Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Thursday, November 25, 2010

ကိုယ်ပိုင်ကာကွယ်ရေး


Made protect by yourself
အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ဘာသာတစ်ခုမဟုတ် တစ်ခုခုကိုတော့ ကိုးကွယ်ဆည်းကပ်ကြစမြဲ ဖြစ်ကြသည်။ အဓိကထင်ရှားသော ဘာသာကြီးလေးရပ် ရှိပေသည်။ ၎င်းတို့မှာ လူဦးရေအများဆုံးမှ စရေတွက်လျှင် ၁။ ခရစ်ယန်ဘာသာ၊ ၂။ မွတ်ဆလင်ဘာသာ၊ ၃။ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့ ဖြစ်ကြသည်။ ဆိုင်ရာကျမ်းဂန်တို့၏အဆိုအရ ဘာသာတရားတိုင်းသည် သူဟာနှင့်သူ ကောင်းမွန်သန့်ရှင်းကြလေသည်။ ဘာသာဝင်များက ဘာသာရေးခေါင်းဆောင်များကို ယုံကြည်ကြသကဲ့သို့ ဟောပြောချက်များကိုလည်း လိုက်နာကျင့်ကြံကြလေသည်။ သို့သော်လည်း အခုမျက်မှောက်မှာတော့ ကနဦးတည်ထောင်သူ ဘာသာရေးခေါင်းဆောင်သည် မည်သည်ဘာသာတွင်းမှ မရှိတော့ပေ။ ကွယ်လွန်သွားကြပီး ဖြစ်ကြလေသည်။
ဘာသာတရားကို စတင်ကိုးကွယ်ဆည်းကပ်ခြင်း၏အစသည် အကြောက်တရားပင် ဖြစ်သည်။ အကြောက်တရားကြောင့် အားကိုးရာ ရှာသည်။ အာရာမရုက္ခစေတယျာနိ မနုဿာ ဘယတဇ္ဇိတာ- လူသားတို့သည် အကြောက်တရားလွမ်းမိုးခံရသောကြောင့် အာရာမ်၊ သစ်ပင်၊ တောတောင်နှင့် စေတီတို့အား ကိုးကွယ်ဆည်းကပ်ကြလေသည်-ဟု မြတ်စွာဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။
ရှေးခေတ်က လူသားတို့သည် လျှပ်စီး၊ မိုးကြိုး၊ မုန်တိုင်းကျသည်ကို ကြောက်သည်။ မီးကို ကြောက်သည်။ စွန်ကြီး၊ သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီးများကို ကြောက်ရွဲ့ကြသည်။ ထိုအရာများကို ကိုးကွယ်ရာ အားကိုးရာအဖြစ် သတ်မှတ်ကြသည်။ အခုခေတ်လည်း အရပ်ဒေသအချို့မှာ ကိုးကွယ်ပသ ပူဇော်နေကြတုန်းပင် ဖြစ်သည်။
ဘုရားရှင်ပွင့်တော်မမူခင် အထက်ပါကိုးကွယ်မှုများအပြင် ဟိန္ဒူဘာသာသည် အိန္ဒိယတစ်ခွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ဘီစီ-၆ရာစုမှာ ကျွန်ုပ်တို့ မြတ်စွားဘုရားပွင့်တော်မူ လာခဲ့သည်။ ထို့နောက် ခရစ်ယန်ဘာသာ၊ ထို့နောက်မှ မွတ်ဆလင်ဘာသာ အစဉ်အတိုင်း ပေါ်ပေါက်လာကြသည်။ (မှတ်ချက်။ ။ သမိုင်းကို တင်ပြမည် မဟုတ်သောကြောင့် ခုနှစ်သက္ကရာဇ်များ မထည့်တော့ပါ။)
စာဖတ်သူများ နည်းနည်းတော့ မျက်စိလည်သွားမည် ထင်ပါသည်။ ဘာကို တင်ပြချင်တာလဲ… စဉ်းစားနေတော့မည်။
မှန်ပေသည်။ ဘာသာရေးခေါင်ဆောင်မရှိတော့သည်က တစ်ကြောင်း၊ နှစ်တွေကြာလသည်က တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် ဘာသာတရားတစ်ခု၏ မှန်ကန်မျှတခြင်းကို ဘယ်လိုပေတံဖြင့် တိုင်းတာကြမည်နည်း။ စဉ်းစားပေးကြပါ။ မည်သည့် စံနှုံးဖြင့်တိုင်းတိုင်း အဓိကမှာ ကိုယ်တိုင်သုတေသနလုပ်ကြည့်ဖို့ပင် ဖြစ်ပေသည်။ ဘာသာတရားကို စတင်တည်ထောင်သူမရှိ၍ ဒီဘာသာတရားကို တိုင်းတာဖို့က ၎င်းကိုယ်တိုင် ဟောကြားခဲ့သော တရားသည် ဒေါက်တိုင်၊ ချိန်ခွင်၊ မှန် ဖြစ်လေသည်။
မြတ်စွားဘုရားဟောကြားခဲ့သော တရားတော်များကို အဘိဓမ္မာသင်္ဂဟကျမ်းလာအတိုင်း ခွဲခြမ်းကြည့်မယ်ဆိုရင် လောကီတရားနှင့် လောကုတ္တရာတရားဟူ၍ နှစ်မျိုးနှစ်စား တွေ့ရမည် ဖြစ်လေသည်။ လောကီတရားဟူသည်မှာ တရားထူးကို မရသေးသူ၊ ထိုသူတို့အတွက် တရားထူးရရှိရန် ဟောဖော်ညွန်ပြ ဆိုဆုံးမထားခဲ့သော ဒေသနာတော်များ ဖြစ်ပေသည်။ တနည်းအားဖြင့် ပုထုဇဉ်နှင့် သက်ဆိုင်သော သဘာဝဖြစ်စဉ်နှင့် ဒေသနာစဉ်များ ဖြစ်ကြသည်။ လောကုတ္တရာတရားဟူသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် ဒေသနာစဉ်အားဖြင့် သက်ဆိုင်သော်လည်း သဘာဝဖြစ်စဉ်အားဖြင့် သာလွန်မြင့်မြတ်သောကြောင့် အရိယာပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုသော သဘာဝဖြစ်စဉ်များ ဖြစ်ကြလေသည်။
ထိုထုပုဇဉ်ပုဂ္ဂိုတို့သည် လောကီဘောင်ထဲတွင်နေထိုင်ပြီး ကိစ္စအ၀၀ကို ဆောင်ရွက်ရတတ်လေသည်။ ထိုအခါ အကြောက်တရားသည် မသိမသာ၊ သိသိသာသာပင် လွမ်းမိုးခံနေရတတ်ပေသည်။ ထိုအခါ လူသားတို့သည် အကြောက်ကင်းပီး ချမ်းသာစွာနေနိုင်ရန် အားကိုးရာတစ်ခုခုကို ဘာသိဘာသာ လက်ခံလိုက်ရတတ်သည်။
ဘာသိဘာသာလက်ခံထားသောကြောင့် ဘာသာဘာဝပဲ နေကြသည်။ နှစ်နှစ်ကာကာ စွဲစွဲလန်းလန်း သက်ဝင်ယုံကြည်မှု မရှိပေ။ ဤကဲ့သို့ ဘာကြောင့်ဖြစ်လေသနည်း ဟူသော်…. အကျိုးတရားကို မခံစားရသေးကြောင့်ဟု ယေဘုယျဆိုရပေမည်။ အကျိုးခံစားရလေအောင်း အကြောင်းတရားကိုကော လုပ်သလား။ ကျွန်ုပ်တို့ စဉ်းစားခန်း ၀င်သင့်ပီတည်း။
ဘာကိုလုပ်ရင် ဘာတွေဖြစ်မလဲ။ မသိသောကြောင့် မလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘာသာတရား၏ စစ်မှန်ခြင်းကို တိုင်းတာဖို့ဆိုရင် ကိုယ်တိုင် သုတေသနလုပ်ဖို့ လိုအပ်ပါသည်-ဟု အထက်မှာ တင်ပြခဲ့ပြီး ဖြစ်လေသည်။ တရားထိုင်ချင်သူများ တရားထိုင်ပေါ့။
ကဲ့.. လက်တွေ့သုတေသနလုပ်ရအောင် စာရေးသူက အပေါ်ဆုံးမှာ ဂါထာစုဏ္ဏိယပါဠိလေး ပေးထားပါသည်။ ပြန်ကြည့်လိုက်ပါအုံး။ မြတ်စွာဘုရားနုတ်တော်ထွက် တရားသားစစ်စစ်ဖြစ်ပါ၏။
အခါတစ်ပါး မြတ်စွာဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်ခြေ အရိပ်အ၀ါသကောင်းသော နေရာဝယ် ခေါက်တုံ့ခေါက်ပြန် စကြံလျှောက်တော်မူနေသည်။ ထိုအခါ ဒေ၀ဒတ္တ(ရဟန်း)သည် ဘုရားရှင်ကို သေစေရန် ဂိဇ္ဈကုဋ်တောင်ထိပ်ကနေ၍ ကျောက်တုံးကြီးဖြင့် လှိပ့်ချကာ လုပ်ကြံလေသည်။ သို့သော် မြတ်စွားဘုရားပေါ်သို့ ကျောက်တုံးကြီး မကျလာခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စွန်းကြီးနှစ်ခု ထွက်လာကာ ကျောက်တုံးကြီးကို ကာကွယ်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။ ဒါပေမယ့် ထိုနှင့်ထိခိုက်မိကာ ပဲ့ထွက်လာသော ကျောက်စကျောက်နကလေးတစ်ခုသည် မြတ်စွာဘုရာ၏ခြေတော်အား လာထိခိုက်သဖြင့် ခြေတော် သွေးချည်အုသွားခဲ့သည်။ ထိုအခါ မြတ်စွဘုရားသည် တောင်ပေါ်မျှော်ကြည့်တော့ ဒေ၀ဒတ်ကို တွေ့သွားသည်။ ထိုအခါ မြတ်စွာဘုရားက.. (မောဃပုရိသ)အလကားကောင်.. သင်သည် ဘုရားရှင်အား သွေးစိမ်းတည်စေသော မကောင်းမှုကို လုပ်လိုက်ပီ။ ငါ့ကို သေစေခြင်သော်လည်း ငါ မသေ.ဟု မိန့်တော်မူသည်။ ထိုအကြောင်းကို ရဟန်းတော်များ သိကြသောအခါ မြတ်စွာဘုရားအား စောင့်ရှောက်ရန် ပရိတ်ရွတ်သူရွတ်၊ ပတ်ဝန်းကျင် လှည့်လည်စင်္ကြ့လျှောက်နှင့် ဆူညံနေလေသည်။ မြတ်စွာဘုရား ကြားသိတော်မူ၍ အာနန္ဒာမထေရ်အား ရဟန်းတော်များကို ခေါ်ခိုင်းတော်မူသည်။

