင်းရဲများထို၊ လိုက်၏ဆိုကြ။
ဗုဒ္ဓမြတ်စွာ ၊ ဟောလတ်သည်မှာ၊
ဘိက္ခဝေတို့၊ နွားခြေရာနောက်၊
စဉ်ဆက်ရောက်သည့်၊ လည်းဘီးအစုံ၊
ပမာမယွင်း၊ မှတ်လေမင်းတည်း။
All mental phenomena have mind as their forerunner;
they have mind as their chief;
they are mind-made.
If one speaks pr acts with an evil mind,
‘dukkha’ follows him just as the wheel follows the hoof-print of the ox that draws the cart.
(Verse-1, Dhammapada)

Tuesday, June 22, 2010

ဘ၀နှင့်ဆန္ဒ

ဘ၀နှင့် ဆန္ဒ

အခုဆိုရင်၊ နှစ်ဝက်ကျော်လှစ်၊
နှစ်နှစ်နီးပါး၊ တစ်ကိုယ်တည်းပါ၊
အခန်းကျဉ်းမှာ၊ အဖော်မဲ့လျဉ်း၊
ဘေးဝန်းကျင်၌၊ ဆွေမျိုးမရှိ၊
ပျင်းရိငြီးငွေ့၊ ငယ်ချင်းမရှိ၊
ခြောက်သွေ့လ၏၊ တစ်နေ့နေ့မှာ၊
ပြန်ဆုံခွင့်လေး၊ မျှော်လင့်ရင်း ဖြေသိမ့်။

နံနက်ခင်းလေး၊ ကော်ဖီခါးသက်၊
အတွေးနက်နက်၊ လျှပ်တစ်ပြက်လေး၊
ဟိုအဝေးကို၊ မရေရာငေး၊
အနာဂတ်ရေး၊ ပုံဖော်ကာကြည့်၊
ဘ၀ါဆန္ဒ၊ ပြည့်စုံချင်၏။

စောင့်ထိမ်းရင်းဖြင့်၊ ဖြည့်ကျင့်ကာနေ၊
ဖြည့်ဆည်းပြီးတော့၊ ပြည့်ဝလာပေ၊
လောကအကျိုး၊ ရှေးရှုကာလေ၊
သင့်ရာဒေသ၊ ဆောင်ရွက်ကောင်းထွေ၊
မျိုးဆက်သစ်တို့၊ တိုးတက်ရစ်စေ၊
မွန်မြတ်စိတ်ဝေ၊ ဘ၀ါဘဝေ၊
မြင့်မြင့်ပါပေ၊ ဆန္ဒာပြည့်ဝ၊
လူဖြစ်ကျိုးနပ်ပါစေ။

Thursday, February 18, 2010

အလှဆင်နည်း


လက်ကိုလှအောင်၊ ပြုပြင်စရာ၊ လက်စွပ်လက်ကောက်၊ မဟုတ်ရပါ။
စွန့်ကြဲပေးကန်း၊ လှူဒါန်းခြင်းသာ၊ ဘ၀တိုင်းပါ၊ လှအောင်ပြုနိုင်မှာ။
       နားကိုလှအောင်၊ ပန်ဆင်ရတာ၊ နားကပ်နားဒေါင်း၊ မဖြစ်သင့်ပါ။
       ဓမ္မတရား၊ နာကြားခြင်းသာ၊ ဘ၀ဆင့်ဆင့်၊ လှစေမှာပါ။

နှုတ်ခမ်းသားကို၊ လှအောင်ပြုသူမှာ၊ ရောင်စုံဆိုးဆေး၊ မဟုတ်ရပါ။
ယဉ်ကျေးချိုသာ၊ မှန်ကန်စွာပြော၊ ရွတ်ပါဖတ်ပါ၊ တရားမှန်စွာ။

ခန္ဓာကိုယ်ကို၊ လှအောင်ချယ်သတာ၊ ဘယက်တန်းဆာ၊ မဟုတ်ရပါ။
သီလလည်းရှိ၊ စည်းကမ်းရှိ၍၊ ယဉ်ကျေးလိမ္မာ၊ မေတ္တာစေတနာ၊
အများကျိုးပါ၊ သယ်ကာသူပိုး၊ လူကြီးသူမ၊ ရိုသေစွာဖြင့်၊ လေးစားခယ၊
လုပ်ကြွေးမှသာ၊ ကိုယ်ခန္ဓာ၊ ပြင်ဆင်တိုင်းလှ၊ ပြင်တိုင်းလှနေမှာပါ။
(အားလုံးဘ၀ကို အလှဆင်နိုင်ပါစေ)

