Thursday, November 25, 2010

ကိုယ်ပိုင်ကာကွယ်ရေး


Made protect by yourself
အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ဘာသာတစ်ခုမဟုတ် တစ်ခုခုကိုတော့ ကိုးကွယ်ဆည်းကပ်ကြစမြဲ ဖြစ်ကြသည်။ အဓိကထင်ရှားသော ဘာသာကြီးလေးရပ် ရှိပေသည်။ ၎င်းတို့မှာ လူဦးရေအများဆုံးမှ စရေတွက်လျှင် ၁။ ခရစ်ယန်ဘာသာ၊ ၂။ မွတ်ဆလင်ဘာသာ၊ ၃။ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့ ဖြစ်ကြသည်။ ဆိုင်ရာကျမ်းဂန်တို့၏အဆိုအရ ဘာသာတရားတိုင်းသည် သူဟာနှင့်သူ ကောင်းမွန်သန့်ရှင်းကြလေသည်။ ဘာသာဝင်များက ဘာသာရေးခေါင်းဆောင်များကို ယုံကြည်ကြသကဲ့သို့ ဟောပြောချက်များကိုလည်း လိုက်နာကျင့်ကြံကြလေသည်။ သို့သော်လည်း အခုမျက်မှောက်မှာတော့ ကနဦးတည်ထောင်သူ ဘာသာရေးခေါင်းဆောင်သည် မည်သည်ဘာသာတွင်းမှ မရှိတော့ပေ။ ကွယ်လွန်သွားကြပီး ဖြစ်ကြလေသည်။
ဘာသာတရားကို စတင်ကိုးကွယ်ဆည်းကပ်ခြင်း၏အစသည် အကြောက်တရားပင် ဖြစ်သည်။ အကြောက်တရားကြောင့် အားကိုးရာ ရှာသည်။ အာရာမရုက္ခစေတယျာနိ မနုဿာ ဘယတဇ္ဇိတာ- လူသားတို့သည် အကြောက်တရားလွမ်းမိုးခံရသောကြောင့် အာရာမ်၊ သစ်ပင်၊ တောတောင်နှင့် စေတီတို့အား ကိုးကွယ်ဆည်းကပ်ကြလေသည်-ဟု မြတ်စွာဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။
ရှေးခေတ်က လူသားတို့သည် လျှပ်စီး၊ မိုးကြိုး၊ မုန်တိုင်းကျသည်ကို ကြောက်သည်။ မီးကို ကြောက်သည်။ စွန်ကြီး၊ သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီးများကို ကြောက်ရွဲ့ကြသည်။ ထိုအရာများကို ကိုးကွယ်ရာ အားကိုးရာအဖြစ် သတ်မှတ်ကြသည်။ အခုခေတ်လည်း အရပ်ဒေသအချို့မှာ ကိုးကွယ်ပသ ပူဇော်နေကြတုန်းပင် ဖြစ်သည်။
ဘုရားရှင်ပွင့်တော်မမူခင် အထက်ပါကိုးကွယ်မှုများအပြင် ဟိန္ဒူဘာသာသည် အိန္ဒိယတစ်ခွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ဘီစီ-၆ရာစုမှာ ကျွန်ုပ်တို့ မြတ်စွားဘုရားပွင့်တော်မူ လာခဲ့သည်။ ထို့နောက် ခရစ်ယန်ဘာသာ၊ ထို့နောက်မှ မွတ်ဆလင်ဘာသာ အစဉ်အတိုင်း ပေါ်ပေါက်လာကြသည်။ (မှတ်ချက်။ ။ သမိုင်းကို တင်ပြမည် မဟုတ်သောကြောင့် ခုနှစ်သက္ကရာဇ်များ မထည့်တော့ပါ။)
စာဖတ်သူများ နည်းနည်းတော့ မျက်စိလည်သွားမည် ထင်ပါသည်။ ဘာကို တင်ပြချင်တာလဲ… စဉ်းစားနေတော့မည်။
မှန်ပေသည်။ ဘာသာရေးခေါင်ဆောင်မရှိတော့သည်က တစ်ကြောင်း၊ နှစ်တွေကြာလသည်က တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် ဘာသာတရားတစ်ခု၏ မှန်ကန်မျှတခြင်းကို ဘယ်လိုပေတံဖြင့် တိုင်းတာကြမည်နည်း။ စဉ်းစားပေးကြပါ။ မည်သည့် စံနှုံးဖြင့်တိုင်းတိုင်း အဓိကမှာ ကိုယ်တိုင်သုတေသနလုပ်ကြည့်ဖို့ပင် ဖြစ်ပေသည်။ ဘာသာတရားကို စတင်တည်ထောင်သူမရှိ၍ ဒီဘာသာတရားကို တိုင်းတာဖို့က ၎င်းကိုယ်တိုင် ဟောကြားခဲ့သော တရားသည် ဒေါက်တိုင်၊ ချိန်ခွင်၊ မှန် ဖြစ်လေသည်။
မြတ်စွားဘုရားဟောကြားခဲ့သော တရားတော်များကို အဘိဓမ္မာသင်္ဂဟကျမ်းလာအတိုင်း ခွဲခြမ်းကြည့်မယ်ဆိုရင် လောကီတရားနှင့် လောကုတ္တရာတရားဟူ၍ နှစ်မျိုးနှစ်စား တွေ့ရမည် ဖြစ်လေသည်။ လောကီတရားဟူသည်မှာ တရားထူးကို မရသေးသူ၊ ထိုသူတို့အတွက် တရားထူးရရှိရန် ဟောဖော်ညွန်ပြ ဆိုဆုံးမထားခဲ့သော ဒေသနာတော်များ ဖြစ်ပေသည်။ တနည်းအားဖြင့် ပုထုဇဉ်နှင့် သက်ဆိုင်သော သဘာဝဖြစ်စဉ်နှင့် ဒေသနာစဉ်များ ဖြစ်ကြသည်။ လောကုတ္တရာတရားဟူသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် ဒေသနာစဉ်အားဖြင့် သက်ဆိုင်သော်လည်း သဘာဝဖြစ်စဉ်အားဖြင့် သာလွန်မြင့်မြတ်သောကြောင့် အရိယာပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုသော သဘာဝဖြစ်စဉ်များ ဖြစ်ကြလေသည်။
ထိုထုပုဇဉ်ပုဂ္ဂိုတို့သည် လောကီဘောင်ထဲတွင်နေထိုင်ပြီး ကိစ္စအ၀၀ကို ဆောင်ရွက်ရတတ်လေသည်။ ထိုအခါ အကြောက်တရားသည် မသိမသာ၊ သိသိသာသာပင် လွမ်းမိုးခံနေရတတ်ပေသည်။ ထိုအခါ လူသားတို့သည် အကြောက်ကင်းပီး ချမ်းသာစွာနေနိုင်ရန် အားကိုးရာတစ်ခုခုကို ဘာသိဘာသာ လက်ခံလိုက်ရတတ်သည်။
ဘာသိဘာသာလက်ခံထားသောကြောင့် ဘာသာဘာဝပဲ နေကြသည်။ နှစ်နှစ်ကာကာ စွဲစွဲလန်းလန်း သက်ဝင်ယုံကြည်မှု မရှိပေ။ ဤကဲ့သို့ ဘာကြောင့်ဖြစ်လေသနည်း ဟူသော်…. အကျိုးတရားကို မခံစားရသေးကြောင့်ဟု ယေဘုယျဆိုရပေမည်။ အကျိုးခံစားရလေအောင်း အကြောင်းတရားကိုကော လုပ်သလား။ ကျွန်ုပ်တို့ စဉ်းစားခန်း ၀င်သင့်ပီတည်း။
ဘာကိုလုပ်ရင် ဘာတွေဖြစ်မလဲ။ မသိသောကြောင့် မလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘာသာတရား၏ စစ်မှန်ခြင်းကို တိုင်းတာဖို့ဆိုရင် ကိုယ်တိုင် သုတေသနလုပ်ဖို့ လိုအပ်ပါသည်-ဟု အထက်မှာ တင်ပြခဲ့ပြီး ဖြစ်လေသည်။ တရားထိုင်ချင်သူများ တရားထိုင်ပေါ့။
ကဲ့.. လက်တွေ့သုတေသနလုပ်ရအောင် စာရေးသူက အပေါ်ဆုံးမှာ ဂါထာစုဏ္ဏိယပါဠိလေး ပေးထားပါသည်။ ပြန်ကြည့်လိုက်ပါအုံး။ မြတ်စွာဘုရားနုတ်တော်ထွက် တရားသားစစ်စစ်ဖြစ်ပါ၏။
အခါတစ်ပါး မြတ်စွာဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်ခြေ အရိပ်အ၀ါသကောင်းသော နေရာဝယ် ခေါက်တုံ့ခေါက်ပြန် စကြံလျှောက်တော်မူနေသည်။ ထိုအခါ ဒေ၀ဒတ္တ(ရဟန်း)သည် ဘုရားရှင်ကို သေစေရန် ဂိဇ္ဈကုဋ်တောင်ထိပ်ကနေ၍ ကျောက်တုံးကြီးဖြင့် လှိပ့်ချကာ လုပ်ကြံလေသည်။ သို့သော် မြတ်စွားဘုရားပေါ်သို့ ကျောက်တုံးကြီး မကျလာခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စွန်းကြီးနှစ်ခု ထွက်လာကာ ကျောက်တုံးကြီးကို ကာကွယ်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။ ဒါပေမယ့် ထိုနှင့်ထိခိုက်မိကာ ပဲ့ထွက်လာသော ကျောက်စကျောက်နကလေးတစ်ခုသည် မြတ်စွာဘုရာ၏ခြေတော်အား လာထိခိုက်သဖြင့် ခြေတော် သွေးချည်အုသွားခဲ့သည်။ ထိုအခါ မြတ်စွဘုရားသည် တောင်ပေါ်မျှော်ကြည့်တော့ ဒေ၀ဒတ်ကို တွေ့သွားသည်။ ထိုအခါ မြတ်စွာဘုရားက.. (မောဃပုရိသ)အလကားကောင်.. သင်သည် ဘုရားရှင်အား သွေးစိမ်းတည်စေသော မကောင်းမှုကို လုပ်လိုက်ပီ။ ငါ့ကို သေစေခြင်သော်လည်း ငါ မသေ.ဟု မိန့်တော်မူသည်။ ထိုအကြောင်းကို ရဟန်းတော်များ သိကြသောအခါ မြတ်စွာဘုရားအား စောင့်ရှောက်ရန် ပရိတ်ရွတ်သူရွတ်၊ ပတ်ဝန်းကျင် လှည့်လည်စင်္ကြ့လျှောက်နှင့် ဆူညံနေလေသည်။ မြတ်စွာဘုရား ကြားသိတော်မူ၍ အာနန္ဒာမထေရ်အား ရဟန်းတော်များကို ခေါ်ခိုင်းတော်မူသည်။

