Wednesday, June 30, 2010

အမြတ်ဆုံးရတနာ (အပိုင်း-၁)


အမြတ်ဆုံးရတနာ(အပိုင်း-၁)
ရတနာ
“ရတနာဆိုတာ ဘာလဲ“လို့မေးရင် ကိုယ်သန်ရာ ကြိုက်နှစ်သက်ရာကို ဖြေကြလိမ့်မည်။ “ဘာကြောင့် ရတနာခေါ်ပါသလဲ.“ဟု ထပ်ဆင့်မေးခဲ့ရင် ပိုပီးတော့လွယ်ကူတဲ့မေးခွန်းဆိုတာ ထင်ရှားပါသည်။ လူတိုင်းကြိုက်နှစ်သက်အပ်၊ မြတ်နိုးအပ်၊ တန်ဖိုးများစွာ ထိုက်တန်သောကြောင့် ရတနာဟူ၍ ခေါ်တာပေါ့။ မှန်ပါတယ်။ ပါဠိစာပေ၌ “ရတိ ပေမံ ဇနေတီတိ ရတနာ“ သဒ္ဒါကျမ်းက ဆိုသည်။ အဓိပွှါယ်မှာ “လူတွေကြိုက်နှစ်သက်သောကြောင့် ရတနာမည်၏“တဲ့။
စိတ္တေကဂ္ဂတံ မဟဂ္ဂဉ္စ အတုလံ ဒုလ္လဘဒဿနံ အနောမသတ္တံ ပရိဘောဂံ ”ရတနံ”နာမ ပ၀ုစ္စတိ။ အနက်မပြန်တော့ပါဘူး။ အနက်ပြန်နေရင် လိုရင်းမရောက်ဘဲ စာဖတ်ရတာ ငြီးငွေ့သွားတတ်သည်။
”အမြတ်ဆုံးရတနာ”ဟူ၍ Title ပေးထားသောကြောင့် အမြတ်ဆုံးရတနာကို ရှာဖွေလေ့လာကြစို့။ လောကမှာ ရတနာတွေကို အုပ်စုခွဲလိုက်ရင် ၁။ လောကီရတနာ နှင့် ၂။ လောကုတ္တရာရတနာဟူ၍ နှစ်မျိုးသတ်မှတ်နိုင်ပေသည်။ အမှန်အားဖြင့် လောကီရတနာသည် ရတာ နာတတ်သည်။ လောကုတ္တရာရတနာ သည်သာ ရတာ မနာဘဲ၊ ရလေရလေ မြတ်လေလေဖြစ်သော ရတနာအစစ်ဖြစ်ပါသည်။
အမြတ်ဆုံးရတနာ၏ခေါင်းစဉ်အောက်မှာ ရတနာကို ကြာနီကန်ဆရာတော် ဟောကြားတော်မူထားခဲ့တဲ့ “အမြတ်ဆုံးရတနာ”တရားတော်မှ ပြန်လည်ရှာဖွေကာဖော်ထုတ်၍ တစ်မူထူးခြားစွာ ဆန်းစစ်ဝေငှမျှဝေခြင်းသာ ဖြစ်ပါသည်။
လောက၌ရှိသော ရတနာတို့တွင် (၁)၀ိသေသအားဖြင့် ခွဲခြမ်းလျှင် ၁း၁။ သ၀ိညာဏကရတနာ= သက်ရှိရတနာ( အသက်ထင်ရှားရှိသော ရတနာ) တစ်နည်းအားဖြင့် အသက်ထင်ရှားရှိ၊ ရတနာလည်းထိုက်သူ။
၁း၂။ အ၀ိညာဏကရတနာ= သက်မဲ့ရတနာ( သက်ရှိမဟုတ်သော ရတနာ) တစ်နည်းအားဖြင့် သက်ရှိသတ္တ၀ါမှတစ်ပါး သက်မဲ့ဝတ္ထုပစ္စည်းလည်းဖြစ်၊ ရတနာလည်းထိုက်သောအရာ။
