Showing posts with label စိတ်အဟာရ. Show all posts
Showing posts with label စိတ်အဟာရ. Show all posts

Saturday, January 8, 2011

ကံကောင်းခြင်းလက်ဆောင်

You Are the Lucky One!

If you woke up this morning
Fairly healthy, Congratulations, because
Million people will not live to past a week.

နံနက်ခင်းမှာ ကျန်းမားရေးနှင့် ညီညွတ်မျတစွာ အိပ်ရာမှ နိုးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သက်လိုက်ပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သန်းပေါင်းများစွာသော လူတို့ဟာ ကုန်လွန်သွားခဲ့တဲ့ တစ်ပတ်လောက်ကို ပြန်လည်ရယူနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

If you have never experienced the danger of war,
The loneliness of imprisonment,
The agony of torture,
Or cold and hunger,
Congratulations, you better fate than 5 million people

သင်သည် စစ်ဘေးစစ်ဒဏ် အန္တရာယ်၊ စိတ်အားငယ်စွာ တစ်ကိုယ်တည်း အထီးကျန်မှု၊ မချိတင်ကဲခံစားရမှု၊ စိတ်နှလုံးနှောက်ကြုခြင်း၊ သို့မဟုတ် အအေးလွန်းခြင်းဒဏ်၊ ဆာလောင်ခြင်းဝေဒနာများနှင့် ရင်ဆိုင်မကြုံတွေ့သေးရင် သင်ဟာ သန်းပေါင်းများစွားသော လူတို့ထက် သက်သာရာ ရနေသေးသောကြောင့် ကိုယ့်ကိုကိုယ် အားရကျေနပ်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။

If you can participate in religious activities
Without fear of harassment,
Arrest, torture, or death,
Congratulations, you have more freedom than 1.5 billion people

နှောက်ယှက်မှု ကြောက်ရွံ့မှု ကင်းကင်းဖြင့် သင်ဟာ ဘာသာရေးလှုပ်ရှားမှုတွင်း ပါဝင်ဆင်နွဲနိုင်နေသေးရင်၊ အချုပ်အနှောင်ခံရမှု နှိပ်စက်ညှင်းပန်းမှု၊ သို့မဟုတ် မသေသေးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သိမ့်နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ၁.၅ ဘီလျံလောက်သော လူတို့ထက် များစွာသာလွန်လျက် လွတ်လပ်မှုကို ရရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you have food,
Have clothes to wear,
There is a place to live, congratulations,
You are richer than 70% of the world

သင့်မှာ စားဖို့ အစားအစာ၊ ၀တ်ဖို့ ၀တ်ဆင်စရာနှင့် နေထိုင်ဖို့ နေစရာလေးတစ်ခု ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ကမ္ဘာကြီးရဲ့ ၇၀% ထက် ချမ်းသာနေသေးသောကြောင့် ဖြစ်ပေသည်။

If you have saving in the bank,
Wallet with money,
There are some coin left, congratulations,
You are among the world's top 10% of the rich.

သင့်ဟာ ဘဏ်ထဲမှာ ပိုက်ဆံထည့်ထားတယ်၊ လက်ကိုင်အိပ်ထဲမှာလည်း ပိုက်ဆံရှိနေသေးတယ်၊ လက်ထဲမှာလည်း ငွေအချို့ ကျန်နေသေးတယ်ဆိုရင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်စမ်းပါ၊ အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀-ယောက် စာရင်းထဲ သင်ဟာ တစ်ယောက်အပါအ၀င် ဖြစ်နေသောကြောင့်တည်း။

If you often looked up with a smile,
And the heart to thank God,
You are happy,
Because most people can but will not do so.

