Thursday, August 26, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၁)


“ပြည်တွင်းနှင့် ပြည်ပ ပညာသင်ကြားစနစ် ကွာခြားချက်“
ဗုဒ္ဓတရားတော်များကို မြန်မာပြည်က သင်ကြားပုံစနစ်မှာ ဗုဒ္ဓ၏ဆိုလိုချက်အတိုင်း အနက်၊ အဓိပ်ပါယ်များကို အတိအကျအမှန်အကန် သိမြင်ဖို့ သင်ကြား၊ လေ့လာရခြင်း ဖြစ်သည်။
နိုင်ငံခြားသင်ကြားနည်းစနစ်က ဗုဒ္ဓတရားတော်များအပေါ် ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဝေဖန်ပိုင်းခြားကာ လေ့လာသင်ကြား ရတာပါ။
 ဗုဒ္ဓတရားတော်များအပေါ် ကိုယ်ပိုင်အတွေးအခေါ်နှင့် ဝေဖန်ပိုင်းခြားပီး လေ့လာ၍ မရပါ။ ဝေဖန်စရာလည်း မလိုပါ။ ရဟန္တာမထေရ်ကြီးများကိုယ်တိုင် သံဃာယနာ(၆)ကြိမ်တင်ကာ အတည်ပြုပြီးထာသည့်အတွက်ကြောင့် ဖြစ်သည်။
အရှင်ဂန္ဓမာလာလင်္ကာရ (တိပိဋကဆရာတော်) 
အင်ဂလန်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၁)
ခေတ်သစ်ခွဲခြမ်းစိတ်ဖြာမှုအရ လူသားတို့၏ဦးနှောက်ကို လေ့လာကြည့်တဲ့အခါမှာ ဦးနှောက်၏အသွင်သဏ္ဌာန် (၂)မျိုး တွေ့ရှိခဲ့ကြသည်။ လူသားတို့၏ ဦးနှောက်အသွင်သဏ္ဌာန် (၂)မျိုးဟူသည်မှာ ၁။ ခန္ဓာကိုယ်၏ဘယ်ဖက်ခြမ်းကို ဦးနှောက်၏ညာဘက်ခြမ်းက ကြီးစိုးခြင်းနှင့် ၂။ ခန္ဓာကိုယ်၏ညာဘက်ခြမ်းကို ဦးနှောက်၏ဘယ်ဖက်ခြမ်းက ကြီးစိုးခြင်း ဟူ၍ဖြစ်ပါသည်။
ဆိုလိုသည်မှာ လူသားတို့၏အသိညာဏ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာလိုက်သောအခါ ခန္ဓာကိုယ်ရဲ့ ဘယ်ဖက်ခြမ်းကို အုပ်ချုပ်ချယ်လှယ်သော အလုပ်ကို ဦးနှောက်ရဲ့ ညာဘက်ခြမ်းက ပြုလုပ်သည်“ဟူသော သဘောတရား ရှု့ဒေါင့်နှင့် ခန္ဓာကိုယ်ရဲ့ ညာဖက်ခြမ်းကို အုပ်ချုပ်ချယ်လှယ်သော အလုပ်ကို ဦးနှောက်ရဲ့ ဘယ်ဖက်ခြမ်းက ပြုလုပ်သည်“ ဟူသော သဘောတရား ရှု့ဒေါင့် တို့ဖြစ်ကြသည်။
အဆိုပါ လူသားတို့၏ဦးနှောက်ပိုင်းဆိုင်ရာ သဘောတရားနှစ်မျိုးကို အသီးအသီး နေရာချထားမည်ဆိုလျှင် တစ်ဖက်သော ဦးနှောက်တစ်ခြမ်းသည် စိတ်ထိခိုက်လှုပ်ရှားမှု၊ စိတ်ခံစားမှုနှင့် သက်ဆိုင်ကာ ဆက်စပ်ပတ်သက်နေပြီး (Emotional aspect) အခြားတစ်ခြမ်းသည် အသိညဏ်ပိုင်းနှင့် သက်ဆိုင်ကာ ဆက်စပ်ပတ်သက်နေ၏ (Intellectual aspect)။  ဤအမြင် ဤသဘောတရားနှစ်မျိုးသည် လူသားတိုင်း၏ဘ၀ဖြစ်စဉ်မှာ အလွန်ပင် အရေးပါလပေသည်။