ရဟန်းတော်များရောက်လာသောအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ.. အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။ (ဧတေန သစ္စ၀ဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ)
အဓိပ္ပါယ်ကား… ချစ်သားရဟန်းတို့ သူတစ်ပါးလုံးလပယောဂဖြင့် ဘုရားရှင်တို့အား အသက်ဆုံးရှုံးရခြင်းမှာ ထုံးစံမရှိ၊ အခွင့်မရှိ၊ မဖြစ်နိုင်၊ မြတ်စွာဘုရားရှင်တို့မည်သည် သူတစ်ပါးလုံးလကင်း၍ ပရိနိဗ္ဗာန်ဝင်စံမြဲ ထုံးစံတည်း။ (ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အချိန်ပြည့် ဘုရာရှင်ကဲ့သို့ ဖြစ်ပါစေ) ဟူ၍ ဖြစ်၏။

အထက်ပါဘုရားစကားတော်ကို စာရေးသူသည် စာသင်သားဘ၀ကပင် အလွတ်ကျက်ပီး အိပ်ရာဝင်တိုင်း၊ ခရီးထွက်တိုင်း ရွက်ဖတ်သရဇ္ဈာယ်လေ့ ရှိပါသည်။ ညအိပ်ခရီးထွက်ရင်လည်း အိပ်ပျော်နေရင် မရွတ်မိမှာစိုး၍ လွယ်အိပ်မှာ ဘောလ်ပင်ဖြင့် ရေးထားသေးသည်။ ကြောက်တတ်လိုက်သည်မှာ လွန်ပါ၏။
အထက်ပါ ပါဠိကို မရွတ်တတ်လျှင် နေပေ့စေ၊ စာရွက်လေးမှာ ရေးထား၍ ဆောင်ထားရုံဖြင့် လေယာဉ်ပျက်ကျသော်လည်း အသက်မသေဘဲ လွတ်မြောက်လာသူအကြောင်းကိုလည်း ဖတ်မှတ်ဖူးပေသည်။
ယခုခေတ်ဝယ် အန္တရာယ်အလွန်များလသည်။ ကာ၊ ရထား၊ လေယာဉ်ပျံ၊ အသေခံဗုံးခွဲစသည်ဖြင့် နေရာမရွေး၊ အချိန်မရွေး တွေ့ကြုံနိုင်ပေသည်။ သို့သော်လည်း သမုဒ္ဒရာ၊ ၀မ်းတစ်ထွာမို့ မကြောက်အား မလန့်အား ရုန်းကန်လှုပ်ရှား စီးပွားရှာရသည်။ သို့သော် စိုးရိမ်ထိန့်လန့်မှုကား မပျောက်သွားပေ။ မည်သို့ဆိုပါစေ မိမိတို့မှာ အားကိုးရာ၊ ကိုးကွယ်ရာ တစ်ခုခု (ဥပမာ-ရတနာသုံးပါစသည်) ရှိထားပါက စိတ်သက်သာရာ ဖြစ်နေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်-ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ထားမှ ဘေးကြုံလာသောအခါ သက်သာရာ ရပေမည်။ မကြုံလာခဲ့သော်… ဤသို့ကား ကံသေကံမ မပြောနိုင်ပေ။ လုပ်သမျှတော့ ကုသိုလ်ရနေပေသည်။ ကုသိုလ်များများထုံလာခဲ့လျှင် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
ထိုကြောင့် စာဖတ်သူများအား ကျွန်ုပ်ပေးလိုသော မစ်ဆေ့စ်မှာ.. ဘုရားရှင်၏တရားတော်များ အားလုံးအစွမ်းထက်တာချည်းပင် ဖြစ်ပါသည်။ သို့သော် ကိုယ်နှင့်သဟဇာတ လိုက်ဖက်သော ကျင့်ဝတ်တစ်ခုခုကိုတော့ လက်လွတ်မခံဘဲ ကျင့်သုံးသင့်ပါကြောင်း..။