ရဟန်းတော်များရောက်လာသောအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ.. အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။ (ဧတေန သစ္စ၀ဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ)
အဓိပ္ပါယ်ကား… ချစ်သားရဟန်းတို့ သူတစ်ပါးလုံးလပယောဂဖြင့် ဘုရားရှင်တို့အား အသက်ဆုံးရှုံးရခြင်းမှာ ထုံးစံမရှိ၊ အခွင့်မရှိ၊ မဖြစ်နိုင်၊ မြတ်စွာဘုရားရှင်တို့မည်သည် သူတစ်ပါးလုံးလကင်း၍ ပရိနိဗ္ဗာန်ဝင်စံမြဲ ထုံးစံတည်း။ (ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အချိန်ပြည့် ဘုရာရှင်ကဲ့သို့ ဖြစ်ပါစေ) ဟူ၍ ဖြစ်၏။

အထက်ပါဘုရားစကားတော်ကို စာရေးသူသည် စာသင်သားဘ၀ကပင် အလွတ်ကျက်ပီး အိပ်ရာဝင်တိုင်း၊ ခရီးထွက်တိုင်း ရွက်ဖတ်သရဇ္ဈာယ်လေ့ ရှိပါသည်။ ညအိပ်ခရီးထွက်ရင်လည်း အိပ်ပျော်နေရင် မရွတ်မိမှာစိုး၍ လွယ်အိပ်မှာ ဘောလ်ပင်ဖြင့် ရေးထားသေးသည်။ ကြောက်တတ်လိုက်သည်မှာ လွန်ပါ၏။
အထက်ပါ ပါဠိကို မရွတ်တတ်လျှင် နေပေ့စေ၊ စာရွက်လေးမှာ ရေးထား၍ ဆောင်ထားရုံဖြင့် လေယာဉ်ပျက်ကျသော်လည်း အသက်မသေဘဲ လွတ်မြောက်လာသူအကြောင်းကိုလည်း ဖတ်မှတ်ဖူးပေသည်။
ယခုခေတ်ဝယ် အန္တရာယ်အလွန်များလသည်။ ကာ၊ ရထား၊ လေယာဉ်ပျံ၊ အသေခံဗုံးခွဲစသည်ဖြင့် နေရာမရွေး၊ အချိန်မရွေး တွေ့ကြုံနိုင်ပေသည်။ သို့သော်လည်း သမုဒ္ဒရာ၊ ၀မ်းတစ်ထွာမို့ မကြောက်အား မလန့်အား ရုန်းကန်လှုပ်ရှား စီးပွားရှာရသည်။ သို့သော် စိုးရိမ်ထိန့်လန့်မှုကား မပျောက်သွားပေ။ မည်သို့ဆိုပါစေ မိမိတို့မှာ အားကိုးရာ၊ ကိုးကွယ်ရာ တစ်ခုခု (ဥပမာ-ရတနာသုံးပါစသည်) ရှိထားပါက စိတ်သက်သာရာ ဖြစ်နေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်-ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ထားမှ ဘေးကြုံလာသောအခါ သက်သာရာ ရပေမည်။ မကြုံလာခဲ့သော်… ဤသို့ကား ကံသေကံမ မပြောနိုင်ပေ။ လုပ်သမျှတော့ ကုသိုလ်ရနေပေသည်။ ကုသိုလ်များများထုံလာခဲ့လျှင် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
ထိုကြောင့် စာဖတ်သူများအား ကျွန်ုပ်ပေးလိုသော မစ်ဆေ့စ်မှာ.. ဘုရားရှင်၏တရားတော်များ အားလုံးအစွမ်းထက်တာချည်းပင် ဖြစ်ပါသည်။ သို့သော် ကိုယ်နှင့်သဟဇာတ လိုက်ဖက်သော ကျင့်ဝတ်တစ်ခုခုကိုတော့ လက်လွတ်မခံဘဲ ကျင့်သုံးသင့်ပါကြောင်း..။

နိဗ္ဗာန်မရခင်စပ်ကြား ဘေးအန္တရာယ်ကင်း၍ လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ။


posted by dhammasami08

Wednesday, August 4, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၃)