သင်ဟာ မကြာမကြာ ဘုရားသခင်ရဲ့ ကျေးဇူးတော် နှလုံးသားနှင့် အပြုံးပန်းဆင်ပီး ကိုယ့်ကိုကိုယ် ကြည်ညိုနေနိုင်သေးရင် သင်ဟာ ပျော်ရွင်တဲ့ဘ၀ပိုင်ရှင်ပဲ။ ဘာကြောင့်လည်းဆိုတော့ လူများစွာတို့ဟာ သူတို့ စွမ်းဆောင်နိုင်သလောက် လက်တွေ့ လုပ်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

If you are able to hold someone's hand,
Or give them a hug,
Or pat them on the shoulder,
Congratulations, because you are with the ability to heal people's hearts

သင်ဟာ တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်နိုင်တဲ့ စွမ်းအားရှိနေသေးရင်၊ သို့မဟုတ် သူတို့ကို နွေးထွေးစွာ ပွေ့ဖက်နိုင်စွမ်း ရှိနေသေးရင်၊ သို့မဟုတ် သူတို့ရဲ့ဖခုံးကို ဖွဖွလေး ဆုတ်ကိုင်နိုင်တဲ့ စွမ်းအားမျိုး ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင့်မှာ လူတို့ရဲ့ နှလုံးသားများကို ကုစားနိုင်တဲ့စွမ်းရည် အရည်အချင်း ရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you can read this article
That is double fortunate:
Some people think of you as a friend,
And there are 1.5 billion people illiterate

သင်ဟာ ယခုလို့ ကံအားလျှော်စွာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ပြန်ထားသော ဒီစာစုကို ဖတ်နိုင်စွမ်း ရှိနေရင် ကမ္ဘာပေါ်မှာ စာမတတ်သူ ဦးရေ ၁.၅ ဘီလျံ ရှိတဲ့အထဲ လူတစ်ချို့က သင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ကြမှာပါ။ 

You probably never think of
How lucky you are now!

သင်ဟာ သေချာသလောက်ပဲ တကယ်ပါပဲ သင် ဘယ်လောက် ကံကောင်းသလဲဆိုတာ 
ဘယ်တော့မှ မစဉ်းစားဘူးလေ။