လောကမှာ သက်ရှိသတ္တ၀ါတွေဟာ သက်မဲ့ရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုမိုပြီးတော့ မြတ်ပါတယ်။ သားသမီးရတနာမှ အစပြု၍ စင်္ကြ၀တေးမင်း၏ရတနာ(၇)ပါးတွင် ဆင်ရတနာ၊ မြင်းရတနာ၊ မိဖုရားရတနာများသည် သက်ရှိရတနာများ ဖြစ်ကြသည်။ သက်မဲ့ရတနာတွေဖြစ်ကြသော လောကီရတနာတွေဆိုတဲ့ ရွှေ၊ ငွေစသော ရတနာများသည် တန်ဖိုးရှိတာ မှန်ပါသည်။ သို့သော်လည်း လူအများက သတ်မှတ်သုံးစွဲနေ၍သာ တန်းဖိုးရှိနေရသည်။ လူမသုံးလျှင် တန်ဖိုးမဲ့သွားပါတော့သည်။ ထို့ပြင် ရတနာပစ္စည်းဟူသည် သက်ရှိသတ္တ၀ါတို့၏ ဘုန်းကံအလျှောက် ဖြစ်ပေါ်လာရခြင်းသာ ဖြစ်ကြပါသည်။
ထို့ကြောင့် သက်ရှိရတနာနှင့် သက်မဲ့ရတနာ နှစ်မျိုးတွင် သက်ရှိရတနာသာလျင် အမြတ်ဆုံးဆိုတာ သိသာထင်ရှားလပါသည်။
(၂) တစ်ဖန် သက်ရှိရတနာကို ထပ်ခွဲလျှင် ၂း၁။ လူရတနာနှင့် ၂း၂။ တိရိစ္ဆာန်ရတနာ ဟူ၍ နှစ်မျိုး ခွဲခြမ်းရရှိလာပါလိမ့်မည်။
လောကမှာ အခြေနှစ်ချောင်၊ အခြေလေးချောင်းစသော သက်ရှိတိရိစ္ဆာန်များသည် သက်ရှိလူသားများထက် မြင့်မြတ်တယ်ဆိုတာ မရှိပေ။ ကြားလည်း မကြားဘူးပေ။ စင်္ကြာမင်း၏ ဆင်ရတနာ၊ မြင်းရတနာများသည် လူတွေထက် ခွန်အားကြီးပေသည်။ အသုံးလည်း ၀င်လပေသည်။ သို့သော် လူသားများနှင့် တန်းတူဂုဏ်ရည်တူ အဆင့်မှာ မထားကြပေ။ အခွင့်အရေး မရကြပေ။ စင်္ကြာမင်း၏ဆင်ရတနာ၊ မြင်းရတနာများ မြတ်ပေမယ့် လူတွေ၏အလုပ်အကြွေးအစေအပါးသာ ဖြစ်ကြ၍ သက်ရှိရတနာခြင်းတူသော်လည်း ဘုန်းကံပါရမီးခြင်း ကွာခြားလသောကြောင့် သက်ရှိလူသားရတနာက ပိုမိုကာ အမြတ်ဆုံး ဖြစ်ရပေသည်။ ဒဏ္ဍာရီထဲမှာ တိရိစ္ဆာန်ဘုရင်များ ဇာတ်ကောင်လုပ်ကာ တိုင်းပြည်အုပ်ချုပ်နေသော်ငြား လူသားများက ခစားပျပ်ဝပ်ဆည်းကပ် လုပ်ကြွေးလေ့ရှိသည်ကို မမှတ်သားဘူးပေ။ ဒါပေသိ အလားတူ ဇာတ်လမ်းမျိုးရှိခဲ့သော် အစစ်မှန်မဟုတ်ဘဲ လုပ်ကြံဒဏ္ဍာရီများသာ ဖြစ်ပေသည်။ တချို့သော ဘုရားဟောဇာတ်တော်များတွင့် လူသားနှင့် တိရိစ္ဆာန်တို့ အိမ်ထောင်ပြု ပေါင်းသင်းဆက်ဆံကြသည်ကို လေ့လာတွေ့ရှိနိုင်သော်လည်း လူသားများက အလိုမတူဘဲ အားမတန်မာန်လျှော့ကာ ဆက်ဆံခဲ့ရကြောင်းကို သတိထားမိမှာပါ။ အမျိုးဇာတ်ချင်းမတူက ပေါင်းဖော်၍ မရတတ်ကြောင်း သင်္ခန်းစာယူရပေမည်။
ထို့ကြောင့် သက်ရှိရတနာတို့တွင် လူသားသက်ရှိရတနာက သက်ရှိတိရစ္ဆာန်ရတနာထက် ပိုမြတ်ကြောင်း ထင်းရှားလပါသည်။