အမြတ်ဆုံးရတနာ (အပိုင်း-၃)
ဘိက္ခူရတနာ၊ ဘိက္ခူနီရတနာတို့တွင် ဘိက္ခူရတနာသည်သာ အမြတ်ဆုံးဖြစ်ရခြင်းကို လေ့လာပြီး၍ ယခုအခါ မြင့်မြတ်သော ၆။ ဘိက္ခူရတနာကို လေ့လာသောအခါတွင်လည်း ၆း၁။ ကိလေသာကုန်ခမ်းပြီးသော ရဟန်းတော်နှင့် ၆း၂။ ကိလေသာ မကုန်သေးသော ရဟန်းတော်ဟူ၍ နှစ်မျိုးထွက်လာပြန်သည်။
 ဤနေရာ၌ ကိလေသာကုန်ခြင်း၊ မကုန်ခြင်းနှင့် ပတ်သက်၍ ဝေါဟာရအခေါ်သည် များစွာရှိပေသည်။ “ကိလေသာ“ဟူသည်မှာ လောဘ-လိုချင်မှုစသည့်၊ ဒေါသ-စိတ်ဆိုးမှုစသည့် မကောင်းသော စိတ်အမူအယာများကို ခေါ်ဆိုပါသည်။ ထိုစိတ်ဆိုးစိတ်ယုတ်များ မရှိတော့သောပုဂ္ဂိုလ်ကို ကိလေသာကုန်ခမ်းနေသူ၊ တစ်နည်းအားဖြင့် “ရဟန္တာပုဂ္ဂိုလ်“ဟု ခေါ်ဆိုသည်။ သို့မဟုတ် “အရိယာပုဂ္ဂိုလ်“ဟုလည်း ခေါ်ဆိုသည်။ လူပုဂ္ဂိုလ်ကို “အနရိယ“ဟု ခေါ်ရသည်။ ကိလေသာကုန်ပြီးသော လူပုဂ္ဂိုလ်ဆိုတာ မရှိသောကြောင့် အရိယာပုဂ္ဂိုလ်“ဟုပြောလျှင် ကိလေသာကုန်ပြီးသောရဟန်းတော်ဟု မှတ်ယူရပေသည်။ ထိုပြင် သက္ခပုဂ္ဂိုလ်-သိက္ခာသုံးပါကျင့်ဆဲ၊ သိက္ခိတပုဂ္ဂိုလ်-သိက္ခာသုံးပါးကျင့်ပြီးပုဂ္ဂိုလ်ဟူ၍ ဘိက္ခူရတနာကို လေ့လာရာ၌ မှတ်သားထားသင့်သည်။ သက္ခ-ကျင့်ဆဲပုဂ္ဂိုလ်ဆိုသည်မှာ အဓိသီလ၊ အဓိစိတ္တ၊ နှင့် အဓိပညဟုဆိုအပ်သော သိက္ခာသုံးပါးလုံးကို ကျင့်နေဆဲဖြစ်သော ပုထုဇဉ်ရဟန်း၊ သောတာပန်ပုဂ္ဂိုလ်၊ သို့၊ သကဒါဂါမ်ပုဂ္ဂိုလ်နှင့် အနာဂါမ်ပုဂ္ဂိုလ်တို့တွင် တစ်ပါးပါးဖြစ်သည်။ သိက္ခိတပုဂ္ဂိုလ်ဆိုသည်မှာ သိက္ခာသုံးပါးလုံး ကျင့်သုံးပြီး၍ ကျင့်စရာမလိုတော့သော ရဟန္တာပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။
ထို့ကြောင့် ပုထုဇဉ်ရဟန်းပုဂ္ဂိုလ်ဆိုသည်မှာ ကိလေသာများ မကုန်ခမ်းသေးသူ၊ သို့မဟုတ်၊ သိက္ခာသုံးပါးကျင့်ဆဲပုဂ္ဂိုလ်များသာ ဖြစ်နေရကား ဘိက္ခူရတနာတွင် ကိလေသာကုန်ခမ်းပြီးသော ရဟန်းတော်သည်သာ အမြတ်ဆုံးဖြစ်သည်မှာ ထင်ရှားလပေသည်။
ဒါပေသိ ပုထုဇဉ်ရဟန်းတော်များမှာလည်း ရတနာထိုက်သောကြောင့် ရတနာသုံးပါးတွင် သံဃာအနွယ်ဝင်အဖြစ် ကိုးကွယ်ဆည်းကပ်ရပေသည်။ ပဉ္စမသံဃာယနာတင် မင်းတုန်းမင်းတရားကြီးသည် သံဃာတော်များကို အထူးပင်ကြည်ညိုအားထား အလေးပြုပေသည်။ အကြောင်းမှာ မင်းတုန်းမင်းကြီးသည် ထိုခေတ်က ရဟန်းတော်များ ညစာမစားခြင်းနှင့် မိန်းမမယူခြင်းကို အထူးပင် နှစ်သက်သဘောကျလေသည်။ မင်းတုန်းမင်းကြီးကိုယ်တိုင်းကား ညစာစားသည့်အပြင် ကာမဂုဏ်၌လည်း အလွန်အကျူးလိုက်စား စိတ်အားထက်သန်ရကား ကာမဂုဏ်၏အရသာ အတွေ့အထိ စွဲမက်ဖွယ်အဖုံဖုံကို ကောင်းကောင်းနားလည်ပေသည်။ ရဟန်းတော်များမှာကား ဤကဲ့သို့သော သုံးဆောင်ခံစားဘွယ်များကို မခံစားဘဲ ထိန်းသိမ်းထားနိုင်း၊ အောင့်အီးထိမ်းချုပ်နိုင်ပြီး သာသနာ့တာဝန်ကို ထမ်းရွက်နေရပေသည်။
တစ်ချို့သောပုဂ္ဂိုလ်များ ပြောကြသည်မှာ ရဟန်းတော်များ အောင့်အီးထိမ်းချုပ်ထားတာ များပြားလသောကြောင့် ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူ၍ မီးသင်္ဂြိုဟ်သောအခါ “ဗျောင်း၊ ဒိုင်း“ဟူသော ပေါက်ကွဲသံကြီး ကြားရတတ်သည်-ဟု ပြောစမတ်ပြုကြသည်။ “အောင့်လုံးကြီးပေါက်တာ“ ဟုဆိုကြသည်။ အမှန်ယူဆရန်မဟုတ်ပါ။  ထိုကြောင့် မင်းတုန်းမင်းကြီးသည် ကိလေသာကုန်ခမ်းရဟန္တာများ မဟုန်သည့်တိုင် သူမထိမ်းနိုင်သည်ကို ပုထုဇဉ်ရဟန်းတော်များက ထိမ်းသိမ်းနိုင်သောကြောင့် သံဃာတော်များကို အထူးပင်ကြည်ညိုပေသည်။
မှန်ပေသည်။ မင်းတုန်းမင်းကြီး၏ ကြည့်ညိုပုံကို အတုယူထိုက်လပေသည်။ သာသနာမှာ ဘာသာဝင်အားလုံး ကိုယ်ထက်သာရင် ကြည်ညိုတတ်ရပေမည်။ ဤသို့လျှင် ပုထုဇဉ်အချင်းချင်း ကြည်ညိုတတ်လျှင် ရဟန္တာပိုဂ္ဂိုလ်ကိုကား အတိုင်းထက်အလွန် ကြည်ညိုသင့်လပေသည်။ ထိုကြောင့်  ပုထုဇဉ်ရဟန်းတော်များနှင့် နှိုင်းစာလျှင် ကိလေသာကုန်ခမ်းရဟန္တာအရှင်မြတ်များက အမြတ်ဆုံးရတနာ ဖြစ်ရပေသည်။