နိဗ္ဗာန်မရခင်စပ်ကြား ဘေးအန္တရာယ်ကင်း၍ လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ။


posted by dhammasami08

Sunday, November 21, 2010

အားကျမိသည်

 
အားကျမိတယ်

(I RESPECT HIM)

ရှင်တော်လက်ထက်၊ သမယချိန်ခါ၊
ဝဿာန်ကာလ၊ ဒီအချိန်မှာ၊
မိုးဖွဲ့ဖွဲ့ရွာ၊ အမိုးကာမရှိ၊
အထီးတည်းဖြင့်၊ အခင်းတစ်ခု၊
ကိုယ်ရုံတစ်ထည်၊ စိတ်အားမငယ်၊
တောင်ခြေနားပေါက်၊ သစ်ဝါးတစ်ပင်၊
ရင်ခွင်အောက်မှာ၊ မရှိချမ်းအေး၊
ပန်းပွင့်လေးဟု၊ လောကဓမ္မာ၊
စိတ်မှာမထား၊ သတိတရားဖြင့်၊
ရင်ငွေ့ပွေ့လျှက်၊ သူမွှေ့လျှော်၏။

 
ထိုနောက်တစ်ခါ၊ ရသီပြောင်းလည်း၊
ဟေမာန်ဆောင်းတွင်း၊ အမှီကင်းလျှက်၊
တောတွင်းနေရာ၊ ကျေးငှက်သရကာ၊
သံသာသီတေး၊ မကြားဘိသို့၊
တစ်နေ၀င်လျှက်၊ တစ်လထွက်ကာ၊
တစ်ဂူသို့ဝင်၊ တစ်စိတ်တည်းမို့၊
ဆိတ်ငြိမ်ရာဝယ်၊ မျက်လွှာမှိတ်လျက်၊
အဖေါ်ကင်းသော်၊ သူမွှေ့ပျော်၏။
တစ်ဖန်ရွှေ့လာ၊ နွေဦးကာလ၊
ဂိမှာန်ခတော့၊ လွင်တီးကြပ်မြေ၊
ပွန်းတီးပူလောင်၊ ဤသူတစ်ယောက်၊
မမှုလောက်ဘဲ၊ ရေအေးမကူ၊
ရေပူမကမ်း၊ စိတ်ဝယ်လန်းလျက်၊
ငြိမ်းအေးကာယ၊ တေဇာဟူက၊
မြူကဲ့သို့ထင်၊ သူ့ရင်ခွင်ဝယ်၊
ဓမ္မရေစင်၊ ခိုဝင်သွတ်သွင်း၊
ဒီဝင်းကိုဖြင့်၊ ဒီနှစ်မရက၊
နောင်နှစ်ဆက်ကာ၊ တစ်သက်တာလုပ်၊
နောက်မဆုတ်တမ်း၊ ခရီးလမ်းမျှော်၊
ဆိုးပြစ်သံသရာ၊ ကျွတ်လွှတ်ရာကို၊
မျှော်ကာမှန်းသည့်၊ အို…..ဘယ်ရဟန်း….။
ငြိမ်း ချမ်း လေစွ…ငြိမ်း ပေစွ……………

(ဒီဘ၀ ဒီခန္ဓာကို စွန့်ခြင်သည်)

posted by dhammasami08

Saturday, November 13, 2010

ကံကြမ္မာ

ကမ္မာပရာဓသတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။

အနယော နယရူပေန၊ ဗုဒ္ဓိမာကမျ တိဋ္ဌတိ။

Destiny

 ကံအဟုန်ညံ့က၊ ညာဏ်အစုံလည်း ကန်းရပ၊
ကံကြမ္မာ ဂြိုလ်စီးခဲ့လို့၊ ပျက်စီးဖို့လည်း နီးကပ်တာ၊
လမ်းမှန် လမ်းမှား ၀ိုးတ၀ါး၊ ဓားသွားပေါ်က ပျားရည်အလား၊
တားမရ ဓမ္မတာ၊ ငရဲခန်း တံခါးပွင့်လာ။
သို့ဖြစ်ပါ၍ သတိနှင့်ဆင်ခြင်ခါခါ၊
ကံညံ့ရင် ကံပြင်ပေါ့၊ ကုသိုလ်ပြုအခါခါ၊
ကံအဟုန်တောက်လာက၊ ညာဏ်အစုံးလည်း လန်းလာပ၊
အောင်ပန်းဆွတ်အခါခါ၊ အကျဉ်းစံဘ၀ လွတ်မြောက်တာ၊
ကိုယ့်ဘ၀ဟာ ကိုယ့်နှောင်အိမ်ပါ၊ ဖန်ခါခါ သိစမ်းကွယ်လေး။
နှောင်အိမ်ဘ၀ ရုန်းထွက်ကာ၊ ရှာစမ်းပေါ့ ဓမ္မကွယ့်လေး။
တက်လှမ်းပေါ့ မဂ်လမ်းမူ နိဗ္ဗူတိုင်ထိလေး..။

သတ္တ၀ါအားလုံး ဘ၀နှောင်အိမ်မှ ရုန်းထွက်နိုင်ကြပါစေ.....