(၃)လူရတနာကို ထပ်ခွဲပြန်လျင် ၃း၁။ ပုရသ=ယောက်ျားရတနာနှင့် ၃း၂။ အိတ္ထိယ =မိန်းမရတနာ ဟူ၍ နှစ်မျိုးရလာပေသည်။
“မိန်းနှင့် ယောက်ျား ဘယ်သူက မြတ်သလဲ။“ စာရေးသူ၏ သဘောထားကို မဖတ်ခင် စာဖတ်သူများ ကိုယ်တိုင်ဆုံးဖြတ်ဝေဖန် ကြည့်ကြပါ။ ပထမဆုံး ဘာကြောင့် မြတ်ရတာလဲ။ အကြောင်းရှာပါ။ အမှန်အားဖြင့် မိန်းမနှင့် ယောက်ျား “လူလူချင်းပဲ ယှဉ်ထိုးမလား“ ဟူ၍ စိန်ခေါ်ခဲ့သော် ယှဉ်ထိုးကြမလား၊ ယှဉ်ထိုးရင် ဘယ်သူက နိုင်မလဲ၊ ဘယ်သူကရှုံးမလဲ။ ရှေးခေတ်က စင်္ကြာဝတေးမင်း၏ မိဖုရားခေါင်ကြီးသည် မိန်းများတွင်တော့ အမြတ်ဆုံးမိန်မရတနာဟု ဆိုထိုက်ပေသည်။ တိုင်းပြည်အုပ်ချုပ်ဘုရင်မများစွားလည်း ဇာတ်တော်ထဲမှာသာမ မျက်မှောက်ခေတ် နိုင်ငံအသီးသီး၏ရာဇ၀င်သမိုင်းများမှာပါ လေ့လာတွေ့ရှိနိုင်ပါသည်။ သို့သော် သူမတို့ အမှန်တကယ် မြတ်ကြပါရဲ့လား။ မြတ်တော့မြတ်ကြပါသည်။ အမြတ်ဆုံးမဟုတ်ကြပါ ဟူ၍ ဆိုရပေမည်။ ယောက်ျားနှင့် မိန်မယှဉ်လျင် မိန်မသည် ယောက်ျား၏ခြေရင်း အလုပ်အကြွေးသာ ဖြစ်ကြသောကြောင့် ယောက်ျားရတနာသည်သာ အမြတ်ဆုံးရတနာဖြစ်ရပေသည်။ သို့သော်လည်း တရားဓမ္မဖက်က ကြည့်လျှင် မြတ်အောင်နေမှ မြတ်ပေသည်။ မိန်းမအဆဲခံနေရသော ယောက်ျားသည် မြတ်သူဟု ဆိုထိုက်ပါသလား။ နိဗ္ဗာန်ဝင်ခြင်းအတူတူ ယောက်ျား နိဗ္ဗာန် ၊ မိန်းမ နိဗ္ဗာန်  မရှိပေ။
ဤနေရာ၌ ရတာနာထိုက်သော မိန်းမရတနာတို့ကိုသာ ဆိုလိုပါသည်။ ရတနာမထိုက်ပေမယ့် မြင့်မြတ်သော မိန်းမများစွာ ရှိသည်ကိုလည်း သတိရပေးပါ။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဘူ တော်လေး၀၀င် မိန်းမမြတ်များစွား ရှိပေသည်။ ဒါပေသိ လောကဝေါဟာရအားဖြင့်ကား မိန်းမရတနာထက် ယောက်ျားရတနာက မြတ်ပေသည်။
ဘုရားဟောတရားတော်ထဲတွင်လည်း မိန်းမသားများ ရောက်ခွင့်၊ ဖြစ်ခွင့်မရှိသော အရာ(၅)မျိုး ရှိပေသည်။
မိန်းမတို့သည်   (၁) စင်္ကြာဝတေးမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။                    
                     