ရဟန္တာရတနာတွင်လည်း ၇း၁။ ရဟန္တသာဝကရတနာနှင့် ၇း၂။ ဘုရားရတနာဟူ၍ နှစ်မျိုးနှစ်စား ပေါ်ထွက်လာပြန်ပေသည်။ အရှင်သာရိပုတ္တရာကဲ့သို့သော အဂ္ဂသာဝကဖြစ်လာဖို့ကား တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာကြာ ပါရမီများ ဖြည့်ကျင့်ရသည်။ ဘုရားဖြစ်လာဖို့ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ရလေသည်။
စာဖတ်သူများ သိကြသည့်အတိုင်း သာဝကနှင့် ဘုရားရှင်တို့သည် ဘယ်ပေတံနှင့်ပဲ တိုင်းတိုင်း မနှိုင်းယှည်နိုင်လောက်အောင် ဘုရားရှင်က မြင့်မြတ်လပေသည်။ သို့သော်လည်း ဤပို့စ်၌ အမြတ်ဆုံးရတနာကို ရွေးချယ်နေခြင်း ဖြစ်သည့်အတွက် မနှိုင်းအပ်သော်လည်း နှိုင်းယှည်ပြရခြင်းဖြစ်ပေသည်။ ဒါပေသိ စာရေးသူ၏ကံသုံးပါးလုံးဝယ် ဘုရားရှင်အပေါ် အထေမဲ့မြင် နိမ့်ချစော်ကားလိုသော စေတနာကား လုံးဝ မရှိပါကြောင်း ရိုးသားစွာ ၀န်ခံပါသည်။
တစ်ဆူသောဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ဘုရားရှင်အဆူဆူတို့ ပြောပြထုတ်ပြ ဟောပြသော်လည်း ဟော၍မကုန် ပြော၍မကုန်သောကြောင့် သာဝကရဟန္တာရတနာထက် ဘုရားတည်းဟူသော ရတနာကသာလျှင် အမြတ်ဆုံးဖြစ်ရပေသည်။ “ဘုရားရှင်သည် ဘုရားတစ်ဆူ၏ ဂုဏ်၊ ကျေးဇူးများကို ရှည်လျှားကြာမြင့်စွာသော ကပ်ကမ္ဘာ ကြားကာလတစ်လျှောက် ချီးမွမ်းနေမယ်ဆိုရင် မည်သည့်တရားစကားမျှမဟောကြားရဘဲ ကပ်ကမ္ဘာကြီးသာ ကုန်လွန်သွားနိုင်ရာ၏။ ထိုဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်ပေ။ (ပါထိက၀ဂ္ဂ၊ ဋ္ဌ။)
ဘုရားရတနာကသာလျှင် အမြတ်ဆုံးဖြစ်ပုံကို လေ့လာပြီးသည့်နောက်  ၈။ ဘုရားရတနာသည်လည်း ၈း၁။ ပစ္စေကဗုဒ္ဓဘုရားရတနာနှင့် ၈း၂။ သမ္မာသမ္ဗုဒ္ဓဘုရားရတနာ ဟူ၍နှစ်မျိုးနှစ်စား သိမှတ်ရလေသည်။
ပစ္စေဗုဒ္ဓါဟူသည် သီခြားဘုရားရှင် တစ်နည်းအားဖြင့် ဘုရားငယ်ဟု အသိများကြသည်။ သမ္မာသမ္ဗုဒ္ဓါဘုရားရှင်ကို “ဘုရားကြီး“ဟု ယူဆရပေမည်။ သို့သော် စာပေကျမ်းဂန်တို့၌ကား ယင်းအသုံး မရှိပေ။ ဘုရားကြီး၊ ဘုရားငယ်ဟူ၍ ခွဲခြားမှုမရှိပေ။
ပစ္စေကဗုဒ္ဓါနှင့်ပတ်သက်၍ သီလက္ခန်-အဘိန၀ဋီကာ၊ သာမညဖလသုတ်အဖွင့်၌ ပစ္စေကဗုဒ္ဓါဟူသည် “ဆရာမရှိ၊ ကိုယ်တိုင်ပင် ဗောဓိညဏ်ကို ရတော်မူသော သီးခြားဘုရား“။ဟု ဖွင့်သည်။ ထိုပြင် ပစ္စေကဗုဒ္ဓါသည် ကိုယ်တိုင်သာသိပြီး၊ သူတစ်ပါးအား မသိစေတတ်။ အတ္ထရသကို သာလျှင် ထိုးထွင်းသိပြီး ဓမ္မရသကို မသိ။ အဆင့်မြင့်လောကုတ်တရားများအပေါ် ဝေဖန်သုံးသပ်ပြီး မဟောတတ်။ ဥပမာအားဖြင့်ကား ပစ္စေကဗုဒ္ဓါတို့၏ တရားကို ထိုးထွင်းကာ သိနေခြင်းသည် တွေဝေစွာ အိမ်မက်ထဲမှာေ၀၀ါးနေသကဲသို့ ဖြစ်နေလေသည်။ သို့သော်လည်း တန်ခိုး၊ အဘိညာဉ်၊ သမာပတ်အစွမ်းသတ္တိများကား ပြည့်စုံကြပေသည်။
ပစ္စေကဗုဒ္ဓါဘုရားရှင်တို့သည် သမ္မာသမ္ဗုဒ္ဓါဘုရားရှင်တို့ မပွင့်ပေါ်သောအချိန်မှသာ ပွင့်သည်။ တပည့်သာဝက မရှိမူ၍ တစ်ပါးတည်းသီးခြားနေထိုင်တော်မူကြသည်။ ကိုယ်တိုင်သစ္စာလေးပါး တရားတော်ကို သိပြီးဖြစ်သော်လည်း ဝေနေယျသတ္တ၀ါအများကို ဟောကြားပြသဆုံးမရန် အားထုတ်တော်မမူးကြပေ။ ကိုယ်တိုင်ကား သစ္စာလေးပါးကိုပေမယ့် သူတစ်ပါးကိုကား သိစေခြင်းငှါ မစွမ်းနိုင်ပေ။ ပစ္စေကဗုဒ္ဓါဘုရားရှင် ဖြစ်ဖို့ကား နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ကျင့်ရပီး သမ္မာသမ္ဗုဒ္ဓါဘုရားရှင်တို့မှာကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ရလေသည်။
ယခုမျက်မှောက်ဝယ် ဘုရားရုပ်ပွား၊ စေတီများကို ဘုရားကိုယ်စား ကိုယ်းကွယ်ရာဝယ် သမ္မာသမ္ဗုဒ္ဓါဘုရားရှင်ကို ရည်ညွန်းကိုယ်းကွယ်နေကြခြင်းသာ ဖြစ်ကြပေသည်။
ထိုကြောင့် ဘုရားရတနာတို့တွင်လည်း သမ္မာသမ္ဗုဒ္ဓါတည်းဟူသော ဘုရားရတနာသည်သာလျှင် အမြတ်ဆုံးဖြစ်ရပေသည်။ 
အမြတ်ဆုံးဖြစ်ရာ၊ ဘုရားရတနာအား၊ ယခုရေးသား၊ ပို့စ်တရားဖြင၊့် ခယပူဇော်၊ ကြည်သဓာဖြင့်၊ ဦးတင်ပါသည်၊ လိုရာကောင်းကျိုး၊ ပြည့်စေသော်ဝ်။