Wellness And Happiness is always with You!
ထာဝရ ကျန်းမာ ပျော်ရွင်နိုင်ပါစေ

posted by dhammasami08

Saturday, November 13, 2010

တစ်နေ့တာ အနားယူခြင်း


(Put the glass down!)
နေ့တစ်နေ့အဖွင့်စာမျက်နှာမှာ နေမင်းကြီးသည် ပထမဆုံး အလုပ်သမား ဖြစ်လေသည်။ အကျင်ပုဂ္ဂိုလ်သည် နေမင်းကြီး ထွက်မလာသေးခင် ဦးစွာပထမ အိပ်ရာထ၏။ သို့သော် ထိုပုဂ္ဂိုလ်အား နေ့တစ်နေ့၏ ပထမဆုံး အလုပ်သမားဟူ၍ မဆိုနိုင်သေးပေ။ ဘာကြောင့်လည်းဆိုတော့ နေမင်းကြီးသည် အနားယူ-မအိပ်စက်မူ၍ စင်္ကြ၀ဠာတစ်ဝန်း သက်ရှိ၊ သက်မဲ့တို့အား အလှည့်ကျ အလင်းရောင်ပေးကာ အလုပ်အကြွေးပြုနေသောကြောင့် ဖြစ်ပေသည်။
လူသားတိုင်းသည် စား၊ ၀တ်၊ နေရေးနှင့် ကျမ်းမာရေးအတွက် တစ်ခုမဟုတ်တစ်ခု မပျက်မကွက် နေ့စဉ်နေ့တိုင်း လုပ်နေရပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်သူပင် အနည်းဆုံးကတော့ ကျန်းမာရေးအတွက် အိမ်သာတက်ရပါသေးသည်။ ဥပမာ ရိုင်းသွားရင် ခွင့်လွတ်ပါ။ သက်ရှိသတ္တ၀ါတိုင်း လုပ်လေ့ရှိသည်မှာ ၎င်းလေးခုမှလွဲပီး တစ်ခြားမရှိတော့ပေ။ အလုပ်လုပ်သည့်အခါ အမြဲတမ်း အဆင်ပြေလသည်ဟု မရှိပေ။ အမြဲတမ်း အဆင်မပြေဟူ၍လည်း မဟုတ်ပါ။ အမြဲတမ်း သက်တောင့်သက်သာဖြင့် လုပ်ရသည်ဟူ၍လည်း မဖြစ်နိုင်သလို အမြဲတမ်း ခက်ခဲကြမ်းထမ်းစွာ လုပ်ကိုင်နေရတယ်-ဆိုသော်လည်း မမှန်ပါ။ ဖိအားတွေ၊ တွန်းအားတွေနှင့် စိတ်ဖိစီးလာသည့်အခါ အလုပ်ရှင်တိုင်းနီးပါး ငြီးညူမိကြပေလိမ့်မည်။
ထိုကြောင့် တစ်နေ့တာ ကျော်ဖြတ်ခဲ့သော လုပ်ငန်းခွင်၏ဖိစီးမှုတွေကို ဘယ်လို ဖြေသိမ့်၊ အနားယူ၍ စိတ်လက်ပေါ့ပါးစွာ ကျော်ဖြတ်ကြမလဲ၊ ဘာကို ကျင့်သုံးကြမလဲ။ နည်းလမ်းတစ်ခုတော့ လိုအပ်လာသည်။ မှန်ပေသည်။ တစ်နေ့တာ ပင်ပန်းမှုဒဏ်ကို ထို့နေ့၏အလုပ်သမား နေမင်းကြီး မကွယ်ပျောက်ခင် ကုစားဖို့ ဆေးမြီးတို လိုအပ်လာပေသည်။ “ဆေးမြီးတို”ဟု ဆိုရသည်မှာ ထိုတစ်နေ့အတွက်ကို ရည်ရွယ်ပါသည်။ နောက်တစ်နေ့အတွက်လည်း ဖြစ်ပါသည်။ တစ်သက်လုံးလည်း ထိုဆေးမြီးတိုကို သုံးရင်သုံးရမည်။ ဆေးမြီးတို ဆိုတာက ညဏ်ရှိသလို သုံးရသည်။
ကဲ..ပြောနေတာ ကြာတယ်။ ဆေးမြီးတို ပေးလိုက်မယ်။ ဘာလဲဆိုတော့ “လက်ထဲမှာ ကိုင်ထားတဲ့ ဖန်ခွက်ကို လွှတ်ချလိုက်ပါ”တဲ့။ ဟာ..ဘာကြီးလဲ။ ဖန်ခွက်လွှတ်ချရင် ကွဲမှာပေါ့။ စာဖတ်သူရဲ့ အမြင် မှန်ပါသည်။ ဖန်ခွက်တစ်လုံး ဆုံးရှုံး သွားပေမည်။ မူရင်းစာသားက ဒီမှာပါ။ When you leave office today, put the glass down today!