                     (၂) သိကြားမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၃) ဗြဟ္မာမင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၄) မာနတ်မင်း ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။
                   (၅) သမ္မာသမ္ဗုဒ္ဓါဘုရား ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်။(အင်္ဂုတ္တရနိကာယ၊ပ၊၃၀)


မှတ်ချက်။    ။ မိန်းမစင်္ကြာဝတေး၊ မိန်းမသိကြားမင်း မဖြစ်နိုင် ဆိုလိုသည်။ ဗြဟ္မာပြည်မှာ မိန်းမ၊ ယောက်ျား ခွဲခြားမှုမရှိသောကြောင့် ဒီဘ၀က မိန်းမဘ၀ဖြင့် သေးသွားသော်လည်း ဗြဟ္မာပြည်ရောက်တော့ ယောက်ျားတွေချည်းဖြစ်ကုန်သည်။
ထိုသို့ပင် ဖြစ်ခွင့်မရှိ၊ မဖြစ်နိုင်သော်လည်း ယခုဘ၀မှာ လင်ယောက်ျားကို မီးကဲ့သို့ ရိုသေစွာလုပ်ကြွေးခြင်း၊ မိဘကျေးဇူးအထူးဆပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ်ကာ နောက်ဘ၀၌ ယောက်ျားဖြစ်အောင် ဆုယူနိုင်ခြင်း၊ ထိုမှတစ်ဖန် စင်္ကြာဝတေးမင်းဖြစ်ကြောင်း အကျင့်တရား၊ သိကြားမင်းဖြစ်ကြောင်း အကျင့်တရား၊ ဗြဟ္မာဖြစ်ကြောင်း အကျင့်တရား၊ ပစ္စေကဗုဒ္ဓါ ဘုရားငယ်ဖြစ်ကြောင်း ပါရမီ၊ သမ္မာသမ္ဗုဒ္ဓါမြတ်ဘုရားဖြစ်ကြောင်း ပါရမီများကို လမ်းစဉ်တကျ ဖြည့်ကျင့်ပါမူ မိမိဖြစ်ခြင်းသော ဘ၀မျိုး မည်သူမဆို လိုရာလိုရာ ပြည့်စုံနိုင်ပါပေသည်။
(အပိုင်း(၂)ဆက်လက်ဖတ်ရှုရန်)

Tuesday, June 22, 2010

ဘ၀နှင့်ဆန္ဒ

ဘ၀နှင့် ဆန္ဒ

အခုဆိုရင်၊ နှစ်ဝက်ကျော်လှစ်၊
နှစ်နှစ်နီးပါး၊ တစ်ကိုယ်တည်းပါ၊
အခန်းကျဉ်းမှာ၊ အဖော်မဲ့လျဉ်း၊
ဘေးဝန်းကျင်၌၊ ဆွေမျိုးမရှိ၊
ပျင်းရိငြီးငွေ့၊ ငယ်ချင်းမရှိ၊
ခြောက်သွေ့လ၏၊ တစ်နေ့နေ့မှာ၊
ပြန်ဆုံခွင့်လေး၊ မျှော်လင့်ရင်း ဖြေသိမ့်။

နံနက်ခင်းလေး၊ ကော်ဖီခါးသက်၊
အတွေးနက်နက်၊ လျှပ်တစ်ပြက်လေး၊
ဟိုအဝေးကို၊ မရေရာငေး၊
အနာဂတ်ရေး၊ ပုံဖော်ကာကြည့်၊
ဘ၀ါဆန္ဒ၊ ပြည့်စုံချင်၏။

စောင့်ထိမ်းရင်းဖြင့်၊ ဖြည့်ကျင့်ကာနေ၊
ဖြည့်ဆည်းပြီးတော့၊ ပြည့်ဝလာပေ၊
လောကအကျိုး၊ ရှေးရှုကာလေ၊
သင့်ရာဒေသ၊ ဆောင်ရွက်ကောင်းထွေ၊
မျိုးဆက်သစ်တို့၊ တိုးတက်ရစ်စေ၊
မွန်မြတ်စိတ်ဝေ၊ ဘ၀ါဘဝေ၊
မြင့်မြင့်ပါပေ၊ ဆန္ဒာပြည့်ဝ၊
လူဖြစ်ကျိုးနပ်ပါစေ။

Friday, June 18, 2010

တွေးခေါ်မြော်မြင်ခြင်း(အပိုင်း ၂)

တွေးခေါ်မြော်မြင်ခြင်း (အပိုင်း ၂)

 ဤနေရာ၌ မှန်ကန်သောအသိပညာဗဟုသုတကို ရရှိနိုင်ရန် တွေးခေါ်စရာ လမ်းနှစ်သွယ်ရှိလေသည်။ ပထမလမ်းမှာ တိုက်ရိုက်တွေးခေါ်မှု (Direct perception) ဖြစ်၍ ဒုတိယလမ်းမှာ သွယ်ဝိုက်၍တွေးခေါ်မှု
(Indirect perception)ဖြစ်လေသည်။