 posted by dhammasami08

တစ်နေ့တာ အနားယူခြင်း


(Put the glass down!)
နေ့တစ်နေ့အဖွင့်စာမျက်နှာမှာ နေမင်းကြီးသည် ပထမဆုံး အလုပ်သမား ဖြစ်လေသည်။ အကျင်ပုဂ္ဂိုလ်သည် နေမင်းကြီး ထွက်မလာသေးခင် ဦးစွာပထမ အိပ်ရာထ၏။ သို့သော် ထိုပုဂ္ဂိုလ်အား နေ့တစ်နေ့၏ ပထမဆုံး အလုပ်သမားဟူ၍ မဆိုနိုင်သေးပေ။ ဘာကြောင့်လည်းဆိုတော့ နေမင်းကြီးသည် အနားယူ-မအိပ်စက်မူ၍ စင်္ကြ၀ဠာတစ်ဝန်း သက်ရှိ၊ သက်မဲ့တို့အား အလှည့်ကျ အလင်းရောင်ပေးကာ အလုပ်အကြွေးပြုနေသောကြောင့် ဖြစ်ပေသည်။
လူသားတိုင်းသည် စား၊ ၀တ်၊ နေရေးနှင့် ကျမ်းမာရေးအတွက် တစ်ခုမဟုတ်တစ်ခု မပျက်မကွက် နေ့စဉ်နေ့တိုင်း လုပ်နေရပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်သူပင် အနည်းဆုံးကတော့ ကျန်းမာရေးအတွက် အိမ်သာတက်ရပါသေးသည်။ ဥပမာ ရိုင်းသွားရင် ခွင့်လွတ်ပါ။ သက်ရှိသတ္တ၀ါတိုင်း လုပ်လေ့ရှိသည်မှာ ၎င်းလေးခုမှလွဲပီး တစ်ခြားမရှိတော့ပေ။ အလုပ်လုပ်သည့်အခါ အမြဲတမ်း အဆင်ပြေလသည်ဟု မရှိပေ။ အမြဲတမ်း အဆင်မပြေဟူ၍လည်း မဟုတ်ပါ။ အမြဲတမ်း သက်တောင့်သက်သာဖြင့် လုပ်ရသည်ဟူ၍လည်း မဖြစ်နိုင်သလို အမြဲတမ်း ခက်ခဲကြမ်းထမ်းစွာ လုပ်ကိုင်နေရတယ်-ဆိုသော်လည်း မမှန်ပါ။ ဖိအားတွေ၊ တွန်းအားတွေနှင့် စိတ်ဖိစီးလာသည့်အခါ အလုပ်ရှင်တိုင်းနီးပါး ငြီးညူမိကြပေလိမ့်မည်။
ထိုကြောင့် တစ်နေ့တာ ကျော်ဖြတ်ခဲ့သော လုပ်ငန်းခွင်၏ဖိစီးမှုတွေကို ဘယ်လို ဖြေသိမ့်၊ အနားယူ၍ စိတ်လက်ပေါ့ပါးစွာ ကျော်ဖြတ်ကြမလဲ၊ ဘာကို ကျင့်သုံးကြမလဲ။ နည်းလမ်းတစ်ခုတော့ လိုအပ်လာသည်။ မှန်ပေသည်။ တစ်နေ့တာ ပင်ပန်းမှုဒဏ်ကို ထို့နေ့၏အလုပ်သမား နေမင်းကြီး မကွယ်ပျောက်ခင် ကုစားဖို့ ဆေးမြီးတို လိုအပ်လာပေသည်။ “ဆေးမြီးတို”ဟု ဆိုရသည်မှာ ထိုတစ်နေ့အတွက်ကို ရည်ရွယ်ပါသည်။ နောက်တစ်နေ့အတွက်လည်း ဖြစ်ပါသည်။ တစ်သက်လုံးလည်း ထိုဆေးမြီးတိုကို သုံးရင်သုံးရမည်။ ဆေးမြီးတို ဆိုတာက ညဏ်ရှိသလို သုံးရသည်။
ကဲ..ပြောနေတာ ကြာတယ်။ ဆေးမြီးတို ပေးလိုက်မယ်။ ဘာလဲဆိုတော့ “လက်ထဲမှာ ကိုင်ထားတဲ့ ဖန်ခွက်ကို လွှတ်ချလိုက်ပါ”တဲ့။ ဟာ..ဘာကြီးလဲ။ ဖန်ခွက်လွှတ်ချရင် ကွဲမှာပေါ့။ စာဖတ်သူရဲ့ အမြင် မှန်ပါသည်။ ဖန်ခွက်တစ်လုံး ဆုံးရှုံး သွားပေမည်။ မူရင်းစာသားက ဒီမှာပါ။ When you leave office today, put the glass down today!
ဆိုလိုသည်မှာ the glass သည်  ဖိစီးမှုဒဏ်၊ စိတ်ဖိစီးမှု၊ ကိုယ်ပင်ပန်းမှုတွေပင် ဖြစ်ပါသည်။ ဒါတွေကို စိတ်ထဲထားမနေနဲ့။ ဒီနေ့ ပြဿနာ ဒီနေ့လုပ်တဲ့ ရုံးခန်းမှာပဲ ထားခဲ့တော့။ အလုပ်ချိန်ပြည့်၍ ရုံးခန်းက ထွက်သည်နှင့် သယ်ဆောင် မလာပါနဲ့။ အိမ်ကို ဒီအရှုပ်အထုတ်ကြီး ယူမသွားဘဲ လွှတ်ချ ထားခဲ့တော့-ဟုဆိုလိုပါသည်။ လွှတ်ချရတာ လွယ်ပါသည်။ မည်သူက အလေးခံပီး သယ်မှာလဲ။ ပင်ပန်းတာပေါ့။ လွှတ်သာ ချထားခဲ့။ ပေါ့ပေါ့ပါးပါး အိမ်ပြန်သွားပါ။ ရုံးကိစ္စတွေ၊ အလုပ်စာရွက်တွေပါလာရင်လည်း ဖန်ခွက်က မကျသေးဘူးနော်။ ရဲရဲကြီးလွတ်ချလိုက်ပါ။ စိတ်လက်ပေါ့ပါးသွာမည်မှာ မြေကြီးလက်ခတ် မလွဲပါဘူး။
ကောင်းပြီလေ။ စိတ်ဝင်စားရင် ဒီပုံတိုလေးကို ဖတ်ကြည့်ပါအုံး။… တစ်ခါက တက္ကသိုလ်တစ်ခု၏ စာသင်ခန်းထဲမှာ ပါမောက္ခတစ်ဦး သူ၏ကျောင်းသားများအား အပြန်အလှန် မေးမြန်း ဖြေဆိုနည်းဖြင့် စာသင်နေလေသည်။ ပါမောက္ခက ဖန်ခွက်တစ်လုံးကို ကိုင်မြောက်ပီး စာသင်ခြင်းကို စတင်လိုက်သည်။ ဖန်ခွက်ထဲတွင် ရေ အနည်းငယ် ထည့်ထားသေးသည်။ ကျောင်းသားအားလုံး မြင်နိုင်စေရန်လည်း ဖန်ခွက်ကို ကိုင်မြောက်ထားလေသည်။ ပါမောက္ခက ကျောင်းသားတို့အား မေးခွန်းစတင်ထုတ်လိုက်သည်။
မေး။  ဟောဒီ..ဖန်ခွက်ရဲ့ အလေးချိန် ဘယ်လောက်ရှိတယ်လို့ မင်းတို့ ထင်သလဲ။
ဖြေ။ ၁၅၀-ဂရမ်…. ၁၀၀-ဂရမ်… ၁၂၅-ဂရမ်..စသဖြင့် ကျောင်းသားများ အလုအယက် အဖြေပေးကြသည်။
ထိုအခါ ပါမောက္ခက… “ငါကိုယ်တိုင် ဖန်ခွက်ရဲ့ အလေးချိန်းကို မသိပါဘူး။ ဒါပေမယ့် ငါရဲ့မေးခွန်းကတော့…အဲဒီလို မီနစ်ပိုင်းလောက် ဖန်ခွက်ကို ကိုင်မြောက်ထားရင် ဘာတွေဖြစ်လာမလဲ..ဆိုတာပဲ..ဟု မေးပြောပြောလေသည်။
ထိုအခါ ကျောင်းသားများက.. “ဘာမှ မဖြစ်ဘူး“ဟု ၀ိုင်းအော်ကြသည်။ ကောင်းပီ။ တနာရီးလောက် ဒီအတိုင်း ကိုင်မြောက်ထားရင်ကော..ဟု ပါမောက္ခက ထပ်ဆင့်မေးခွန်းထုတ်လိုက်သည်။ အားလုံး တိတ်ဆိတ်သွားလေသည်။ ဤတွင် တစ်ယေက်သော ကျောင်းသားက..ဆရာရဲ့ လက်မောင်းတွေ ကိုက်ခဲနာကျင် လာမှာပေါ့..ဟု ထပြောလေသည်။ မင်း မှန်တယ်..ဟု ပါမောက္ခသည် ထိုကျောင်းသားအား ဂုဏ်ပြုစကားဆိုသည်။ နောက်တစ်ခါ ပါမောက္ခက မေးပြန်သည်။
မေး။ ဒီဖန်ခွက်ကို ငါ တစ်နေ့လုံး ကိုယ်မြောက်ခဲ့ရင်ကော ဘာဖြစ်လာမလဲ။
ဖြေ။ ဆရာရဲ့ လက်မောင်းဟာ ထုံကျင်ကိုက်ခဲပီး အကြောသေသွားနိုင်သလို လက်မောင်းကြွက်သားတွေလည်း ဒဏ်ဖိစေနိုင်တယ်။ ပီးတော့ မလှုပ်မယှက် သွတ်ချာပါဒလိုက်သွားမယ်။ နောက်ဆုံးတော့ ဆေးရုံတက်ရမှာ သေချာပါတယ်။ ..ဟု တစ်ခြားကျောင်းသားတစ်ယောက်က အရဲစွန့်ပီး ဖြေလိုက်သောအခါ ကျောင်းသားအားလုံး ၀ိုင်ရည်(ရယ်)ကြသည်။
သို့သော် “အလွန်ကောင်းတယ်” ဟု ပါမောက္ခက စိတ်မဆိုးဘဲ ချီးမွမ်း စကားဆိုလေသည်။ ဒါပေမယ့် ကိုင်ထားတဲ့ အချိန်အတောအတွင် ဖန်ခွက်အလေးချိန် ပျောင်းလဲမှုရှိလား..ဟု ပါမောက္ခက စပ်းသပ်မေးပြန်သည်။ အဖြေကား….နိုး..ဟူ၍သာ ထွက်လာသည်။ တစ်ဖန် ပါမောက္ခက
မေး။ လက်မောင်း ထုံကျင်ခြင်း၊ လက်မောင်းဒဏ်ဖိခြင်းရဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ..ဟု မေးသောအခါ ကျောင်းသားများ ဇဝေဇ၀ါ ဖြစ်ကုန်သည်။
မေး။ ၎င်းနာကျင်မှု၊ ဖိစီးမှုတွေကို ပယ်ထုတ်ဖို့ ထွက်သွားစေဖို့ ငါ ဘာလုပ်သင့်လဲ..ဟု ပါမောက္ခက ထပ်ဆင့်တစ်ဖန် မေးခွန်းထုတ်လိုက်သည်။ ထိုအခါ ကျောင်းသားတစ်ယေက်က ..
ဖြေ။ Put the glass down! ဖန်ခွက်ကို လွှတ်ချလိုက်ပေါ့..ဟု ဖြေလိုက်သည်။ ထိုအခါ ပါမောက္ခက.. မှန်လိုက်တာ။ ”မင်း ညဏ်ကောင်းတယ်” ဟု ချီးမွမ်းလေသည်။ ထိုနောက် ပါမောက္ခသည် ဖန်ခွက်ကို ကိုင်မြောက်ထားရင်း ကျောင်းသားတို့အား ရှင်းပြလေသည်။
“လူ့ဘ၀ ပြဿနာတွေဟာလည်း ဒီအတိုင်းပဲ”။ မီးနစ်ပိုင်းလောက် ကိုင်ထားရုံနဲ့ ဘာမှမဖြစ်သေးဘူး။ အဆင်ပြေတယ်လို့ ထင်ရတယ်။ စဉ်းစားကြည့်…….။ အချိန်အကြာကြီး ကိုင်ထားရင် ထုံကျင်လာမယ်။ ထိုထက်မက ကြာလာရင် သွက်ချာပါဒလိုက်မယ်။ နောက်ဆုံးတော့ ဘာဆိုဘာမှ မလုပ်နိုင်တဲ့ ဘ၀ ရောက်သွားမယ်။ အဲဒါ အရမ်းကို အရေးကြီးတယ်။ မင်းတို့ဘ၀မှာ နေ့တစ်နေ့ရဲ့ နောက်ဆုံး မင်းတို့ အိပ်ရာမ၀င်မီတိုင်အောင် ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို အောက်သို့ချထားဖို့၊ မေ့ပျောက်ခေါက်ထားဖို့ အလွန်ကို အရေးကြီးပါတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် မင်းတို့ဟာ ဖိစီးမှု မရှိဘဲ အိပ်ရာဝင်နိုင်မယ်။ နံနက်တိုင်း ဖိစီးမှု မရှိမူ၍ အိပ်ရာမှ နိုးထနိုင်မယ်။ နံနက်ခင်းရဲ့ လေကောင်းလေသန့် စိတ်ရွင်လန်း ပေါ့ပါစွာ ခံစားနိုင်မယ်။ တစ်နေ့တာ၏ အလုပ်ခွင်မှာ စိတ်လက်ချမ်းသာစွာ ဆောင်ရွက်နိုင်မယ်”။
ဒါကြောင့် စာဖတ်သူများ တစ်နေ့တာရဲ့ လုပ်ငန်းခွင် ပီးဆုံးချိန်မှာ သတိတရ ရှိရမှာကတော့ “ဖန်ခွက်ကြီးကို လွှတ်ချထားခဲ့ပါ”ဆိုတာပါပဲ။ ထပ်ဆင့်အကြံပြုလိုသည်မှာ အောက်ပါ စာသားလေးကို စာရွက်လေးမှာ ရေးပြီး ရုံးခန်းရဲ့ မြင်သာတဲ့နေရာမှာ ကပ်ထားသင့်ပါ၏။
“When you leave office Today, Remember to Put the glass down Today!”