Saturday, July 17, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၂)

အမြတ်ဆုံးရတနာ(အပိုင်း-၂)

           ပုရိသရတနာနှင့် အိတ္ထိယရတနာတို့တွင် ပုရိသရတနာမြတ်သည်ကို လေ့လာပြီးနောက် အခုတစ်ခါ (၄)ပုရိသရတနာ-ယောက်ျားရတနာတို့တွင်လည်း သာသနာတော်တွင်း ၄း၁။ သာမဏေ-ကိုရင်ရတနာနှင့် ၄း၂။ ဘိက္ခူ-ရဟန်းရတနာဟူ၍ နှစ်မျိုးခွဲခြား ထွက်လာပြန်သည်။
        ကိုရင်သာမဏေတို့သည် သေခိယသိက္ခာခေါ် သေးငယ်သောကျင့်ဝတ်(၇၅)သီလများကို ကျင့်သုံးရသည့်အပြင် ရဟန်းတော်တို့အပေါ်၌ ပြုသင့်ပြုထိုက်သော ၀တ်ကြီးဝတ်ငယ်များကိုလည်း ပြုစုလုပ်ကြွေးရလေသည်။ “၀တ်တရားမကျေသော သူသည် သီလကို ဖြည့်ကျင့်သည်မမည်။ သီလမစင်ကြယ်သော သူသည် ပညာအရာမထွန်းပနိုင်၍ စိတ်၏တည်ကြည်မှုကို မရ။“ အစရှိသည်ဖြင့် သာမဏေငယ်လေးတွေကို ရဟန်းတော်များ ဆိုဆုံးမရလေသည်။
    သို့သော် လူပုဂ္ဂိုလ်အနေဖြင့်ကား ကိုရင်သာမဏေပဲ မလောက်လေးမလောက်စာဆိုပြီးကာ အထင်သေးအမြင်သေးလျှက် ခေါင်းပုတ်၊ ခိုင်းစေ၊ ငေါက်ငမ်းပြောဆိုပါက သာသနာတော်ကို အလားတူစော်ကားရာ ရောက်သောကြောင့် ပြစ်မိမှားပြုလုပ်သူများ အပြစ်ကြီးလေးလပါပေသည်။ မွေးကျေးဇူးထောက်၍ သားသမီးများက မိဘကို ရှိခိုးပူးဇော်ဦးခိုက်ထိုက်ပေမယ့် ကိုယ်မွေးသည့်သား သာသနာဘောင်တွင်း သာမဏေငယ်အဖြစ်ဖြင့် သာသနာ့ဝန်ကို ထမ်းရွက်နေပီဆိုရင် ဘုရားသားတော်သာလျှင် မည်တွင်သောကြောင့် ဂုဏ်အားဖြင့် မြင့်တက်သွားရကား မိဘသည်ပင် ရှိခိုးဦးခိုက်ရလေတော့၏။ ထိုထက်လွန်ကာ ရဟန်းတော်များကိုကား အတိုင်းအထက်ပင် ရိုသေးလေးစားမြတ်နိုး ဦးခိုက်ရပေမည်။
      ငါးပါးသီလလုံခြုံသူကို နတ်သိကြားကပင် ရှိခိုးရသည်ကို ထောက်ဆရင် ကိုရင်လေးသည် နတ်၊ သိကြား၊ ဗြဟ္မာတို့ထက်ပင် မြင့်မြတ်လေရကား အဘယ်မှာပင် ဆိုဖွယ်ရာရှိပါတော့မည်နည်း။ ရိုသေလေးစား ရိုခိုးအပ်သည်သာတည်း။ မြတ်စွားဘုရားရှင်လက်ထက်တုန်းက ကိုရင်လေး ရှင်သောပါကသည် ခုနှစ်သားအရွယ်သာ ရှိသေးသည်။ သို့သော် နိဗ္ဗာန်ကို ကိုယ်တိုင်မျက်မှောက်ပြုနိုင်သော ရဟန္တာသာမဏေတည်း။ ရိုးရိုးပုထုဇဉ် သာမဏေမဟုတ်။ ဒါပေသိ သာမဏေလေး၏ဂုဏ်အရည်အချင်းကို မသိကုန်သော လူကြီးပိုင်းများ၊ ကိုရင်ကြီးများ၊ ရဟန်းတော်များက နောက်ပြောင်ကျီစယ်၊ ခေါင်းပုတ် လက်ဆွဲ လုပ်ကြ၏။
      ဤသည်ကို သတိပြုလေ့လာမိသော မြတ်စွာဘုရားက ဥပမာပြ၍ သတိပေးတော်မူသည်။  “ အဆိပ်ရှိသော သတ္တ၀ါကို သေးငယ်တယ်ဆိုပြီး မလေးမခန့် မပြုလုပ်ရာ၊ အဆိပ်မိကာ သေနိုင်သည်။ ဦး၈ျိုရှိသော၊ အစွယ်ရှိသော သတ္တ၀ါကို အထင်မသေးရာ၊ အန္တရာယ်ပြုနိုင်သည်။ ထို့အတူပင် ကိုရင်ငယ်ဆိုပြီးကာ မလေးမစားမပြုရာ အကုသိုလ်အပြစ်ထိုက်သည်။“
ထို့အတူပင် ရဟန်းတော်များသည်ကား ကိုရင်သာမဏေထက် ဂုဏ်အားဖြင့် မနိုင်းယှဉ်နိုင်အောင် များပြားလ၏။ ရဟန်းတော်များသည် ၂၂၇-သွယ်အကျဉ်း သိက္ခာပုဒ်စည်းမျည်းကို စောင့်ထိမ်းရသည်သာမက အကျယ်အားဖြင့် ကုဋေ ၉-ထောင်ကျော်သော ၀ိနည်းစည်းကမ်းများကို မကျိုး၊ မပေါက်၊ မပြောက်၊ မကြားအောင် စိတ်အလိုမလိုက်ဘဲ ဘုရားသားတော်များပီပီ အဖရဲ့ဂုဏ်ကို ဆောင်လျက် စောင့်ထိမ်းကြရပေသည်။ ထို့ကြောင့် ရဟန်းတော်များသည် ကိုရင်သာမဏေများထက် ပိုမိုကာ ရိုသေလေးစား ဆည်းကပ်သင့်လသည်မှာ အထူးဆိုဖွယ်ရာ မရှိပေ။ သာမဏေသည် ရဟန်းတော်၏သား၊ ဘုရားရှင်သည် အဖိုး။
         သဒ္ဒါကျမ်း၌ “သမဏဿ အပစ္စံ သာမဏေရော“ဟု ၀ိဂ္ဂဟပြုလေသည်။ အနက်မှာ “ရဟန်းတော်၏ သားတော်ဖြစ်သောကြောင့် သာမဏေမည်၏“ဟူ၍ ဖြစ်ပါသည်။ ထို့ကြောင့် သာမဏေထက် ရဟန်းက မြတ်ပေသည်။ ဤသို့ဖြင့် ကိုရင်သာမဏေများသည် ရဟန်းတော်တို့၏ အလုပ်အကြွေးသာ ဖြစ်သောကြောင့် ဘိက္ခူ(ရဟန်း)ရတနာက သာမဏေ(ကိုရင်)ရတနာထက် မြတ်သည်ဟု မှတ်သားရပေမည်။
မှတ်ချက်။ ။ သမဏ=ရဟန်း၊ ဦးပဉ္ဖင်း။ သာမဏေရ=ကိုရင်၊ မောင်ရင်၊ သာမဏေ။
         ရဟန်းဟုဆိုရာ၌ ရဟန်း၊ ရဟန်းမ ဟူ၍ သာသနာမှာ နှစ်မျိုးနှစ်စားရှိနေသည်။ ရဟန်းကို “ဘိက္ခူ“ ဟုခေါ်၍ ရဟန်းမကို “ဘိက္ခူနီ“ဟုခေါ်ဆို၏။ သာမဏေမှာလည်း သာမဏေ(ကိုရင်ယောက်ျား) သာမဏေရီ(သာမဏေမ) ဟူ၍ နှစ်မျိုးရှိလေသည်။ နောက်တစ်မျိုးမှာ သိက္ခာမာန(သိက္ခာမာန်=သိက္ခာပုဒ် ကျင့်ဆဲပုဂ္ဂိုလ်)ဟု ၀ိနည်း၌ တွေ့ရ၏။ သူ့ကိုလည်း ဘိက္ခူနီနှင့်ပတ်သက်ပီး ဘိက္ခူနီမပြုခင် ရှေးဦးကျင့်ဖွယ်ရာကို ကျင့်သုံးနေထိုင်ရသူပင် ဖြစ်သည်။
         ထိုကြောင့် ၅။ ဘိက္ခူရတနာတွင်လည်း ၅း၁။ ဘိက္ခူရတနာနှင့် ၅း၂။ ဘိက္ခူနီရတနာဟူ၍ နှစ်မျိုး ထွက်ပေါ်လာ၏။ ထိုရတနာနှစ်မျိုးတွင် ဘိက္ခူရတနာ(ရဟန်းရတနာ)သည်သာ ဘိက္ခူနီ(ရဟန်းမ)ထက် မြတ်ပေသည်။ ရဟန်းမဟု ဆိုရာ၌ မိန်းမဘ၀ဖြင့် ရဟန်းပြုလာသူကို“ ရဟန်းမ“ဟုခေါ်သည်ဟု မှတ်ရမည်။
    မြတ်စွာဘုရားလက်တော်မှအစပြု၍ မြတ်စွာဘုရားပရိနိဗာန်ဝင်စံပြီး နောင်နှစ်ပေါင်း ၂-ရာကျော်တိုင်တိုင် ဘိက္ခူနီသာသနာ တည်ရှိနေပေသေးသည်။ ယခုအခါမှာတော့ ဘိက္ခူနီသာသနာ မရှိတော့ပေ။ သို့သော် သီဟိုဠ်ကျွန်းမှာကား “ဘိက္ခူနီ“ဟုခေါ်ဆိုသော ရဟန်းမများ တွေ့မြင်နိုင်ပေသေး၏။ (ဘိက္ခူနီသာသနာ ယခုမျက်မှောက် ရှိသင့်၊ မရှိသင့်။ မြန်မာပြည်၌ အဆုံးအဖြတ်ပြုထားသည်ကို လေ့လာသင့်၏။ စကားချပ်။)
       ဤနေရ၌ မေးစရာ ရှိလာသည်။ ဘိက္ခူနီသာသနာဝယ် ဒိပ်ဒိပ်ကျဲပုဂ္ဂိုလ်တွေ ရဟန်းဝတ်လာတာ ရှိပေ၏။ မိထွေးတော် ဂေါတမီ(ဘုရားရှင်၏မွေးစားအမေ)၊ ယသောဓရာ(သိဒ္ဒတ္ထမိဖုရားဟောင်း)၊ ဇနပဒကလျာဏီ(နန္ဒမင်းသားဇနီးလောင်း)၊ ခေမာ- စသော သာကီဝင်မင်းသမီးများ၊ အနောဇာမိဖုရားစသော မင်း၏မိဖုရားများ၊ ထိပ်တန်းသူဌေးသမီးများ၊ ပညာတတ်ပီး ပစ္စည်းပေါ မိန်းမမြတ်များ အများအပြာပင် သာသနာတော်တွင်းဝင်ရောက်ကာ ရဟန်းမ=ဘိက္ခူနီဝတ်ကြပေ၏။ ထိုသို့ ထိပ်တန်းပုဂ္ဂိုလ်တို့ ပြုသော သာသနာဖြစ်သော်လည်း သာသနာတော်သည် ကြာရှည်အောင်မတည်ခြင်းကား အဘယ်ကြောင့်ပါနည်း။
      အမှန်အားဖြင့် မြတ်စွားဘုရားရှင်သည် ဘိက္ခူနီသာသနာကို ပေါ့ပေါ့တန်တန် အလွယ်တကူ တည်ထောင်ခွင့် ပြုခဲ့သည် မဟုတ်ပေ။ မိထွေးတော်ဂေါတမီအမှုးပြုသော သာကီဝင်မင်းသမီးပေါင်းသည် ဘိက္ခူနီပြုခွင့်ရရန် ဒုက္ခခံပီး အပြင်းအထန်ကြိုးစားခဲ့ရသည်။ နောက်ဆုံး အရှင်အာနန္ဒာ၏ စကားပြောကောင်း၊ အလျှောက်ကောင်းသဖြင့်သာ မြတ်စွာဘုရားက “အေး၊ ကောင်းပီ အာနန္ဒာ၊ ဂရုဓမ်(၈)ပါးကို တသက်လုံး လက်ခံကျင့်သုံးမယ်ဆိုရင် ငါ ခွင့်ပြုမယ်“ မိန့်တော်မူပြီး လိုက်လျောခဲ့ပေသည်။
        ဘိက္ခူနီများအတွက် စည်းကမ်းချပညတ်ရာမှာလည်း ရဟန်းတော်တွေထက် ပါရာဇီက(၄)ပါး ပိုမို၍ ထည့်သွင်းကာ တင်းတင်းကျပ်ကျပ် ပညတ်ထားပေသည်။ မိန်းမတို့မည်သည် မာနကြီးလေ့ရှိသည်။ တုဖက်ပြိုင်တတ်သည်။ သူလည်းရဟန်း၊ ငါလည်းရဟန်း ဘာကြောင့် အရိုအသေပေးရမည်နည်း။ ဤကဲ့သို့ အကြောင်းတရားကို ကောင်းကောင်းသိတော်မူသော ဘုရားရှင်သည် ဘိက္ခူနီဝတ်၍ ၀ါ(၈၀)ရနေသော်လည်း ယနေ့ ရဟန်းဝတ်ကာ သိမ်မှထွက်ခါစ ရဟန်းသစ်ကလေးကို ရှိခိုးရမယ်၊ အရိုအသေပေးရမယ်ဟူ၍ ပညတ်ထားခဲ့ပေသည်။
ထိုကြောင့် ဘိက္ခူနီရတနာထက် ဘိက္ခူရတနာက ပို၍ မြတ်ပါသည်။