1.Direct perception ဆိုသည်မှာ တစ်ခြားမဟုတ်ပေ၊ မိမိတို့မှာ ကမ္မသဘာဝ အလျှောက် ပိုင်ဆိုရရှိထားသော မျက်စိ၊ နား၊ နှာခေါင်း၊ လျှာနှင့် ကိုယ်ခန္ဓာအပြင် သူတို့၏အာရုံ အသီးသီးဖြစ်ကြသော ပုံသဏ္ဌာန်၊ အသံ၊ အနံ့၊ အရသာနှင့် တွေ့ထိမှုတို့ပင်ဖြစ်သည်။
ဆိုလိုသည်မှာ မျက်စိဖြင့် ပုံသဏ္ဌာန်ကို ဆုံမိသည့်အချိန် ချက်ခြင်းပင် မြင်သိစိတ်တိုက်ရိုက်ဖြစ်ပေါ်လာမှု၊ ပေါ်ပေါက်လာမှုကို Direct perception ဟုခေါ်ဆိုရပေသည်။ အလားတူပင် နားဖြင့် အသံကို ကြားလိုက်သည့်အခါ ကြားသိစိတ် တိုက်ရိုက်ဖြစ်ပေါ်လာသည်။ နှာခေါင်းဖြင့် အနံ့ကို နမ်းရှုမိလိုက်သည့်အချိန် မကြာချက်ခြင်းတိုက်ရိုက် မွေး၊ နံသိစိတ်ဖြစ်ပေါ်လာသည်။ လျှာဖြင့် အရသာကို တို့ထိမိသည့်အခါ ချို၊ ချည်၊ ဖန်ခါးသိစိတ်ဖြစ်ပေါ်လာရပေသည်။ ကိုယ်ခန္ဓာကို တွေ့ထိလိုက်သည့် တစ်ပြိုင်နက် ပျော့၊ မာ၊ ကြမ်းသည့်သိစိတ် ဖြစ်ပေါ်လာပေသည်။
ဤကဲ့သို့ သိမြင်စိတ်ဖြစ်ပေါ်လာရအောင် မည်သည့်တစ်ဦးတစ်ယောက်ကမှ လုံးလအားထုတ်၍ ဖြစ်ပေါ်လာခြင်း မရှိ၊ အကြောင်းနှစ်ခုဆုံခိုက် တိုက်ရိုက်ပင်လျှင် သူအလိုလို ဖြစ်ပေါ်လာသည့်အတွက်ကြောင့် ထိုသိမြင်မှုကို Direct perception ဟု ခေါ်ရပေသည်။
တစ်နည်းအားဖြင့် အရာဝတ္ထုတစ်ခုနှင့် အခြားအာရုံခံအရာဝတ္ထုတစ်ခု ထိုနှစ်ခုတို့ ထိပ်တိုက်ထိတို့မိချိန် အခြားသော သုံးခုမြောက် ခံစားမှုတစ်ခု ဖြစ်ပေါ်လာရ ပြန်သည်။ ထိုခံစားမှုကြောင့် သာယာစရာ ဖြစ်သော်ကား ဖြစ်မည်။ သို့မဟုတ် မသာယာ၊ မနှစ်မြို့စရာဖြစ်သော်ကား ဖြစ်မည်။ ထိုသို့မဟုတ် ထိုနှစ်ခုကြားက ခံစားမှုပျေက်နေသော်လည်း ဖြစ်ကောင်းဖြစ်မည်။ အမှန်အားဖြင့် ခံစားမှုဖြစ်ပေါ်လာခြင်းသည် တွေးခေါ်မှု၏ အကျိုးဆက်ပင်ဖြစ်ပေသည်။ ဤတွေးခေါ်မှုကို Direct perception ဟု ခေါ်ပေသည်။ ထိုကဲ့သို့ တွေးခေါ်မှုမျိုးနှင့် ပတ်သက်၍ မိမိတို့၏သိမြင်တွေ့ရှိသော အာရုံများ ကြည်လင်ပြတ်သားနေရမည်ကိုတော့ သတိပြုရပေလိမ့်မည်။ ထိုမှသာလျှင် အကြောင်းအကျိုးပါသော တွေးခေါ်မှုကို ရနိုင်ပေသည်။ 