အားလုံး ဘ၀အမောတွေ ပြေပါစေ…………။



posted by dhammasami08

Tuesday, November 9, 2010

ယုံချင်ယုံ မယုံချင်နေ


အထက်ပါ ပိုစ့်ခေါင်းစည်းသည် Money Money! (about money)နှင့် ပတ်သက်ပီး စာဖတ်သူများအား ပြောစရာ ရှိလာသောကြောင့် “ယုံချင်ယုံ မယုံချင်နေ”ဟု Title ယူပီး ရေးသားလိုက်ရပေသည်။
Money Money! (about money)သည် တရုတ်စကားပုံ တစ်ခုပါဟု ဖေါ်ပြထားသည်။ အရင်ပိုစ့်၌ စာရေးသူက စကားပုံသက်သက်မျှကို ယူပီး တင်ပြထားခြင်းဖြစ်ပေသည်။ ၎င်းတရုတ်စကားပုံသည် စာရေးသူထံသို့ Metacafe မှတဆင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ (အချိန်ရမယ်ဆိုရင် Chinese proverb-စကားပုံကို တစ်ခေါက် ပြန်ဖတ်ကြည့်ပါအုံး)။ တစ်ချို့စာဖတ်သူများလည်း သိပီးသား ဖြစ်ချင်ဖြစ်နေပါမည်။ ထိုကြောင့် ဤပိုစ့်သည် မဖတ်ဖူးသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ စကားပုံနှင့် တစ်ဆက်တည်းမှာ ထိုစကားပုံကို ပို့သူရဲ့ တိုက်တွန်းချက်၊ ရည်ရွယ်ချက်တွေ ပါနေပေသေးသည်။ မူရင်းကို ဘာသာပြန်ပီး ဖေါ်ပြရလျှင် အောက်ပါအတိုင်း ဖြစ်လေသည်။
“အဆိုပါ စကားပုံကို ကမ္ဘာတစ်ဝန်းသို့ အချိန်နှင့်အမျှ ပေးဝေနေပါသည်။ ယခု သင်ဟာ ထိုစကားပုံကို လက်ခံရရှိပြီးနောက် သင်သည် ကံကောင်းခြင်းများ ရရှိလာဖို့ အလှည့်ရောက်လာပီ ဖြစ်သည်။ ဒါဟာ ဟာသမဟုတ်ပါ။ နောက်ပြောင်နေခြင်း မဟုတ်။ သင်ထံသို့ ကံကောင်းခြင်းများ mail-မေးလ် သို့မဟုတ်၊ တစ်ခြားနည်းလမ်းဖြင့် မကြာခင် ရောက်လာပါလိမ့်မယ်။ စစ်မှန်သော ကံကောင်းခြင်းကို လိုလားသူများ အဆိုပါ စကားပုံကို ကော်ပီကူးပီး တစ်ပါးသူအား ပို့လွတ်ပေးကြပါ။ ငွေ(ပိုက်ဆံ)ကိုတော့ မပို့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ ကံကောင်းခြင်းကို ငွေဖြင့် ၀ယ်၍မရလို့ပါ။ ပြီးတော့ အဆိုပါစကားပုံကို လေးရက်ထက်ပိုပီး သိမ်းဆည်းမထားပါနဲ့နော်။
လူတစ်ယောက်ကတော့ ၁၉၅၃-နှစ်မှာ ဤစကားပုံကို ပထမဆုံးအနေဖြင့် လက်ခံရရှိခဲ့ပါသည်။ သူသည် အတွင်းရေးမှုးမလေးအား ၎င်းကို ကော်ပီ ၂၀-ကူးစေပီး တစ်ခြားသူအား ဝေပေးလိုက်လေသည်။ စာရွက်တွေဝေပီး ကိုးနာရီကြာတော့ သူသည် အမေရိကန်ဒေါ်လာ ၉၉ မီလျှန်တန် ထီပေါက်သွားလေသည်။
အလုပ်သမားတစ်ယောက်ကတော့ အထက်ပါ စကားပုံကိုပင် လက်ခံရရှိပီးနောက် မဝေဘဲ ဒီအတိုင်း ပစ်ထားလိုက်သည်။ နှစ်ရက်၊ သုံးရက်ကြာပြီးနောက် ထိုအလုပ်သမားသည် အလုပ်ပြုတ်သွားလေသည်။ ထို့ကြောင့် အလုပ်သမားသည် တစ်ဖန်ပြန်ပီး စကားပုံကို ဝေပေးလိုက်သောအခါ ချမ်းသာတဲ့လူတစ်ယေက် ဖြစ်သွားသည်။
တစ်ခြားလူတစ်ယောက်ကတော့ ၁၉၆၇-ခုနှစ်မှာ အဆိုပါ စကားပုံကိုပင် ရရှိခဲ့သည်။ စကားပုံနောက် ဆက်လက်ရေးထားသော စာသားများကို ဖတ်ပီ ရယ်(ရည်)လေသည်။ ရက်အနည်းငယ်ကြာတော့ ထိုသူ၏သားသည် အပြင်းဖျားလေတော့၏။ ထိုသူသည် စာပါအကြောင်းအရာကို သေခြာစွာပြန်ဖတ်ပီးနောက် ကော်ပီ ၂၀-ကူးယူကာ ဝေပေးလိုက်လေသည်။ ကိုးရက်လောက်ကြားပီးနောက် သားဖြစ်သူ၏အသက်ကို ကယ်တင်နိုင်လိုက်ကြောင်း သတင်းကောင်း ကြားရလေတော့သည်။ အထက်ပါ စကားပုံနှင့်တကွ အကြောင်းအရာများကို စတင်၍ ဖြန့်ဝေသူမှာ တောင်အဖရိကတစ်ခွင်၌ သာသနာပြုဆောင်ရွက်နေသော Anthony De Croud ဆိုသူပင် ဖြစ်လေသည်။
အဆိုပါစာကို ရရှိပီးနောက် ၉၆-နာရီမကျော်သေးခင် ကောက်ပီအစုံ ၂၀-ကူးယူကာ တစ်ခြားသူ အယောက် ၂၀-အား ဝေပေးရမည်။ ထိုသို့ဝေပေးခြင်းကြောင့် သင့်ထံသို့ ကံကောင်းခြင်းလက်ဆောင်များ စာကို လက်ခံရရှိပြီးနောက် လေးရက်အတွင်း ရောက်ရှိလာလိမ့်မည်။ သင့်မှာ ဘယ်အရာများ ဆုံးရှုံးသွာမှာလဲ(ဒီလို ဝေပေးလိုက်ခြင်းဖြင့်)။ သင် ကံကောင်းဖို့အတွက် ပိုစ့်ကာဒ်လေးတစ်ခု ပို့ပေးရုံမျှပါ။ နောက်ဆုံးတော့ ကံကောင်းခြင်းတွေက သင့်ရဲ့တံခါးကို လာခေါက်နေပီ။ သင်နဲ့ နီးစပ်သူတွေ၊ သူငယ်ချင်း၊ မိသားစုများအတွက် ကော်ပီးကူးပီး ပို့ပေးပါ။ နောက်တစ်နေ့ရောက်လျှင် သင် သတင်းကောင်း ကြားရလိမ့်မယ်၊ သို့၊ အံသြသင့်စရာများနဲ့ ကြုံရလိမ့်မယ်။