ဆိုလိုသည်မှာ the glass သည်  ဖိစီးမှုဒဏ်၊ စိတ်ဖိစီးမှု၊ ကိုယ်ပင်ပန်းမှုတွေပင် ဖြစ်ပါသည်။ ဒါတွေကို စိတ်ထဲထားမနေနဲ့။ ဒီနေ့ ပြဿနာ ဒီနေ့လုပ်တဲ့ ရုံးခန်းမှာပဲ ထားခဲ့တော့။ အလုပ်ချိန်ပြည့်၍ ရုံးခန်းက ထွက်သည်နှင့် သယ်ဆောင် မလာပါနဲ့။ အိမ်ကို ဒီအရှုပ်အထုတ်ကြီး ယူမသွားဘဲ လွှတ်ချ ထားခဲ့တော့-ဟုဆိုလိုပါသည်။ လွှတ်ချရတာ လွယ်ပါသည်။ မည်သူက အလေးခံပီး သယ်မှာလဲ။ ပင်ပန်းတာပေါ့။ လွှတ်သာ ချထားခဲ့။ ပေါ့ပေါ့ပါးပါး အိမ်ပြန်သွားပါ။ ရုံးကိစ္စတွေ၊ အလုပ်စာရွက်တွေပါလာရင်လည်း ဖန်ခွက်က မကျသေးဘူးနော်။ ရဲရဲကြီးလွတ်ချလိုက်ပါ။ စိတ်လက်ပေါ့ပါးသွာမည်မှာ မြေကြီးလက်ခတ် မလွဲပါဘူး။
ကောင်းပြီလေ။ စိတ်ဝင်စားရင် ဒီပုံတိုလေးကို ဖတ်ကြည့်ပါအုံး။… တစ်ခါက တက္ကသိုလ်တစ်ခု၏ စာသင်ခန်းထဲမှာ ပါမောက္ခတစ်ဦး သူ၏ကျောင်းသားများအား အပြန်အလှန် မေးမြန်း ဖြေဆိုနည်းဖြင့် စာသင်နေလေသည်။ ပါမောက္ခက ဖန်ခွက်တစ်လုံးကို ကိုင်မြောက်ပီး စာသင်ခြင်းကို စတင်လိုက်သည်။ ဖန်ခွက်ထဲတွင် ရေ အနည်းငယ် ထည့်ထားသေးသည်။ ကျောင်းသားအားလုံး မြင်နိုင်စေရန်လည်း ဖန်ခွက်ကို ကိုင်မြောက်ထားလေသည်။ ပါမောက္ခက ကျောင်းသားတို့အား မေးခွန်းစတင်ထုတ်လိုက်သည်။
မေး။  ဟောဒီ..ဖန်ခွက်ရဲ့ အလေးချိန် ဘယ်လောက်ရှိတယ်လို့ မင်းတို့ ထင်သလဲ။
ဖြေ။ ၁၅၀-ဂရမ်…. ၁၀၀-ဂရမ်… ၁၂၅-ဂရမ်..စသဖြင့် ကျောင်းသားများ အလုအယက် အဖြေပေးကြသည်။
ထိုအခါ ပါမောက္ခက… “ငါကိုယ်တိုင် ဖန်ခွက်ရဲ့ အလေးချိန်းကို မသိပါဘူး။ ဒါပေမယ့် ငါရဲ့မေးခွန်းကတော့…အဲဒီလို မီနစ်ပိုင်းလောက် ဖန်ခွက်ကို ကိုင်မြောက်ထားရင် ဘာတွေဖြစ်လာမလဲ..ဆိုတာပဲ..ဟု မေးပြောပြောလေသည်။
ထိုအခါ ကျောင်းသားများက.. “ဘာမှ မဖြစ်ဘူး“ဟု ၀ိုင်းအော်ကြသည်။ ကောင်းပီ။ တနာရီးလောက် ဒီအတိုင်း ကိုင်မြောက်ထားရင်ကော..ဟု ပါမောက္ခက ထပ်ဆင့်မေးခွန်းထုတ်လိုက်သည်။ အားလုံး တိတ်ဆိတ်သွားလေသည်။ ဤတွင် တစ်ယေက်သော ကျောင်းသားက..ဆရာရဲ့ လက်မောင်းတွေ ကိုက်ခဲနာကျင် လာမှာပေါ့..ဟု ထပြောလေသည်။ မင်း မှန်တယ်..ဟု ပါမောက္ခသည် ထိုကျောင်းသားအား ဂုဏ်ပြုစကားဆိုသည်။ နောက်တစ်ခါ ပါမောက္ခက မေးပြန်သည်။
မေး။ ဒီဖန်ခွက်ကို ငါ တစ်နေ့လုံး ကိုယ်မြောက်ခဲ့ရင်ကော ဘာဖြစ်လာမလဲ။
ဖြေ။ ဆရာရဲ့ လက်မောင်းဟာ ထုံကျင်ကိုက်ခဲပီး အကြောသေသွားနိုင်သလို လက်မောင်းကြွက်သားတွေလည်း ဒဏ်ဖိစေနိုင်တယ်။ ပီးတော့ မလှုပ်မယှက် သွတ်ချာပါဒလိုက်သွားမယ်။ နောက်ဆုံးတော့ ဆေးရုံတက်ရမှာ သေချာပါတယ်။ ..ဟု တစ်ခြားကျောင်းသားတစ်ယောက်က အရဲစွန့်ပီး ဖြေလိုက်သောအခါ ကျောင်းသားအားလုံး ၀ိုင်ရည်(ရယ်)ကြသည်။