2.Indirect Perception
ဒုတိယနည်းလမ်းမှာ Indirect Perception ဖြစ်သည်။ သွယ်ဝိုက်သော တွေခေါ်မှုကို Indirect Perception ဟု ခေါ်လေသည်။ ၄င်းကို တြိယုတ္တိဆင်ခြေ-Syllogism ဟုလည်းခေါ်သည်။ သုံးနားညီဆင်ခြေ ဟုဆိုနိုင်သည်။ သုံးနားညီဆင်ခြေဟူသည်မှာ ဥပမာအားဖြင့် “လူသားတိုင်းဟာ တစ်နေ့ကျရင် သေရမည်။ ငါသည် လူသားမျိုးနွယ်ဖြစ်သည်။ ငါသည်လည်း သေမျိုးထဲပါဝင်သည်။ ဒါကြောင့် ငါလည်း တစ်နေ့မုချ သေနိုင်သည်”။ ထိုကဲသို့ ယုတ္တိကျသော ဆင်ခြင်မှုကို တြိယုတ္တိဆင်ခြေ-သုံးနားညီဆင်ခြေ -Syllogism ဟုဆိုရသည်။
တြိယုတ္တိဆင်ခြေကို အောက်ပါနည်းလမ်း(၅)သွယ်ဖြင့် ဆင်ခြင်ကာ နားလည်သဘောပေါက်နိုင်သည်။
1.    Pratijna: Statement to be proved, သက်သေထုတ်ပြန်ရခြင်း၊
2.    Hetu: Reason, အကြောင်းပြရခြင်း၊
3.    Udaharana: Example, ဥပမာပေးရခြင်း၊
4.    Upanaya: Application and, နိုင်းယှဉ်မှုရှိရခြင်းနှင့်
5.    Nigamana: Conclusion, အချုပ်နိဂုံးဖေါ်ပြရခြင်း ဖြစ်ကြသည်။
 ဆိုကြပါစို့။ ပထမဆုံးအနေဖြင့် Statement သက်သေတစ်ခုကို ထုတ်ပြရမည်။ သာဓကအနေဖြင့် တစ်စုံတစ်ယောက်က  ”တောင်ပေါ်မှာ မီးရှိတယ်”ဟု အဆိုပြုလိုက်သည်(ပရိညာ)။ ဘာကြောင့်ဒီလို ပြောနိုင်ရတာလည်း အကြောင်းရှိရမည်။ ”ဟုတ်တယ်။ တောင်ပေါ်မှာ မီးခိုးထွက်နေတာကို ငါတို့လှမ်းမြင်နေရတယ်”ဟု သက်သေကို ခိုင်လုံသော အကြောင်းပြချက်ပေးရသည်(ဟေတု)။
အဆိုပါအကြောင်းပြချက်နဲ့ ပတ်သက်ပီ ဥပမာဆက်လက်ပြနိုင်ရမည်။ မှန်တယ်။ ”အလားတူပဲ မီဖိုထဲမှာ မီးခိုးထွက်နေတာ မီးရှိလိုပေါ့။” ဟု နိုင်းယှဉ်ကြည့်ရမည်(ဥဒါဟရဏ)။
ထို့နောက် ဥပမာနှင့် ဥပမေယျတို့ကို ဆက်စပ်ကြည့်ရမည်။ ”မီးဖိုချောင်ထဲမှာ မီးရှိနေသည့်အတွက် မီးဖိုချောင်ထဲ၌ မီးခိုးရှိနေရလေသကဲ့သို့ အလားတူပင် တောင်ပေါ်မှာ မီးခိုးကို လှမ်းမြင်နေရသည့်အတွက်ကြောင့် တောင်ပေါ်မှာ မီးရှိတယ် ဆိုတာ သေခြာသွားလေသည်(ဥပနယ)။ နောက်ဆုံး ငါတို့က ”တောင်သည် မီးရှိသည်”ဟု ပြောကာ နိဂုံးချုပ် ဆင်ခြင်ရသည်(နိဂမန)။
အထက်ပါ အချက်(၅)ချက်ဖြင့် ဆင်ခြင်တွေးခေါ်ခြင်းသည် တိုက်ရိုက်ချက်ခြင်း မသိရှိရသောကြောင့် Indirect Perception ဟုခေါ်ဆိုရသည်။ အကြောင်းအကျိုးဆက်စပ်ပီး ဆင်ခြင်သိနိုင်သောကြောင့်လည်း ၄င်းကို Logical Thinking ဟု ခေါ်သည်။
