Wednesday, August 4, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၃)


အမြတ်ဆုံးရတနာ (အပိုင်း-၃)
ဘိက္ခူရတနာ၊ ဘိက္ခူနီရတနာတို့တွင် ဘိက္ခူရတနာသည်သာ အမြတ်ဆုံးဖြစ်ရခြင်းကို လေ့လာပြီး၍ ယခုအခါ မြင့်မြတ်သော ၆။ ဘိက္ခူရတနာကို လေ့လာသောအခါတွင်လည်း ၆း၁။ ကိလေသာကုန်ခမ်းပြီးသော ရဟန်းတော်နှင့် ၆း၂။ ကိလေသာ မကုန်သေးသော ရဟန်းတော်ဟူ၍ နှစ်မျိုးထွက်လာပြန်သည်။
 ဤနေရာ၌ ကိလေသာကုန်ခြင်း၊ မကုန်ခြင်းနှင့် ပတ်သက်၍ ဝေါဟာရအခေါ်သည် များစွာရှိပေသည်။ “ကိလေသာ“ဟူသည်မှာ လောဘ-လိုချင်မှုစသည့်၊ ဒေါသ-စိတ်ဆိုးမှုစသည့် မကောင်းသော စိတ်အမူအယာများကို ခေါ်ဆိုပါသည်။ ထိုစိတ်ဆိုးစိတ်ယုတ်များ မရှိတော့သောပုဂ္ဂိုလ်ကို ကိလေသာကုန်ခမ်းနေသူ၊ တစ်နည်းအားဖြင့် “ရဟန္တာပုဂ္ဂိုလ်“ဟု ခေါ်ဆိုသည်။ သို့မဟုတ် “အရိယာပုဂ္ဂိုလ်“ဟုလည်း ခေါ်ဆိုသည်။ လူပုဂ္ဂိုလ်ကို “အနရိယ“ဟု ခေါ်ရသည်။ ကိလေသာကုန်ပြီးသော လူပုဂ္ဂိုလ်ဆိုတာ မရှိသောကြောင့် အရိယာပုဂ္ဂိုလ်“ဟုပြောလျှင် ကိလေသာကုန်ပြီးသောရဟန်းတော်ဟု မှတ်ယူရပေသည်။ ထိုပြင် သက္ခပုဂ္ဂိုလ်-သိက္ခာသုံးပါကျင့်ဆဲ၊ သိက္ခိတပုဂ္ဂိုလ်-သိက္ခာသုံးပါးကျင့်ပြီးပုဂ္ဂိုလ်ဟူ၍ ဘိက္ခူရတနာကို လေ့လာရာ၌ မှတ်သားထားသင့်သည်။ သက္ခ-ကျင့်ဆဲပုဂ္ဂိုလ်ဆိုသည်မှာ အဓိသီလ၊ အဓိစိတ္တ၊ နှင့် အဓိပညဟုဆိုအပ်သော သိက္ခာသုံးပါးလုံးကို ကျင့်နေဆဲဖြစ်သော ပုထုဇဉ်ရဟန်း၊ သောတာပန်ပုဂ္ဂိုလ်၊ သို့၊ သကဒါဂါမ်ပုဂ္ဂိုလ်နှင့် အနာဂါမ်ပုဂ္ဂိုလ်တို့တွင် တစ်ပါးပါးဖြစ်သည်။ သိက္ခိတပုဂ္ဂိုလ်ဆိုသည်မှာ သိက္ခာသုံးပါးလုံး ကျင့်သုံးပြီး၍ ကျင့်စရာမလိုတော့သော ရဟန္တာပုဂ္ဂိုလ်ပင် ဖြစ်ပေသည်။
ထို့ကြောင့် ပုထုဇဉ်ရဟန်းပုဂ္ဂိုလ်ဆိုသည်မှာ ကိလေသာများ မကုန်ခမ်းသေးသူ၊ သို့မဟုတ်၊ သိက္ခာသုံးပါးကျင့်ဆဲပုဂ္ဂိုလ်များသာ ဖြစ်နေရကား ဘိက္ခူရတနာတွင် ကိလေသာကုန်ခမ်းပြီးသော ရဟန်းတော်သည်သာ အမြတ်ဆုံးဖြစ်သည်မှာ ထင်ရှားလပေသည်။