ကျွန်ုပ်သည်လည်း ကံကောင်းခြင်းများစွာ မျှော်လင့်၍ ပိုစ့်ကာဒ်တွေကို ကမ္ဘာတစ်ဝန်း ပို့လွတ်ခဲ့ပြီ။ အရေအတွက်အားဖြင့် ၂၀-မျှသာ ကော်ပီကူး ပို့ပါ။ နောက်နေ့တွေ အနည်းငယ်အတွင်းမှာ ရောက်လာမယ့် ကံကောင်းခြင်းကို မျှော်လင့်နေပါ။” စာသားတွေက မပီးသေးဘူး။ နောက် “အရေးကြီးသည်”ဟု ဆက်လာသေးသည်။ Important: Do not modify the text that I sent you. Forward it exactly the way you got it. ”အရေးကြီးသည်မှာ ကျွန်ုပ်ပို့လိုက်သော စာသားကို မပြင်ပါနဲ့။ သင် ရရှိခဲ့သော နည်းအတိုင်း ဆက်လက်ပို့ပါလေ“တဲ့။ နောက်ဆုံးတစ်ကြောင်း ကျန်ပါသေးသည်။ Good luck! ”ကံကောင်းပါစေ”။ ကဲ..ဒါပါပဲ။ အထက်ပါ ဆိုခဲ့သည့်အတိုင်း စကားပုံကို ဖတ်မိသူ စာဖတ်သူသည်လည်း ကံကောင်းခြင်းများနှင့် ဆုံတွေ့ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ယုံချင်ယုံ၊ မယုံချင်နေ။
လောကမှာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြလေ့ ရှိပါသည်။ တစ်ချို့က နတ်ကို ယုံသည်။ တစ်ချို့က ရိုးရာကို ယုံသည်။ တစ်ချို့က ဖန်ဆင်းရှင်ကို ယုံသည်။ တစ်ချို့ ဘုရားရှိခြင်းကို ယုံသည်။ တစ်ချို့က ဘုရားမဲ့၊ ဘုရားမရှိဘူး ဟုယုံသည်။ တစ်ချို့ကြတော့ ဖန်ဆင်းရှင်ဘုရား ရှိသည်“ဟု ထင်သည်။ တစ်ချို့က ကမ္ဘာကြီးသည် သူအလိုလို ဖြစ်လာတာ“ဟု ထင်သည်။ ထင်မြင်မှု၊ ယုံကြည်မှုပေါင်း သောင်းခြောက်ထောင်ပင် ရှိနေကြသည်။ မရေတွက်နိုင်အောင် ယုံကြည်စရာ များလပေသည်။ မိမိစိတ်ထဲမှာ ထင်မြင်၍ လုပ်တာနှင့် ယုံကြည်၍ လုပ်ခြင်း.. ဤနှစ်ခုသည် စူးဝင်သက်ရောက်ခြင်း မတူညီပေ။ ထင်မြင်ခြင်းသည် သံသယ သဘောပါသည်။ မယုံရဲ ယုံရဲ ဖြစ်နေသည်။ ယုံကြည်ခြင်းသည် သံသယကင်းသည်။ စိတ်ထဲမှာ ရှင်းလင်းပြတ်သားမှု ရှိသည်။
ဘယ်လိုပဲ ယုံကြည်မှု၊ ထင်မြင်မှုတွေ ရှုပ်ထွေးနေပါစေ မိမိကိုယ်ကိုတော့ ယုံရမည်။ မိမိကိုယ်ကိုတော့ အထင်ကြီး ဘ၀င်မြင့်နေသည်မှအပ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိရမည်။ ဤအရာကား ပထမအနေဖြင့် အရေးကြီးဆုံးသော ယုံကြည်ချက်ပင် ဖြစ်ပေသည်။
တစ်ချို့က ပြောလေမည်။ “ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင် မယုံရဘူး”။ မည်သို့ပင် ဆိုပါစေ ကိုယ့်ကိုယ်ကို ယုံကြည်လာအောင် မည်သူမှ တိုက်တွန်းစရာမလိုပေ။ ယုံပီးသား မိမိကိုယ်ကို။ ဒါပေသိ တစ်ခြားသူကိုတော့ ယုံကြည်သွားအောင် အနုနည်းနှင့်ဖြစ်စေ၊ အကြမ်းနည်းနှင့်ဖြစ်စေ သို့မဟုတ် မနုမကြမ်းနည်းနှင့်ဖြစ်စေ တိုက်တွန်းခြင်းတစ်ဖုံ၊ ဟောပြောခြင်း တစ်သွယ်၊ မြူဆွယ်ခြင်းအမျိုးမျိုးဖြင့် ပြုလုပ်ကြလေ့ရှိလေသည်။ ယုံကြည်ထိုက်လျှင် ယုံမှာပေါ့။ မည်သူမျ တိုက်တွန်းနေစရာ မလိုပေ။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်တယ်ဆိုလျင် တစ်ပါးသူကိုတော့ ယုံသင့်မှ ယုံရပေလိမ့်မည်။ ယုံချင်ယုံ မယုံချင်နေပေါ့။ ကိုယ်သဘောပဲ ဖြစ်လေသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းကြောင့်လည်း မိမိကိုယ်ကိုယ်သာ မိမိ အချစ်ဆုံး ဖြစ်ရလေသည်။ အတ္တသမံ ပေမံ နတ္ထိ- မိမိကိုယ်ကို ချစ်သည်မှတစ်ပါး အချစ်ဆုံးဖြစ်သော တစ်ပါးသူဆိုတာ မရှိပါ။ မိမိကိုယ်သာ အချစ်ဆုံးပါ။
အရေးကြီးဆုံး ဒုတိယတစ်ချက်မှာ ယုံကြည်မှု လွန်လွန်ကဲကဲ မဖြစ်ဖို့ပင် ဖြစ်သည်။ ယုံကြည်မှု-သဒ္ဓါနှင့် ပညာ ချိန်ခွင်လျှာ ညီညွတ်မျတစေသင့်သည်။ သဒ္ဓါလွန် ကျွန်ဖြစ်တတ်သည်။ ပညာကျော်က ချော်တတ်သည်။ ပညာတတ်လွန်ပီး လွဲချော်သွားတတ်သည်။ (သဒ္ဓါလွန်က ဆွံ့သည်။ ပညာလွန်က တွန့်သည်-ဟုလည်း ကြားဖူးသည်) ထိုသဒ္ဓါနှင့် ပညာကို မျှတအောင် ထိမ်းထားနိုင်သူမှာ သတိတရားပင် ဖြစ်သည်။ သတိသည် အလုပ်(၃)ကို တစ်ပြိုင်တည်း လုပ်နိုင်လေသည်။
1. Guard the mind very well စိတ်ကို ကောင်းမွန်စွာ စောင့်ရှောက်ခြင်း။
2. Fix the mind of the object very well and အာရုံတရားပေါ်မှာ တည်ငြိမ်စွာ ထိမ်းထားနိုင်ခြင်းနှင့်
3. Discover truth nature of our mattel and physical body “ငါ”ဟုသမုတ် နာမ်နှင့် ရုပ်နှစ်ပါးပေါ်မှာ သဘာဝအမှန်တရားကို ရှာဖွေပေးခြင်းတို့ ဖြစ်ပေသည်။ သတိသည် စိတ်ကို ထိမ်းမတ် စောင့်ရှောက်ပေးသည်။ ထိုပြင် စိတ်ပျံ့လွင့်နေသည်ကို ညှိသည်။ ဆွဲစိပေးသည်။ ထိုနောက် သဘာဝအတိုင်း အမှန်တရားပေါ်သို့ရောက်အောင် ရှာဖွေပေးသည်။
ထို့ကြောင့် နောက်ဆုံး တတိယအရေးကြီးဆုံးတစ်ချက်ကတော့ အရာရာကို သတိနှင့် ဆင်ခြင်သုံးသပ်ပီးမှ ပြုလုပ်သင့်ပေသည်။ ဤကဲ့သို့ သဒ္ဓါနှင့် ပညာ မျှတအောင် သတိဖြင့် ထိမ်းချုပ်ထားနိုင်မှသာ မြတ်စွာဘုရား မိန့်ကြားခဲ့သည့်အတိုင်း “အတ္တာ ဟိ အတ္တနော နာထော-မိမိသည်သာ မိမိ၏ကိုယ်းကွယ်ရာ ဖြစ်မည် ဧကန်မလွဲ ပါကြောင်း………..။
ရွှင်လန်းချမ်းမြေ့ပါစေ…