ဘုရားလောင်းဘ၀ သုမေဓာအရှင်ရသေ့သည်လည်း ထိုသို့သော Logical thinking နည်းလမ်းဖြင့် နိဗဗာန် တကယ်ရှိတယ် ဆိုတာကို ဆင်ခြင်သိဖြင့် လှမ်းမြော်ကာ ပါရမီ(၁၀)ပါးကို တွေ့ရှိပြီး လမ်းကြောင်းမှန်ကန်စွာ ရွေးချယ်နိုင်ခဲ့သည်။
”အပူရှိရင် အအေးဆိုတာ ရှိရမည်။ အလားတူပင် သေဆုံးခြင်းရှိနေရင် တစ်ခြားတစ်ဖက်မှာ မသေတဲ့နေရာ သေခြင်းကင်းရာလည်း ရှိရပေမည်”။ “If there is heat, there must be cold; in the same way, if there is death, there must be deathlessness.’’ ဘုရားလောင်းတော် သုမေဓာရှင်ရသေ့သည် ယုတ္တိကျသော တွေးခေါ်မှုဖြင့် မိမိဘ၀ကိုထိန်းကျောင်းကာ လူသားမျိုးနွယ်စုကို သုခဘုံသို့ရောက်ရှိအောင် သွားရာလမ်းကို  အကောင်းဆုံး လမ်းညွန်ပြသနိုင်ခဲ့ပေသည်။
ဘုရားဖြစ်ပီးနောက်တွင်လည်း ကာလာမသုတ်၌ တွေးခေါ်မှုဧ။် အတတ်ပညာမျိုးစေ့ကို ချပြထားလေသည်။ ကာလမသုတ်အကြောင်းအရာ အပြည့်အစုံကို တွေးခေါ်ခြင်း(၁)ပိုးစ်မှာ ဖေါ်ပြပြီး ဖြစ်သည်။
လူသားတို့သည် အသိပညာအားနည်းသဖြင့် အယုံလွယ်သူများဖြစ်ရာ လူလည် လူရှုပ်များက သူသိသလို တတ်သလိုဖြင့် ဒုက္ခမျိုးစုံဖြင့် အားကိုးရာရှာနေသော လူသားတို့အား အမျိုးမျိုးလမ်းညွန်မှုများ ပေးတတ်ကြကြောင်း ကာလာမအမျိုးသားတို့ရဲ့ ကိုယ်တွေဖြစ်ရပ်တွေက သက်သေပြနေပေသည်။ ကာလာမသုတ်ဝယ် မြတ်စွာဘုရားက ”ငါပြောတာ အဟုတ်အမှန်”ဟု မျက်ကန်းမယုံစေဘဲ ကိုယ်တိုင်သိအောင်လုပ်။ သိရင် လက်တွေကျင့်။ ကျင့်ကြည့်ပြီး ကောင်းတယ်ဆိုက ယူလိုက်။ မကောင်းရင် ပယ်လိုက်”ဟု လမ်းညွန်လေသည်။
ကာလာမသုတ်ဝယ် အချက်(၁၀)သည် အဓိကကြောရိုးဖြစ်လေသည်။ ယင်း (၁၀)ချက်အရ ခွဲခြမ်းစိတ်ဖြာကြည့်လျှင် တွေးခေါ်ပုံ နည်းလမ်း နှစ်သွယ်ကို တွေ့ရလေသည်။ ပထမနည်းလမ်းမှာTraditional thinking- ရိုးရာတွေးခေါ်ပုံနည်းလမ်းဖြစ်ကာ ဒုတိယနည်းလမ်းမှာ Rational thinking- ကြောင်းကျိုးအခြေခံသော တွေးခေါ်မှု ဖြစ်လေသည်။
ကာလာမသုတ်လာ အနှစ်ချုပ်မှာ အကုသိုလ်တရားကို ရှောင်ရန်၊ ကုသိုလ်တရားကို အားထုတ်ရန် ဖြစ်ပေသည်။ ကုသိုလ်၊ အကုသိုလ်ဆိုတာကို မိမိတို့ တွေးခေါ်ညဏ်ဖြင့် ပိုင်းခြားပီး ခွဲခြားနားလည်ဖို့ ဆိုရင် ကြောင်းကျိုးအခြေခံသော တွေးခေါ်မှုကသာလျှင်ရွေးချယ် သိရှိနိုင်ပါကြောင်း။