ဂရုဓမ်(၈)ပါး
၁။ နှစ်တရာရှိ ဘိက္ခူနီပင်ဖြစ်ပစေ ယနေ့မှ ရဟန်းဖြစ်လာသူ ရဟန်းသစ်ကို တသက်လုံး ရှိခိုးရမည်၊ လက်အုပ်ချီပြုစုရမည်။
၂။ ၀ါတွင်းကာလ၌ ဘိက္ခူနိသည် ရဟန်းမရှိသောကျောင်းဝယ် ၀ါမကပ်ရ။ တသက်လုံး လိုက်နာရမည်။
၃။ လခွဲတိုင်း ဥပုသ်ပြုကာ၊ သြ၀ါဒခံယူရမည်။
၎။ ၀ါကျွတ်လျှင် နှစ်ဖက်သော သံဃာမှာ ပ၀ါရဏာပြုရမည်။
၅။ ဂရုဓမ်ကျိုးပေါက်ရင် နှစ်ဖက်သံဃာ၌ ပက္ခမာနတ်ကျင့်ရမည်။
၆။ နှစ်နှစ်တိုင်တိုင် သိက္ခာ(၆)ပါး ကျင့်ပြီးသော သိက္ခာမာန်သည် နှစ်ဖက်သံဃာ၌ ရဟန်းခံဖို့ ခွင့်တင်ရမည်။
၇။ ဘိက္ခူနီတစ်ပါးပါးသည် မည်သည့်အကြောင်းကြောင့်နှင့်မျ ဘိက္ခူသံဃာကို မဆဲရေးရ၊ မပုတ်ခတ်ရ။ တသက်လုံး စောင့်ထိမ်းရမည်။
၈။ ဘိက္ခူနီသာသနာတွင်း ၀င်လာသည့်နေ့မှစ၍ ဘိက္ခူနီတို့က ရဟန်းတော်တို့အား ပြောဆိုဆုံးမခွင့်ကို ပိတ်လိုက်သည်။ ဘိက္ခူနီသည် ဘိက္ခူတို့အား ပြောဆိုခွင့် မရှိ၊ တသက်လုံး လိုက်နာကျင့်သုံးရမည်။
                    (၀ိနယ ၊စူဠ၀ဂ္ဂ၊ ၄၀၃) မှတ်ချက်။ ။ မရှင်းတာရှိရင် စီပုံးမှာ အော်ခဲ့ပါ။
                                          အပိုင်း(၃) ဆက်လက်ဖတ်ရှုရန်