သို့သော် “အလွန်ကောင်းတယ်” ဟု ပါမောက္ခက စိတ်မဆိုးဘဲ ချီးမွမ်း စကားဆိုလေသည်။ ဒါပေမယ့် ကိုင်ထားတဲ့ အချိန်အတောအတွင် ဖန်ခွက်အလေးချိန် ပျောင်းလဲမှုရှိလား..ဟု ပါမောက္ခက စပ်းသပ်မေးပြန်သည်။ အဖြေကား….နိုး..ဟူ၍သာ ထွက်လာသည်။ တစ်ဖန် ပါမောက္ခက
မေး။ လက်မောင်း ထုံကျင်ခြင်း၊ လက်မောင်းဒဏ်ဖိခြင်းရဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ..ဟု မေးသောအခါ ကျောင်းသားများ ဇဝေဇ၀ါ ဖြစ်ကုန်သည်။
မေး။ ၎င်းနာကျင်မှု၊ ဖိစီးမှုတွေကို ပယ်ထုတ်ဖို့ ထွက်သွားစေဖို့ ငါ ဘာလုပ်သင့်လဲ..ဟု ပါမောက္ခက ထပ်ဆင့်တစ်ဖန် မေးခွန်းထုတ်လိုက်သည်။ ထိုအခါ ကျောင်းသားတစ်ယေက်က ..
ဖြေ။ Put the glass down! ဖန်ခွက်ကို လွှတ်ချလိုက်ပေါ့..ဟု ဖြေလိုက်သည်။ ထိုအခါ ပါမောက္ခက.. မှန်လိုက်တာ။ ”မင်း ညဏ်ကောင်းတယ်” ဟု ချီးမွမ်းလေသည်။ ထိုနောက် ပါမောက္ခသည် ဖန်ခွက်ကို ကိုင်မြောက်ထားရင်း ကျောင်းသားတို့အား ရှင်းပြလေသည်။
“လူ့ဘ၀ ပြဿနာတွေဟာလည်း ဒီအတိုင်းပဲ”။ မီးနစ်ပိုင်းလောက် ကိုင်ထားရုံနဲ့ ဘာမှမဖြစ်သေးဘူး။ အဆင်ပြေတယ်လို့ ထင်ရတယ်။ စဉ်းစားကြည့်…….။ အချိန်အကြာကြီး ကိုင်ထားရင် ထုံကျင်လာမယ်။ ထိုထက်မက ကြာလာရင် သွက်ချာပါဒလိုက်မယ်။ နောက်ဆုံးတော့ ဘာဆိုဘာမှ မလုပ်နိုင်တဲ့ ဘ၀ ရောက်သွားမယ်။ အဲဒါ အရမ်းကို အရေးကြီးတယ်။ မင်းတို့ဘ၀မှာ နေ့တစ်နေ့ရဲ့ နောက်ဆုံး မင်းတို့ အိပ်ရာမ၀င်မီတိုင်အောင် ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို အောက်သို့ချထားဖို့၊ မေ့ပျောက်ခေါက်ထားဖို့ အလွန်ကို အရေးကြီးပါတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် မင်းတို့ဟာ ဖိစီးမှု မရှိဘဲ အိပ်ရာဝင်နိုင်မယ်။ နံနက်တိုင်း ဖိစီးမှု မရှိမူ၍ အိပ်ရာမှ နိုးထနိုင်မယ်။ နံနက်ခင်းရဲ့ လေကောင်းလေသန့် စိတ်ရွင်လန်း ပေါ့ပါစွာ ခံစားနိုင်မယ်။ တစ်နေ့တာ၏ အလုပ်ခွင်မှာ စိတ်လက်ချမ်းသာစွာ ဆောင်ရွက်နိုင်မယ်”။
ဒါကြောင့် စာဖတ်သူများ တစ်နေ့တာရဲ့ လုပ်ငန်းခွင် ပီးဆုံးချိန်မှာ သတိတရ ရှိရမှာကတော့ “ဖန်ခွက်ကြီးကို လွှတ်ချထားခဲ့ပါ”ဆိုတာပါပဲ။ ထပ်ဆင့်အကြံပြုလိုသည်မှာ အောက်ပါ စာသားလေးကို စာရွက်လေးမှာ ရေးပြီး ရုံးခန်းရဲ့ မြင်သာတဲ့နေရာမှာ ကပ်ထားသင့်ပါ၏။
“When you leave office Today, Remember to Put the glass down Today!”