ဒါပေသိ ပုထုဇဉ်ရဟန်းတော်များမှာလည်း ရတနာထိုက်သောကြောင့် ရတနာသုံးပါးတွင် သံဃာအနွယ်ဝင်အဖြစ် ကိုးကွယ်ဆည်းကပ်ရပေသည်။ ပဉ္စမသံဃာယနာတင် မင်းတုန်းမင်းတရားကြီးသည် သံဃာတော်များကို အထူးပင်ကြည်ညိုအားထား အလေးပြုပေသည်။ အကြောင်းမှာ မင်းတုန်းမင်းကြီးသည် ထိုခေတ်က ရဟန်းတော်များ ညစာမစားခြင်းနှင့် မိန်းမမယူခြင်းကို အထူးပင် နှစ်သက်သဘောကျလေသည်။ မင်းတုန်းမင်းကြီးကိုယ်တိုင်းကား ညစာစားသည့်အပြင် ကာမဂုဏ်၌လည်း အလွန်အကျူးလိုက်စား စိတ်အားထက်သန်ရကား ကာမဂုဏ်၏အရသာ အတွေ့အထိ စွဲမက်ဖွယ်အဖုံဖုံကို ကောင်းကောင်းနားလည်ပေသည်။ ရဟန်းတော်များမှာကား ဤကဲ့သို့သော သုံးဆောင်ခံစားဘွယ်များကို မခံစားဘဲ ထိန်းသိမ်းထားနိုင်း၊ အောင့်အီးထိမ်းချုပ်နိုင်ပြီး သာသနာ့တာဝန်ကို ထမ်းရွက်နေရပေသည်။
တစ်ချို့သောပုဂ္ဂိုလ်များ ပြောကြသည်မှာ ရဟန်းတော်များ အောင့်အီးထိမ်းချုပ်ထားတာ များပြားလသောကြောင့် ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူ၍ မီးသင်္ဂြိုဟ်သောအခါ “ဗျောင်း၊ ဒိုင်း“ဟူသော ပေါက်ကွဲသံကြီး ကြားရတတ်သည်-ဟု ပြောစမတ်ပြုကြသည်။ “အောင့်လုံးကြီးပေါက်တာ“ ဟုဆိုကြသည်။ အမှန်ယူဆရန်မဟုတ်ပါ။  ထိုကြောင့် မင်းတုန်းမင်းကြီးသည် ကိလေသာကုန်ခမ်းရဟန္တာများ မဟုန်သည့်တိုင် သူမထိမ်းနိုင်သည်ကို ပုထုဇဉ်ရဟန်းတော်များက ထိမ်းသိမ်းနိုင်သောကြောင့် သံဃာတော်များကို အထူးပင်ကြည်ညိုပေသည်။
မှန်ပေသည်။ မင်းတုန်းမင်းကြီး၏ ကြည့်ညိုပုံကို အတုယူထိုက်လပေသည်။ သာသနာမှာ ဘာသာဝင်အားလုံး ကိုယ်ထက်သာရင် ကြည်ညိုတတ်ရပေမည်။ ဤသို့လျှင် ပုထုဇဉ်အချင်းချင်း ကြည်ညိုတတ်လျှင် ရဟန္တာပိုဂ္ဂိုလ်ကိုကား အတိုင်းထက်အလွန် ကြည်ညိုသင့်လပေသည်။ ထိုကြောင့်  ပုထုဇဉ်ရဟန်းတော်များနှင့် နှိုင်းစာလျှင် ကိလေသာကုန်ခမ်းရဟန္တာအရှင်မြတ်များက အမြတ်ဆုံးရတနာ ဖြစ်ရပေသည်။