Wednesday, June 30, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၁)


အမြတ်ဆုံးရတနာ(အပိုင်း-၁)
ရတနာ
“ရတနာဆိုတာ ဘာလဲ“လို့မေးရင် ကိုယ်သန်ရာ ကြိုက်နှစ်သက်ရာကို ဖြေကြလိမ့်မည်။ “ဘာကြောင့် ရတနာခေါ်ပါသလဲ.“ဟု ထပ်ဆင့်မေးခဲ့ရင် ပိုပီးတော့လွယ်ကူတဲ့မေးခွန်းဆိုတာ ထင်ရှားပါသည်။ လူတိုင်းကြိုက်နှစ်သက်အပ်၊ မြတ်နိုးအပ်၊ တန်ဖိုးများစွာ ထိုက်တန်သောကြောင့် ရတနာဟူ၍ ခေါ်တာပေါ့။ မှန်ပါတယ်။ ပါဠိစာပေ၌ “ရတိ ပေမံ ဇနေတီတိ ရတနာ“ သဒ္ဒါကျမ်းက ဆိုသည်။ အဓိပွှါယ်မှာ “လူတွေကြိုက်နှစ်သက်သောကြောင့် ရတနာမည်၏“တဲ့။
စိတ္တေကဂ္ဂတံ မဟဂ္ဂဉ္စ အတုလံ ဒုလ္လဘဒဿနံ အနောမသတ္တံ ပရိဘောဂံ ”ရတနံ”နာမ ပ၀ုစ္စတိ။ အနက်မပြန်တော့ပါဘူး။ အနက်ပြန်နေရင် လိုရင်းမရောက်ဘဲ စာဖတ်ရတာ ငြီးငွေ့သွားတတ်သည်။
”အမြတ်ဆုံးရတနာ”ဟူ၍ Title ပေးထားသောကြောင့် အမြတ်ဆုံးရတနာကို ရှာဖွေလေ့လာကြစို့။ လောကမှာ ရတနာတွေကို အုပ်စုခွဲလိုက်ရင် ၁။ လောကီရတနာ နှင့် ၂။ လောကုတ္တရာရတနာဟူ၍ နှစ်မျိုးသတ်မှတ်နိုင်ပေသည်။ အမှန်အားဖြင့် လောကီရတနာသည် ရတာ နာတတ်သည်။ လောကုတ္တရာရတနာ သည်သာ ရတာ မနာဘဲ၊ ရလေရလေ မြတ်လေလေဖြစ်သော ရတနာအစစ်ဖြစ်ပါသည်။
အမြတ်ဆုံးရတနာ၏ခေါင်းစဉ်အောက်မှာ ရတနာကို ကြာနီကန်ဆရာတော် ဟောကြားတော်မူထားခဲ့တဲ့ “အမြတ်ဆုံးရတနာ”တရားတော်မှ ပြန်လည်ရှာဖွေကာဖော်ထုတ်၍ တစ်မူထူးခြားစွာ ဆန်းစစ်ဝေငှမျှဝေခြင်းသာ ဖြစ်ပါသည်။
လောက၌ရှိသော ရတနာတို့တွင် (၁)၀ိသေသအားဖြင့် ခွဲခြမ်းလျှင် ၁း၁။ သ၀ိညာဏကရတနာ= သက်ရှိရတနာ( အသက်ထင်ရှားရှိသော ရတနာ) တစ်နည်းအားဖြင့် အသက်ထင်ရှားရှိ၊ ရတနာလည်းထိုက်သူ။
၁း၂။ အ၀ိညာဏကရတနာ= သက်မဲ့ရတနာ( သက်ရှိမဟုတ်သော ရတနာ) တစ်နည်းအားဖြင့် သက်ရှိသတ္တ၀ါမှတစ်ပါး သက်မဲ့ဝတ္ထုပစ္စည်းလည်းဖြစ်၊ ရတနာလည်းထိုက်သောအရာ။
လောကမှာ သက်ရှိသတ္တ၀ါတွေဟာ သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုမိုပြီးတော့ မြတ်ပါတယ်။ သားသမီးရတနာမှ အစပြု၍ စင်္ကြ၀တေးမင်း၏ရတနာ(၇)ပါးတွင် ဆင်ရတနာ၊ မြင်းရတနာ၊ မိဖုရားရတနာများသည် သက်ရှိရတနာများ ဖြစ်ကြသည်။ သက်မဲ့ရတနာတွေဖြစ်ကြသော လောကီရတနာတွေဆိုတဲ့ ရွှေ၊ ငွေစသော ရတနာများသည် တန်ဖိုးရှိတာ မှန်ပါသည်။ သို့သော်လည်း လူအများက သတ်မှတ်သုံးစွဲနေ၍သာ တန်းဖိုးရှိနေရသည်။ လူမသုံးလျှင် တန်ဖိုးမဲ့သွားပါတော့သည်။ ထို့ပြင် ရတနာပစ္စည်းဟူသည် သက်ရှိသတ္တ၀ါတို့၏ ဘုန်းကံအလျှောက် ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ကြပါသည်။
ထို့ကြောင့် သက်ရှိရတနာနှင့် သက်မဲ့ရတနာ နှစ်မျိုးတွင် သက်ရှိရတနာသာလျင် အမြတ်ဆုံးဆိုတာ သိသာထင်ရှားလပါသည်။
(၂) တစ်ဖန် သက်ရှိရတနာကို ထပ်ခွဲလျှင် ၂း၁။ လူရတနာနှင့် ၂း၂။ တိရိစ္ဆာန်ရတနာ ဟူ၍ နှစ်မျိုး ခွဲခြမ်းရရှိလာပါလိမ့်မည်။
လောကမှာ အခြေနှစ်ချောင်၊ အခြေလေးချောင်းစသော သက်ရှိတိရိစ္ဆာန်များသည် သက်ရှိလူသားများထက် မြင့်မြတ်တယ်ဆိုတာ မရှိပေ။ ကြားလည်း မကြားဘူးပေ။ စင်္ကြာမင်း၏ ဆင်ရတနာ၊ မြင်းရတနာများသည် လူတွေထက် ခွန်အားကြီးပေသည်။ အသုံးလည်း ၀င်လပေသည်။ သို့သော် လူသားများနှင့် တန်းတူဂုဏ်ရည်တူ အဆင့်မှာ မထားကြပေ။ အခွင့်အရေး မရကြပေ။ စင်္ကြာမင်း၏ဆင်ရတနာ၊ မြင်းရတနာများ မြတ်ပေမယ့် လူတွေ၏အလုပ်အကြွေးအစေအပါးသာ ဖြစ်ကြ၍ သက်ရှိရတနာခြင်းတူသော်လည်း ဘုန်းကံပါရမီးခြင်း ကွာခြားလသောကြောင့် သက်ရှိလူသားရတနာက ပိုမိုကာ အမြတ်ဆုံး ဖြစ်ရပေသည်။ ဒဏ္ဍာရီထဲမှာ တိရိစ္ဆာန်ဘုရင်များ ဇာတ်ကောင်လုပ်ကာ တိုင်းပြည်အုပ်ချုပ်နေသော်ငြား လူသားများက ခစားပျပ်ဝပ်ဆည်းကပ် လုပ်ကြွေးလေ့ရှိသည်ကို မမှတ်သားဘူးပေ။ ဒါပေသိ အလားတူ ဇာတ်လမ်းမျိုးရှိခဲ့သော် အစစ်မှန်မဟုတ်ဘဲ လုပ်ကြံဒဏ္ဍာရီများသာ ဖြစ်ပေသည်။ တချို့သော ဘုရားဟောဇာတ်တော်များတွင့် လူသားနှင့် တိရိစ္ဆာန်တို့ အိမ်ထောင်ပြု ပေါင်းသင်းဆက်ဆံကြသည်ကို လေ့လာတွေ့ရှိနိုင်သော်လည်း လူသားများက အလိုမတူဘဲ အားမတန်မာန်လျှော့ကာ ဆက်ဆံခဲ့ရကြောင်းကို သတိထားမိမှာပါ။ အမျိုးဇာတ်ချင်းမတူက ပေါင်းဖော်၍ မရတတ်ကြောင်း သင်္ခန်းစာယူရပေမည်။
ထို့ကြောင့် သက်ရှိရတနာတို့တွင် လူသားသက်ရှိရတနာက သက်ရှိတိရစ္ဆာန်ရတနာထက် ပိုမြတ်ကြောင်း ထင်းရှားလပါသည်။
(၃)လူရတနာကို ထပ်ခွဲပြန်လျင် ၃း၁။ ပုရသ=ယောက်ျားရတနာနှင့် ၃း၂။ အိတ္ထိယ =မိန်းမရတနာ ဟူ၍ နှစ်မျိုးရလာပေသည်။
“မိန်းနှင့် ယောက်ျား ဘယ်သူက မြတ်သလဲ။“ စာရေးသူ၏ သဘောထားကို မဖတ်ခင် စာဖတ်သူများ ကိုယ်တိုင်ဆုံးဖြတ်ဝေဖန် ကြည့်ကြပါ။ ပထမဆုံး ဘာကြောင့် မြတ်ရတာလဲ။ အကြောင်းရှာပါ။ အမှန်အားဖြင့် မိန်းမနှင့် ယောက်ျား “လူလူချင်းပဲ ယှဉ်ထိုးမလား“ ဟူ၍ စိန်ခေါ်ခဲ့သော် ယှဉ်ထိုးကြမလား၊ ယှဉ်ထိုးရင် ဘယ်သူက နိုင်မလဲ၊ ဘယ်သူကရှုံးမလဲ။ ရှေးခေတ်က စင်္ကြာဝတေးမင်း၏ မိဖုရားခေါင်ကြီးသည် မိန်းများတွင်တော့ အမြတ်ဆုံးမိန်မရတနာဟု ဆိုထိုက်ပေသည်။ တိုင်းပြည်အုပ်ချုပ်ဘုရင်မများစွားလည်း ဇာတ်တော်ထဲမှာသာမ မျက်မှောက်ခေတ် နိုင်ငံအသီးသီး၏ရာဇ၀င်သမိုင်းများမှာပါ လေ့လာတွေ့ရှိနိုင်ပါသည်။ သို့သော် သူမတို့ အမှန်တကယ် မြတ်ကြပါရဲ့လား။ မြတ်တော့မြတ်ကြပါသည်။ အမြတ်ဆုံးမဟုတ်ကြပါ ဟူ၍ ဆိုရပေမည်။ ယောက်ျားနှင့် မိန်မယှဉ်လျင် မိန်မသည် ယောက်ျား၏ခြေရင်း အလုပ်အကြွေးသာ ဖြစ်ကြသောကြောင့် ယောက်ျားရတနာသည်သာ အမြတ်ဆုံးရတနာဖြစ်ရပေသည်။ သို့သော်လည်း တရားဓမ္မဖက်က ကြည့်လျှင် မြတ်အောင်နေမှ မြတ်ပေသည်။ မိန်းမအဆဲခံနေရသော ယောက်ျားသည် မြတ်သူဟု ဆိုထိုက်ပါသလား။ နိဗ္ဗာန်ဝင်ခြင်းအတူတူ ယောက်ျား နိဗ္ဗာန် ၊ မိန်းမ နိဗ္ဗာန်  မရှိပေ။
ဤနေရာ၌ ရတာနာထိုက်သော မိန်းမရတနာတို့ကိုသာ ဆိုလိုပါသည်။ ရတနာမထိုက်ပေမယ့် မြင့်မြတ်သော မိန်းမများစွာ ရှိသည်ကိုလည်း သတိရပေးပါ။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူ တော်လေး၀၀င် မိန်းမမြတ်များစွား ရှိပေသည်။ ဒါပေသိ လောကဝေါဟာရအားဖြင့်ကား မိန်းမရတနာထက် ယောက်ျားရတနာက မြတ်ပေသည်။
ဘုရားဟောတရားတော်ထဲတွင်လည်း မိန်းမသားများ ရောက်ခွင့်၊ ဖြစ်ခွင့်မရှိသော အရာ(၅)မျိုး ရှိပေသည်။
မိန်းမတို့သည်   (၁) စင်္ကြာဝတေးမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။                    
                     