အားလုံး ဘ၀အမောတွေ ပြေပါစေ…………။



posted by dhammasami08

Tuesday, November 9, 2010

ယုံချင်ယုံ မယုံချင်နေ


အထက်ပါ ပိုစ့်ခေါင်းစည်းသည် Money Money! (about money)နှင့် ပတ်သက်ပီး စာဖတ်သူများအား ပြောစရာ ရှိလာသောကြောင့် “ယုံချင်ယုံ မယုံချင်နေ”ဟု Title ယူပီး ရေးသားလိုက်ရပေသည်။
Money Money! (about money)သည် တရုတ်စကားပုံ တစ်ခုပါဟု ဖေါ်ပြထားသည်။ အရင်ပိုစ့်၌ စာရေးသူက စကားပုံသက်သက်မျှကို ယူပီး တင်ပြထားခြင်းဖြစ်ပေသည်။ ၎င်းတရုတ်စကားပုံသည် စာရေးသူထံသို့ Metacafe မှတဆင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။ (အချိန်ရမယ်ဆိုရင် Chinese proverb-စကားပုံကို တစ်ခေါက် ပြန်ဖတ်ကြည့်ပါအုံး)။ တစ်ချို့စာဖတ်သူများလည်း သိပီးသား ဖြစ်ချင်ဖြစ်နေပါမည်။ ထိုကြောင့် ဤပိုစ့်သည် မဖတ်ဖူးသူများအတွက် ရည်ရွယ်ခြင်း ဖြစ်ပါသည်။ စကားပုံနှင့် တစ်ဆက်တည်းမှာ ထိုစကားပုံကို ပို့သူရဲ့ တိုက်တွန်းချက်၊ ရည်ရွယ်ချက်တွေ ပါနေပေသေးသည်။ မူရင်းကို ဘာသာပြန်ပီး ဖေါ်ပြရလျှင် အောက်ပါအတိုင်း ဖြစ်လေသည်။
“အဆိုပါ စကားပုံကို ကမ္ဘာတစ်ဝန်းသို့ အချိန်နှင့်အမျှ ပေးဝေနေပါသည်။ ယခု သင်ဟာ ထိုစကားပုံကို လက်ခံရရှိပြီးနောက် သင်သည် ကံကောင်းခြင်းများ ရရှိလာဖို့ အလှည့်ရောက်လာပီ ဖြစ်သည်။ ဒါဟာ ဟာသမဟုတ်ပါ။ နောက်ပြောင်နေခြင်း မဟုတ်။ သင်ထံသို့ ကံကောင်းခြင်းများ mail-မေးလ် သို့မဟုတ်၊ တစ်ခြားနည်းလမ်းဖြင့် မကြာခင် ရောက်လာပါလိမ့်မယ်။ စစ်မှန်သော ကံကောင်းခြင်းကို လိုလားသူများ အဆိုပါ စကားပုံကို ကော်ပီကူးပီး တစ်ပါးသူအား ပို့လွတ်ပေးကြပါ။ ငွေ(ပိုက်ဆံ)ကိုတော့ မပို့ပါနဲ့။ ဘာကြောင့်လည်းဆိုတော့ ကံကောင်းခြင်းကို ငွေဖြင့် ၀ယ်၍မရလို့ပါ။ ပြီးတော့ အဆိုပါစကားပုံကို လေးရက်ထက်ပိုပီး သိမ်းဆည်းမထားပါနဲ့နော်။