ဗုဒ္ဓ၀ါဒ၌လည်း တိုးတက်သောလူသားတို့၏ပင်ကိုယ်စရိုက် နှစ်မျိုးနှစ်စားကို လေ့လာတွေ့ရှိရလေသည်။
၎င်းတို့မှာ …
၁။ ကရုဏာ compassion နှင့်
၂။ ပညာ wisdom တို့ပင် ဖြစ်ကြပါသည်။
Compassion ကရုဏာဟူသည်မှာ လူသားတို့၏ပင်ကိုယ်စရိုက် စိတ်ခံစားမှုပိုင်းဆိုင်ရာ သဘောတရားများ ဖြည်းညင်းညင်သာစွာ တစ်ဆင့်ခြင်း တိုးတက်မှုပင်ဖြစ်ပေသည်။ အသိညာဏ်၏ ဖြည်းညင်းညင်သာသော အဆင့်အဆင့်တိုးတက်မှုကို wisdom ပညာဟု ခေါ်ဆိုသည်။
ကျွန်ုပ်တို့ လူသားတစ်ယောက်ချင်းစီ၏ အသွင်သဏ္ဌာန်ကို ခွဲခြမ်းလေ့လာကြည့်သည့်အခါမှာ အုပ်စုငါးခု ရရှိလာပါသည်။ ၎င်းကို ခန္ဓာ(၅)ပါးဟု ဆိုပါသည်။ ၁။ ရုပ် matter, ပုံသဏ္ဌာန် form ၂။ ဝေဒနာ ခံစားခြင်း feeling ၃။ သညာ မှတ်သားခြင်း perception ၄။ သင်္ခါရ ပြုပြင်စီရင်ခြင်း disposition နှင့် ၅။ ၀ိညာဏ ၀ိညာဉ် conseiousness စိတ်-ဟူ၍ ဖြစ်ကြသည်။
 ခန္ဓာ(၅)ပါးတို့တွင် ရုပ် (သို့) အသွင်သဏ္ဌာန်သည် လူသားစု၏ကိုယ်ခန္ဓာနှင့် ပြင်ပလောကအတွေ့အထိကို ကိုယ်စားပြုလေသည်။ အာရမ္မဏ-ဟုဆိုရသောပြင်ပလောက အာရုံခံအကြောင်းတရားများနှင့်  အာယတန-ဟုခေါ်ဆိုသောအာရုံတို့ ပေါင်းဆုံတွေ့မိချိန် ပုဂ္ဂိုလ်တစ်စုံတစ်ဦးသည် အရာဝတ္ထုတစ်ခုခုကို သတိထားသိရှိသွားလေသည်။
ဥပမာအားဖြင့် မျက်စိနှင့် ရုပ်-အဆင်းသဏ္ဌာန်တို့ ဆုံတွေ့ချိန် မြင်သည့်စိတ်သည် ဖြစ်ပေါ်လာပါတော့သည်။ အလွန်ထူးဆန်းလပေသည်။ မျက်စိသည် ရုပ် ဖြစ်သည်။ သူချည်းသက်သက် မမြင်နိုင်ပေ။ ဟိုတစ်ဖက်မှာ ရုပ်-အဆင်းသဏ္ဌာန်သည်လည်း ရုပ်ပင် ဖြစ်သည်။ သူချည်းသက်သက်လည်း မမြင်နိုင်ပါ။ ဒါပေသိ ၎င်းတို့ မျက်စိနှင့် အဆင်း ထိပ်တိုက်တွေ့မိသည့်အခါ ကြည့်သူမှာ မြင်သည့်စိတ် ဖြစ်ပေါ်လာရပေသည်။ မြင်သည့်စိတ်သည် ရုပ်တရား မဟုတ်ပါပေ။ ရုပ်နှင့်ရုပ်ချင်းချင်းတွေ့တော့ နာမ်ဖြစ်သွားသည်။ အံ့ဖွယ်တည်း။ ဤဥပမာကိုလည်း ရှု့ဦးလော့ မီးချက်ဆံထဲမှာ မီးမရှိပါ။ မီးချက်ခံ ယမ်းပြားတွင်း၌လည်း မီးမရှိပါ။ သူတို့နှစ်ခု ဒီအတိုင်းနေပါက ဘာမှ ဖြစ်မလာပါ။ ဒါပေသိ မီးချက်ဆံနှင့် ယမ်းပြား ခတ်မိချိန် “ဟုန်း“ မီးထတောက်လေတော့သည်။ မီးသည် ဘယ်က လာပါသနည်း။ မီးသည် ရုပ်တရား ဖြစ်၏။ ရုပ်နှင့် ရုပ်ခြင်း တွေ့ထိလျှင်လည်း ရုပ်တစ်ခု ဖြစ်ပေါ်တတ်ကြောင်း မှတ်သားမိပါသည်။ စိတ်ထဲမှာ တွေးနေသည်။ မနေ့က ငါခံလိုက်ရသည်။ ဒီကောင်းကို လက်စားချေရမည်။ စိတ်ဆိုး စိတ်ယုတ်များနှင့် တစ်ဖက်ရန်သူဟူသော ရုပ်တရာတို့ တွေ့ဆုံတော့သည်။ ထိုအခါ ဒေါသမီး၊ အာဃာတမီးများ ပေါ်ထွက်လာပီး ည၌ အိပ်မပျော် ဖြစ်နေသည်။ စိတ်-ဒေါသ၊ အာဃာတများကား နာမ်တရား ဖြစ်သည်။ နာမ်နှင့် ရုပ် စိတ်ကူးထဲမှာ ထိတွေ့ချိန် နာမ်တရား ဖြစ်ပေါ်သည်။
ထိုကဲ့သို့ မျက်စိ၊ အဆင်းနှင့် မြင်သိစိတ်တို့ သုံးပွင့်ဆိုင် ဖြစ်ပေါ်လာဖို့ရန် အောက်ပါအကြောင်းတရား (၃)မျိုး တွေ့ဆုံခြင်း မရှိမူ၍ လူသားတို့၏စိတ်ခံစားမှု ဖြစ်ပေါ်ခြင်း မရှိနိုင်ပေ။ အဆိုပါ အကြောင်းတရားများသည် အမြဲတမ်း အတူတကွ ပေါင်းဆုံ၍သာလျှင် ဖြစ်ပေါ်နေသည်။
၎င်းတို့မှာ
၁။  အာယတန (၆)ပါး၊                    ၂။ ၎င်းနှင့်ဆိုင်ရာအသီးသီးအာရုံ၊                   ၃။ ၀ိညာဏ်(၆)ပါး
စက္ခာယတန = မျက်စိ၊                   ရူပါရမ္မဏ= ရုပ်အဆင်းသဏ္ဌာန်၊       စက္ခုဝိညာဏ= မြင်သိစိတ်
သောတာယတန= နား၊                   သဒ္ဒါရမ္မဏ= အသံ၊                       သောတ၀ိညာဏ= ကြားသိစိတ်
ဃာနာယတန= နှာခေါင်း၊                ဂန္ဓာရမ္မဏ= အနံ့၊                         ဃာန၀ိညာဏ= နံသိစိတ်
ဇိဝှါယတန= လျှာ၊                         ရသာရမ္မဏ= အရသာ၊                   ဇိဝှါဝိညာဏ= လျှက်သိစိတ်
ကာယာယတန= ကိုယ်၊                  ဖောဋ္ဌဗာရမ္မဏ= အတွေ့အထိ၊          ကာယ၀ိညာဏ= တွေ့သိစိတ်
ဓမ္မာယတန= စိတ်(နာမ်)၊                ဓမ္မာရမ္မဏ= စေတသိက်၊                မနောဝိညာဏ= စိတ်သိ     တို့ပင်ဖြစ်ကြသည်။