posted by dhammasami08

Monday, November 8, 2010

Money money!


ငွေ(ပိုက်ဆံ)အကြောင်း


·         With money you can buy a house, but not a home.

·         အိမ်တစ်လုံးကို ငွေဖြင့် ၀ယ်နိုင်တယ်။ ဒါပေမယ့် ဇာတိချက်ကြွေ မွေးရပ်မြေကိုတော့ ၀ယ်လို့မရပါ။

·         With money you can buy a clock, but not time.

·         ငွေဖြင့် နာရီတလုံး ၀ယ်နိုင်ပေသည်။ သို့သော် အချိန်ကိုတော့ မရပါ။

·         With money you can buy a bed, but not sleep.

·         ကုဋင်အိပ်ရာစသည်ကို ငွေဖြင့် ၀ယ်၍ရသည်။ ဒါပေသိ အိပ်စက်ခြင်းကိုကား မရပါ။

·         With money you can buy a book, but not knowledge.

·         ငွေဖြင့် စာအုပ်တစ်အုပ် ၀ယ်၍ရပေမယ့် အသိပညာဗဟုသုတကိုတော့ ငွေဖြင့် ၀ယ်၍ မရပါ။

·         With money you can see a doctor, but not good health.

·         အသပြာနှင့် ဆရာဝန်ပြရသည်။ သို့သော် ကျန်းမာရေးကတော့ အလကားရသည်။
·         ငွေရှိရင် ဆေးကုနိုင်သော်လည်း ကျန်းမာရေးကောင်းနေပါက ငွေမလိုပေ။

·         With money you can buy a position, but not respect.