လူတစ်ယောက်ကတော့ ၁၉၅၃-နှစ်မှာ ဤစကားပုံကို ပထမဆုံးအနေဖြင့် လက်ခံရရှိခဲ့ပါသည်။ သူသည် အတွင်းရေးမှုးမလေးအား ၎င်းကို ကော်ပီ ၂၀-ကူးစေပီး တစ်ခြားသူအား ဝေပေးလိုက်လေသည်။ စာရွက်တွေဝေပီး ကိုးနာရီကြာတော့ သူသည် အမေရိကန်ဒေါ်လာ ၉၉ မီလျှန်တန် ထီပေါက်သွားလေသည်။
အလုပ်သမားတစ်ယောက်ကတော့ အထက်ပါ စကားပုံကိုပင် လက်ခံရရှိပီးနောက် မဝေဘဲ ဒီအတိုင်း ပစ်ထားလိုက်သည်။ နှစ်ရက်၊ သုံးရက်ကြာပြီးနောက် ထိုအလုပ်သမားသည် အလုပ်ပြုတ်သွားလေသည်။ ထို့ကြောင့် အလုပ်သမားသည် တစ်ဖန်ပြန်ပီး စကားပုံကို ဝေပေးလိုက်သောအခါ ချမ်းသာတဲ့လူတစ်ယေက် ဖြစ်သွားသည်။
တစ်ခြားလူတစ်ယောက်ကတော့ ၁၉၆၇-ခုနှစ်မှာ အဆိုပါ စကားပုံကိုပင် ရရှိခဲ့သည်။ စကားပုံနောက် ဆက်လက်ရေးထားသော စာသားများကို ဖတ်ပီ ရယ်(ရည်)လေသည်။ ရက်အနည်းငယ်ကြာတော့ ထိုသူ၏သားသည် အပြင်းဖျားလေတော့၏။ ထိုသူသည် စာပါအကြောင်းအရာကို သေခြာစွာပြန်ဖတ်ပီးနောက် ကော်ပီ ၂၀-ကူးယူကာ ဝေပေးလိုက်လေသည်။ ကိုးရက်လောက်ကြားပီးနောက် သားဖြစ်သူ၏အသက်ကို ကယ်တင်နိုင်လိုက်ကြောင်း သတင်းကောင်း ကြားရလေတော့သည်။ အထက်ပါ စကားပုံနှင့်တကွ အကြောင်းအရာများကို စတင်၍ ဖြန့်ဝေသူမှာ တောင်အဖရိကတစ်ခွင်၌ သာသနာပြုဆောင်ရွက်နေသော Anthony De Croud ဆိုသူပင် ဖြစ်လေသည်။
အဆိုပါစာကို ရရှိပီးနောက် ၉၆-နာရီမကျော်သေးခင် ကောက်ပီအစုံ ၂၀-ကူးယူကာ တစ်ခြားသူ အယောက် ၂၀-အား ဝေပေးရမည်။ ထိုသို့ဝေပေးခြင်းကြောင့် သင့်ထံသို့ ကံကောင်းခြင်းလက်ဆောင်များ စာကို လက်ခံရရှိပြီးနောက် လေးရက်အတွင်း ရောက်ရှိလာလိမ့်မည်။ သင့်မှာ ဘယ်အရာများ ဆုံးရှုံးသွာမှာလဲ(ဒီလို ဝေပေးလိုက်ခြင်းဖြင့်)။ သင် ကံကောင်းဖို့အတွက် ပိုစ့်ကာဒ်လေးတစ်ခု ပို့ပေးရုံမျှပါ။ နောက်ဆုံးတော့ ကံကောင်းခြင်းတွေက သင့်ရဲ့တံခါးကို လာခေါက်နေပီ။ သင်နဲ့ နီးစပ်သူတွေ၊ သူငယ်ချင်း၊ မိသားစုများအတွက် ကော်ပီးကူးပီး ပို့ပေးပါ။ နောက်တစ်နေ့ရောက်လျှင် သင် သတင်းကောင်း ကြားရလိမ့်မယ်၊ သို့၊ အံသြသင့်စရာများနဲ့ ကြုံရလိမ့်မယ်။