အထက်ပါ အကြောင်းတရားသုံးမျိုး အတူတကွ ဖြစ်ပေါ်လာဖို့ရန် ကြားခံတစ်ခုက ဆက်သွယ်ပေးရသည်။ ၎င်းမှာ ဖဿပင် ဖြစ်သည်။ ဖဿသည် အထက်ပါအကြောင်းတရားများ ဖြစ်လာရန် ထိတွေ့ဆက်သွယ်ပေသည့် အခါမှာ လူသားစု၏စိတ်ဝယ် ခံစားမှုအသစ်ဖြစ်ပေါ်လာသည်။ ထိုခံစားမှုသည် တခါတရံ သာယာစရာ ဖြစ်သော်ကား ဖြစ်နိုင်သည်။ တခါတရံ မသာမယာ ဖြစ်သော်ကား ဖြစ်နိုင်သည်။ တခါတရံ စိတ်ခံစားမှုမှာ ပျော်နေမည်။ တခါတရံ စိတ်ခံစားမှုမှာ ဆင်းရဲနေမည်။ တခါတရံ အမျိုးမျိုး စိတ်ထဲမှာ ရောထွေးနေမည်။ ထိုစိတ်ခံစားမှုကို လူသားစု၏မှတ်ညာဏ်တွင် သိမ်းဆည်းထားခြင်း ခံရသည်။ စိတ်တွင် တေးမှတ်ထားသည်။ မှတ်တမ်းတင်ထားသည်။ နောင်တစ်ချိန် အသုံးပြုရန် လိုအပ်ခဲ့လျှင် လွယ်ကူစွာ ပြန်လည်မှတ်မိအောင် ခံစားမှုတစ်ခုချင်းစီအလိုက် အသေးစိတ် မှတ်ညာဏ်တွင် သိမ်းဆည်းထားသည်။ လူသားတို့၏မှတ်ညာဏ်တွင် မရေတွက်နိုင်သော အကြောင်းအရာများ မှတ်တမ်းတင်ထားတတ်သည်။ တစ်ချို့လူသားစုတွင် မှတ်ညာဏ်အားနည်းသည်အတွက် မှတ်တမ်းများ ခဏတွင်း ပျောက်ပျက်သွားတတ်သည်။ တခါတရံ အလွယ်တကူ မှတ်တမ်းမတင်နိုင်ပေ။ မှတ်သားမိအောင် ဇွတ်အတင်း ကြိုးစားသည့်အခါ လူသားတို့၏ ဦးနှောက်ပိုင်း မီးမြိုက်ခံရသကဲ့သို့ ပူနွေးလာတတ်သည်။ တခါတရံ နှလုံးသွင်းမိချိန် မှတ်သားထားသည့် အကြောင်းအရာများ မကြာမကြာ တိုးဝေ့ပေါ်ထွက်လာတတ်သည်။
ဤကဲ့သို့ ခံစားမှုနှင့် မှတ်သားထားသည့်အရာများ မကြာမကြာ အဆက်သွယ်လုပ်သည့်အခါ လူသားတို့စိတ်သည် အဆင့်ဆင့် ပြောင်းလဲသွားသည်။ ပြုပြင်စီရင်ခံရပြီးသည့်အခါ နောက်ဆုံးမှာတော့ အရာရာကို သိရှိခံစားနားလည်တတ်သော အသိညာဏ်သည် ညင်သာစွာ ဖြစ်ပေါ်လာသည်။
အထက်ဖြစ်စဉ်အရ အနှစ်ချုပ်လိုက်လျှင် အကျွန်ုပ်တို့၏န္ဓာငါးပါးကို ခွဲခြမ်းစိတ်ဖြာလေ့လာသည့်အခါ ခံစားခြင်း= ဝေဒနာနှင့် မှတ်သားခြင်း=သညာတို့သည် စိတ်ခံစားမှုဆိုင်ရာ Emotional aspect ကို ကိုယ်စားပြုလေသည်။ ပြုပြင်စီရင်ခြင်း= သင်္ခါရနှင့် စိတ်ဝိညာဏ်တို့သည် Intellectual aspect ကို ကိုယ်စားပြုလေသည်။
မှတ်ချက်။ ။ ဤပို့စ်ပါအကြောင်အရာများသည် (Kelaniya of University) ကေလနိယတက္ကသိုလ်မှ ပို့ချချက်များကို ဘာသာပြန်ပီး မိမိ၏အတွေးအမြင်ဖြင့် မွမ်းမံပံ့ပိုးရေးသားထားခြင်းဖြစ်ကြောင်း။ အမှားပါက ပညာရှင်များ ဝေဖန်အကြံပြုနိုင်ပါကြောင်း။
အပိုင်း(၂) ဆက်ရန်

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