Thursday, January 21, 2010

ဗုဒ္ဓ၀င်လင်္ကာ

  • ကဆုန်လပြည့်၊ နေ့သောကြာ၊ ဘုရားဖွားတဲ့ နေ့မြတ်ပါ။
  • သက္ကရာဇ်မှာ၊ ခြောက်ဆယ့်ရှစ်၊ သုဒ္ဓေါမိဘစစ်။ 
  • မာယာဒေ၀ီ၊ မွေးမယ်တော်၊ ကပိလ၀တ်နေပြည်တော်။
  • သာကီမျိုးနော်၊ ထင်ရှားလ၊ နွယ်တော်ဂေါတမ။
  • သိဒ္ဓတ္ထတဲ့၊ မည်နာမံ၊ ဆယ့်ခြောက်နှစ်မှာ ထီးနန်းစံ။
  • နှစ်ဆယ့်ကိုးမှာ၊ တောထွက်သွား၊ ခြောက်နှစ်ကျင့်တရား။
  • သုံးဆယ့်ငါးနှစ်၊ ပြည့်လေတုံ၊ တစ်ရာ့သုံးခုကြုံ။
  • လပြည့်ကဆုန်၊ ဗုဒ္ဓဟူး၊ ဘုရားဖြစ်တဲ့ နေ့အထူး။
  • တရားဦးမြတ်၊ စက်ဓမ္မေ၊ ၀ါဆိုလပြည့် ဟောစနေ။
  • သက်ရှစ်ဆယ်ပြည့်၊ တိုင်အောင်ထိ၊ သာသနာကျိုး သယ်ပိုးဘိ။
  • သောင်းထိုက်မှုးကြီး၊ တို့မြတ်စွာ၊ ဘုံသုံးပါးမှာ ထင်ရှားလာ။
  • လူ၊ နတ်၊ ဗြဟ္မာ၊ လွန်ကျော်ကြား၊ အားကိုးထိုက်တဲ့ ဒို့ဘုရား။
  • ဒို့ဘုရား.... ဒို့ဘုရား.... အားကိုးထိုက်တဲ့ ဒို့ဘုရား..........။

Monday, January 18, 2010

ဦးတင်ပါသည် ကျွန့်သခင်

“မသိတုန်းက၊ ချိန်ဖြုန်းရက်ကြာ၊
သိလျှင်ပယ်မှု၊ ဘယ်သူ့တွက်တာ၊
ကိုယ့်အရေးမို့၊ မျော်တွေးခါခါ၊
လူဖြစ်ရဘ၀၊ တန်ဖိုးရှာ။”
( ဒီအလင်္ကာဖြင့် ကျေးဇူးရှင်ဆရာတော်များအား ကန်တော့ပါသည်။)


ဘုရားရှင်တော်၊ မပွင့်ပေါ်က၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘုံဘ၀၊ မသိကြရ၊ များလအဖြစ်တွေ။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟော်ဖော်ညွန်ကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်ဟု၊ ထိုထိုဘုံဘ၀၊ သိကြရ များလကျေးဇူးတွေ။


ကျေးဇူတော်အရှင်၊ ကျွန့်သခင်ကို၊ နေ့ညမပြတ်၊ လွန်ညွတ်ဝပ်၊ အသိညဏ်များ ပွင့်ပါစေ။

Tuesday, January 12, 2010

မြန်မာဗုဒ္ဒ္ဒဘာသာများသို့


မျိုးရိုး၊ ဘာသာ ချစ်တတ်ပါ

နတ်သုဒ္ဒါတမျှ၊ ချိုစိမ့်လှသည့်
ဗန္ဒရသရက်၊ နွယ်ခါးယှက်၍၊
အသက်ဆုံးရှုံး၊ မျိုးတုံးခဲ့ရ
ရှေးသာဓက၊ ရှိခဲ့ကြ၏။

ဒို့အမျိုးဘာသာ၊ သာသနာသည်

Wednesday, December 23, 2009

ကဗျာ အတွေး(၂)

ဒီဇင်ဘာအမှတ်တရ
အဟောင်းကိုပြင်၊ တွေးထင်မရ၊ အသစ်ဟူ၏သို့။
ရွက်ဟောင်းဟူက၊ မြေသို့ခ၊ ရွက်သစ်ကော မကြွေပီလော။
ဖြစ်လာရင်တော့၊ ပျက်စမြဲ၊ ရှောင်လွဲမရသဘာဝ။
တည်မြဲရုပ်နာမ်၊ ရှိရိုးမှန်က၊ ဘယ်လိုဘေးကို ကြောက်မည့်နည်း။
နှစ်ဟောင်းထိုမှ၊ နှစ်သစ်သို့။
မိုးတွင်းလွန်တော့၊ ဆောင်းဝင်လို့။
နှင်းတွေဝေတဲ့လ ဒီဇင်ဘာ
အမှတ်တရ။



Tuesday, December 22, 2009

ကဗျာ အတွေး(၁)

ပေါ့ပေါ့တွေးတော့၊ လန်းဆန်းတယ်၊ ထင်မိပေဘူးလား။
နက်နက်တွေးပြန်တော့၊ ခေါင်းစားတယ်၊ ညဏ်မမှီသေးဘူး။
လွတ်လွတ်လပ်လပ်၊ တွေးကြည့်တော့၊ ဖမ်းဆီးဥပဒေရှိပါဘူး။
ပေါ့ပေါ့ပါးပါး၊ ရေးခြင်တယ်၊ ရေးစရာပြုံလို့။
ထိထိမိမိ၊ ရေးချင်တယ်၊ ကာရန်ညှိခက်လို့စိတ်အိုက်။
စိတ်ရှိတဲ့တိုင်း၊ ရေးချတယ်၊ စာရွက်မလောက်တော့။
တွေးတဲ့အတိုင်း၊ ရေးမိရင်၊ အတွေးတိုင်းမှန်ပါ့မလား။
ရေးတဲ့အမှား၊ ဖေါ်ပြရင်၊ ပြန်ပြင်လို့ရအုံးမလား။
နှူတ်တရာမှာ၊ စာတစ်လုံး၊ ညီမျှခြင်းတူနေတော့။
အင်း----စာတစ်ပုဒ်ကို
အတွေးမပါဘဲ ရေးရင်ကောင်းမယ်။