                     (၂) သိကြားမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၃) ဗြဟ္မာမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၄) မာနတ်မင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၅) သမ္မာသမ္ဗုဒ္ဓါဘုရား ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။(အင်္ဂုတ္တရနိကာယ၊ပ၊၃၀)


မှတ်ချက်။    ။ မိန်းမစင်္ကြာဝတေး၊ မိန်းမသိကြားမင်း မဖြစ်နိုင် ဆိုလိုသည်။ ဗြဟ္မာပြည်မှာ မိန်းမ၊ ယောက်ျား ခွဲခြားမှုမရှိသောကြောင့် ဒီဘ၀က မိန်းမဘ၀ဖြင့် သေးသွားသော်လည်း ဗြဟ္မာပြည်ရောက်တော့ ယောက်ျားတွေချည်းဖြစ်ကုန်သည်။
ထိုသို့ပင် ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်သော်လည်း ယခုဘ၀မှာ လင်ယောက်ျားကို မီးကဲ့သို့ ရိုသေစွာလုပ်ကြွေးခြင်း၊ မိဘကျေးဇူးအထူးဆပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ကာ နောက်ဘ၀၌ ယောက်ျားဖြစ်အောင် ဆုယူနိုင်ခြင်း၊ ထိုမှတစ်ဖန် စင်္ကြာဝတေးမင်းဖြစ်ကြောင်း အကျင့်တရား၊ သိကြားမင်းဖြစ်ကြောင်း အကျင့်တရား၊ ဗြဟ္မာဖြစ်ကြောင်း အကျင့်တရား၊ ပစ္စေကဗုဒ္ဓါ ဘုရားငယ်ဖြစ်ကြောင်း ပါရမီ၊ သမ္မာသမ္ဗုဒ္ဓါမြတ်ဘုရားဖြစ်ကြောင်း ပါရမီများကို လမ်းစဉ်တကျ ဖြည့်ကျင့်ပါမူ မိမိဖြစ်ခြင်းသော ဘ၀မျိုး မည်သူမဆို လိုရာလိုရာ ပြည့်စုံနိုင်ပါပေသည်။
(အပိုင်း(၂)ဆက်လက်ဖတ်ရှုရန်)