ရဟန္တာရတနာတွင်လည်း ၇း၁။ ရဟန္တသာဝကရတနာနှင့် ၇း၂။ ဘုရားရတနာဟူ၍ နှစ်မျိုးနှစ်စား ပေါ်ထွက်လာပြန်ပေသည်။ အရှင်သာရိပုတ္တရာကဲ့သို့သော အဂ္ဂသာဝကဖြစ်လာဖို့ကား တစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာကြာ ပါရမီများ ဖြည့်ကျင့်ရသည်။ ဘုရားဖြစ်လာဖို့ကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ရလေသည်။
စာဖတ်သူများ သိကြသည့်အတိုင်း သာဝကနှင့် ဘုရားရှင်တို့သည် ဘယ်ပေတံနှင့်ပဲ တိုင်းတိုင်း မနှိုင်းယှည်နိုင်လောက်အောင် ဘုရားရှင်က မြင့်မြတ်လပေသည်။ သို့သော်လည်း ဤပို့စ်၌ အမြတ်ဆုံးရတနာကို ရွေးချယ်နေခြင်း ဖြစ်သည့်အတွက် မနှိုင်းအပ်သော်လည်း နှိုင်းယှည်ပြရခြင်းဖြစ်ပေသည်။ ဒါပေသိ စာရေးသူ၏ကံသုံးပါးလုံးဝယ် ဘုရားရှင်အပေါ် အထေမဲ့မြင် နိမ့်ချစော်ကားလိုသော စေတနာကား လုံးဝ မရှိပါကြောင်း ရိုးသားစွာ ၀န်ခံပါသည်။
တစ်ဆူသောဘုရားရှင်၏ ဂုဏ်ကျေးဇူးများကို ဘုရားရှင်အဆူဆူတို့ ပြောပြထုတ်ပြ ဟောပြသော်လည်း ဟော၍မကုန် ပြော၍မကုန်သောကြောင့် သာဝကရဟန္တာရတနာထက် ဘုရားတည်းဟူသော ရတနာကသာလျှင် အမြတ်ဆုံးဖြစ်ရပေသည်။ “ဘုရားရှင်သည် ဘုရားတစ်ဆူ၏ ဂုဏ်၊ ကျေးဇူးများကို ရှည်လျှားကြာမြင့်စွာသော ကပ်ကမ္ဘာ ကြားကာလတစ်လျှောက် ချီးမွမ်းနေမယ်ဆိုရင် မည်သည့်တရားစကားမျှမဟောကြားရဘဲ ကပ်ကမ္ဘာကြီးသာ ကုန်လွန်သွားနိုင်ရာ၏။ ထိုဘုရားတစ်ဆူ၏ ဂုဏ်ကျေးဇူးကား မကုန်ဆုံးနိုင်ပေ။ (ပါထိက၀ဂ္ဂ၊ ဋ္ဌ။)
ဘုရားရတနာကသာလျှင် အမြတ်ဆုံးဖြစ်ပုံကို လေ့လာပြီးသည့်နောက်  ၈။ ဘုရားရတနာသည်လည်း ၈း၁။ ပစ္စေကဗုဒ္ဓဘုရားရတနာနှင့် ၈း၂။ သမ္မာသမ္ဗုဒ္ဓဘုရားရတနာ ဟူ၍နှစ်မျိုးနှစ်စား သိမှတ်ရလေသည်။
ပစ္စေဗုဒ္ဓါဟူသည် သီခြားဘုရားရှင် တစ်နည်းအားဖြင့် ဘုရားငယ်ဟု အသိများကြသည်။ သမ္မာသမ္ဗုဒ္ဓါဘုရားရှင်ကို “ဘုရားကြီး“ဟု ယူဆရပေမည်။ သို့သော် စာပေကျမ်းဂန်တို့၌ကား ယင်းအသုံး မရှိပေ။ ဘုရားကြီး၊ ဘုရားငယ်ဟူ၍ ခွဲခြားမှုမရှိပေ။