·         ရာထူးအာဏာကို ငွေခြင့် ၀ယ်၍ရပေမယ့် အသိအမှတ်ပြု လေးစားမှုကိုတော့ မရပါ။

·         With money you can buy blood, but not life.

·         ငွေဖြင့် သွေးကို ၀ယ်၍ရသည်။ သို့သော် အသက်ကိုကား ၀ယ်၍ မရပါ။

·         With money you can buy sex, but not love.

·         လိင်ကိစ္စ သံဝါသပြုမှုကို ငွေဖြင့် ၀ယ်၍ရပေမယ့် အချစ်စစ်အချစ်မှန်ကိုတော့ ၀ယ်၍ မရပါ။

This is Chinese Proverb brings luck.
It originated from the Netherlands.

ဤသည်ကား ကံကောင်းခြင်းကို ယူဆောင်လာတတ်သော တရုတ်စကားပုံ ဖြစ်ပါသည်။
အဆိုပါ စကားပုံသည် နယ်သာလန်နိုင်ငံမှ အခြေခံဖြစ်ပေါ်လာသည်ဟု ဆိုပါသည်။

“ငွေရှိရင် ဘာမဆိုဖြစ်တယ်”ဟုမဆုံးဖြတ်ခင် စဉ်းစားနှလုံးပွါးနိုင်ရန် တင်ပြလိုက်ပါသည်။

အညစ်အညေး ၈-မျိုး

မိမိဘလော့ဂ်ကို sign in ၀င်၍မရတာ တစ်ပတ်လောက်ကြာခဲ့သည်။ တစ်ခြားဘလော့ဂ်အသစ်ယူရန်လည်း blogspot.comကို ဖွင့်၍မရ။ တော်တော်ဗျားများသွားသည်။ ဒီပြဿနာကို တစ်ခြားသူကိုလည်း မမေးတော့ဘူး။ ဘယ်သူများ လာနှောက်ယှက်ခဲ့သလဲတော့ မသိ။ ဒါနဲ့ မထူးတော့ဘူးလေ။ windows ကို ပြန်တင်လိုက်ရသည်။ windows တင်လိုက်ပီးမှ အားလုံးဖွင့်၍ ရတော့သည်။ ဒါကြောင့် ပထမဆုံး အနေဖြင့် windows ဖွင့် ပိုစ့်လေး ခံစားကြည့်ပါအုံး။

အညစ်အကြေး(မလ) ၈-မျိုး

၁။ ရပီးသား ဂါထာ၊ မန္တာန်များကို ပြန်လှန်မရွတ်ဆိုပါက မေ့ပျောက်သွားတတ်သည်။ 
ထိုကြောင့် ပြန်လှန်မရွတ်ဖတ်၊ မသရဇယ်ခြင်းသည် ဂါထာ၊ မန္တာယားများရဲ့ အညစ်အညေး ဖြစ်သည်။

၂။ အိမ်မှုကိစ္စများ၌ တက်တက်ကြွကြွမရှိလျှင် အိမ်တစ်ဆောင်လုံး မလှမပ၊ မသန့်ရှင်းဘဲ အမှိုက်ပုံကြီးလို ဖြစ်နေတတ်သည်။ 
ထိုကြောင့် ထကြွလုံးလမရှိ ၀ီရိယမရှိခြင်းသည် အိမ်ရဲ့အညစ်အညေး ဖြစ်လေသည်။

၃။ ပျင်းရိပျင်းတွဲ ဖြစ်နေသူသည် ကိုယ်ကာယ လှပသန့်ရှင်းမှု မရှိပေ။ 
ထိုကြောင့် ကိုယ်ကာယလှပဖို့ဆိုလျှင် ပျင်းရိခြင်သည် အညစ်အညေး ဖြစ်လေသည်။

၎။ မေ့လျော့တတ်သူကို လုံခြုံရေးခန့်ထားလျှင် ဘယ်လိုဖြစ်မလဲ။ ဘာပဲလုပ်လုပ် မေ့လျော့ပေါ့ဆခြင်းသည် မကောင်းသော ဆင်ခြေ ဖြစ်လေသည်။ 
ါကြောင့် မိမိကိုယ်ကို ကောင်းအော် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး စောင့်စည်းနေသူအတွက် မေ့လျော့ခြင်းသည် အညစ်အညေး ဖြစ်သည်။

၅။ မကောင်းမှု ဒုစရိုက်ပြုကျင့်ခြင်းသည် မိန်းကလေးတို့အတွက် ဂုဏ်ညိုးနွမ်းစေသည်။ မိန်းကလေးမှ မဟုတ်ပါ။ မိန်းမ၊ ယောက်ျား အားလုံးလည်း ဒုစရိုက်ကို ရှောင်ရပေမည်။ ဒါပေမယ့် မိန်းကလေးတွေအတွက်ကား သေးသေးမွှားမွှား မကောင်းမှုသည်လည်း အများအမြင်မှာ မတင့်တယ်ပေ။ ထိုကြောင့် မကောင်းမှုဒုစရိုက်မျိုးသည် မိန်းမတွေအတွက် အညစ်အညေးပင် ဖြစ်လေသည်။

၆။ ကပ်စေးနည်း၊ နှမြောတွန့်တိုသူသည် တစ်ပါးသူအား တစ်ခုခုပေးရန် ၀န်းလေးလပါသည်။ 
ထိုကြောင့် အလှူတစ်ခုပြုမည် ဆိုလျှင် မစ္ဆေရစိတ်၊ နှမြောတွန့်တိုစိတ်သည် အညစ်အညေးပင် ဖြစ်လေသည်။

၇။ မကောင်းမှု အကုသိုလ်မှန်သမျှသည် ဤဘ၀မှာသာမက နောင်တမလွန်ဘ၀တွေမှာပါ အလွန်ပင် မကောင်းကျိုးပေးသန်လပေသည်။ 
ထိုကြောင့် မကောင်းမှု အကုသိုလ်တရားများသည် ဤဘ၀၊ နောက်ဘ၀ ကောင်းကျိုးအတွက် အညစ်အညေးပင် ဖြစ်သည်။

၈။ မသိမှု မောဟတရားသည် အလွန်ပင် ဆိုးဝါးလသည်။ မသိ၍ မကျင့်၊ မကျင့်၍ မရ၊ မရတော့ သံသရာဝဲဂယက်မှ မထွက်။ မသိမှုမှ အခြေခံလေသည်။ 
ိုကြောင့် မသိမိုက်မဲမှု အ၀ိဇ္ဖာတရားသည် အညစ်အညေးအားလုံးထက် သာလွန်ဆိုးဝါးသော အညစ်အညေး ဖြစ်လေသည်။ (တတော ဘိက္ခဝေ မလာ မလတရံ အ၀ိဇ္ဖာ ပရမံ မလံ။)

အထက်ပါ တရားတော်ကို ဘုရားရှင်ကိုယ်တိုင် မိန့်တော်မူခဲ့ခြင်း ဖြစ်ပေသည်။ (အံ၊ အဋ္ဌ၊ မလသုတ္တ)
ထိုကြောင့်
“အညစ်မျိုးစင်၊ ဘုရားရှင်ကို၊ ဦးတင်ညွတ်လျှက်၊ ဆောင်ရွက်ထိုထို၊ ကောင်းမှုပျိုတို့၊ ညွန့်ဝေလူးလူ၊ နိဗ္ဗူတိုင်သို့၊ တက်စေသောဝ်။”