ပစ္စေကဗုဒ္ဓါနှင့်ပတ်သက်၍ သီလက္ခန်-အဘိန၀ဋီကာ၊ သာမညဖလသုတ်အဖွင့်၌ ပစ္စေကဗုဒ္ဓါဟူသည် “ဆရာမရှိ၊ ကိုယ်တိုင်ပင် ဗောဓိညဏ်ကို ရတော်မူသော သီးခြားဘုရား“။ဟု ဖွင့်သည်။ ထိုပြင် ပစ္စေကဗုဒ္ဓါသည် ကိုယ်တိုင်သာသိပြီး၊ သူတစ်ပါးအား မသိစေတတ်။ အတ္ထရသကို သာလျှင် ထိုးထွင်းသိပြီး ဓမ္မရသကို မသိ။ အဆင့်မြင့်လောကုတ်တရားများအပေါ် ဝေဖန်သုံးသပ်ပြီး မဟောတတ်။ ဥပမာအားဖြင့်ကား ပစ္စေကဗုဒ္ဓါတို့၏ တရားကို ထိုးထွင်းကာ သိနေခြင်းသည် တွေဝေစွာ အိမ်မက်ထဲမှာေ၀၀ါးနေသကဲသို့ ဖြစ်နေလေသည်။ သို့သော်လည်း တန်ခိုး၊ အဘိညာဉ်၊ သမာပတ်အစွမ်းသတ္တိများကား ပြည့်စုံကြပေသည်။
ပစ္စေကဗုဒ္ဓါဘုရားရှင်တို့သည် သမ္မာသမ္ဗုဒ္ဓါဘုရားရှင်တို့ မပွင့်ပေါ်သောအချိန်မှသာ ပွင့်သည်။ တပည့်သာဝက မရှိမူ၍ တစ်ပါးတည်းသီးခြားနေထိုင်တော်မူကြသည်။ ကိုယ်တိုင်သစ္စာလေးပါး တရားတော်ကို သိပြီးဖြစ်သော်လည်း ဝေနေယျသတ္တ၀ါအများကို ဟောကြားပြသဆုံးမရန် အားထုတ်တော်မမူးကြပေ။ ကိုယ်တိုင်ကား သစ္စာလေးပါးကိုပေမယ့် သူတစ်ပါးကိုကား သိစေခြင်းငှါ မစွမ်းနိုင်ပေ။ ပစ္စေကဗုဒ္ဓါဘုရားရှင် ဖြစ်ဖို့ကား နှစ်အသင်္ချေနှင့် ကမ္ဘာတစ်သိန်းသာ ပါရမီဖြည့်ကျင့်ရပီး သမ္မာသမ္ဗုဒ္ဓါဘုရားရှင်တို့မှာကား လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီတော်များ ဖြည့်ကျင့်ရလေသည်။
ယခုမျက်မှောက်ဝယ် ဘုရားရုပ်ပွား၊ စေတီများကို ဘုရားကိုယ်စား ကိုယ်းကွယ်ရာဝယ် သမ္မာသမ္ဗုဒ္ဓါဘုရားရှင်ကို ရည်ညွန်းကိုယ်းကွယ်နေကြခြင်းသာ ဖြစ်ကြပေသည်။
ထိုကြောင့် ဘုရားရတနာတို့တွင်လည်း သမ္မာသမ္ဗုဒ္ဓါတည်းဟူသော ဘုရားရတနာသည်သာလျှင် အမြတ်ဆုံးဖြစ်ရပေသည်။ 
အမြတ်ဆုံးဖြစ်ရာ၊ ဘုရားရတနာအား၊ ယခုရေးသား၊ ပို့စ်တရားဖြင၊့် ခယပူဇော်၊ ကြည်သဓာဖြင့်၊ ဦးတင်ပါသည်၊ လိုရာကောင်းကျိုး၊ ပြည့်စေသော်ဝ်။

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