ကျွန်ုပ်သည်လည်း ကံကောင်းခြင်းများစွာ မျှော်လင့်၍ ပိုစ့်ကာဒ်တွေကို ကမ္ဘာတစ်ဝန်း ပို့လွတ်ခဲ့ပြီ။ အရေအတွက်အားဖြင့် ၂၀-မျှသာ ကော်ပီကူး ပို့ပါ။ နောက်နေ့တွေ အနည်းငယ်အတွင်းမှာ ရောက်လာမယ့် ကံကောင်းခြင်းကို မျှော်လင့်နေပါ။” စာသားတွေက မပီးသေးဘူး။ နောက် “အရေးကြီးသည်”ဟု ဆက်လာသေးသည်။ Important: Do not modify the text that I sent you. Forward it exactly the way you got it. ”အရေးကြီးသည်မှာ ကျွန်ုပ်ပို့လိုက်သော စာသားကို မပြင်ပါနဲ့။ သင် ရရှိခဲ့သော နည်းအတိုင်း ဆက်လက်ပို့ပါလေ“တဲ့။ နောက်ဆုံးတစ်ကြောင်း ကျန်ပါသေးသည်။ Good luck! ”ကံကောင်းပါစေ”။ ကဲ..ဒါပါပဲ။ အထက်ပါ ဆိုခဲ့သည့်အတိုင်း စကားပုံကို ဖတ်မိသူ စာဖတ်သူသည်လည်း ကံကောင်းခြင်းများနှင့် ဆုံတွေ့ခဲ့သည်ဟု ဆိုနိုင်ပါသည်။ ယုံချင်ယုံ၊ မယုံချင်နေ။
လောကမှာ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြလေ့ ရှိပါသည်။ တစ်ချို့က နတ်ကို ယုံသည်။ တစ်ချို့က ရိုးရာကို ယုံသည်။ တစ်ချို့က ဖန်ဆင်းရှင်ကို ယုံသည်။ တစ်ချို့ ဘုရားရှိခြင်းကို ယုံသည်။ တစ်ချို့က ဘုရားမဲ့၊ ဘုရားမရှိဘူး ဟုယုံသည်။ တစ်ချို့ကြတော့ ဖန်ဆင်းရှင်ဘုရား ရှိသည်“ဟု ထင်သည်။ တစ်ချို့က ကမ္ဘာကြီးသည် သူအလိုလို ဖြစ်လာတာ“ဟု ထင်သည်။ ထင်မြင်မှု၊ ယုံကြည်မှုပေါင်း သောင်းခြောက်ထောင်ပင် ရှိနေကြသည်။ မရေတွက်နိုင်အောင် ယုံကြည်စရာ များလပေသည်။ မိမိစိတ်ထဲမှာ ထင်မြင်၍ လုပ်တာနှင့် ယုံကြည်၍ လုပ်ခြင်း.. ဤနှစ်ခုသည် စူးဝင်သက်ရောက်ခြင်း မတူညီပေ။ ထင်မြင်ခြင်းသည် သံသယ သဘောပါသည်။ မယုံရဲ ယုံရဲ ဖြစ်နေသည်။ ယုံကြည်ခြင်းသည် သံသယကင်းသည်။ စိတ်ထဲမှာ ရှင်းလင်းပြတ်သားမှု ရှိသည်။
ဘယ်လိုပဲ ယုံကြည်မှု၊ ထင်မြင်မှုတွေ ရှုပ်ထွေးနေပါစေ မိမိကိုယ်ကိုတော့ ယုံရမည်။ မိမိကိုယ်ကိုတော့ အထင်ကြီး ဘ၀င်မြင့်နေသည်မှအပ မိမိကိုယ်ကို ယုံကြည်မှု အပြည့်ရှိရမည်။ ဤအရာကား ပထမအနေဖြင့် အရေးကြီးဆုံးသော ယုံကြည်ချက်ပင် ဖြစ်ပေသည်။
တစ်ချို့က ပြောလေမည်။ “ကိုယ်ကကျူး ကိုယ့်ဒူးကိုတောင် မယုံရဘူး”။ မည်သို့ပင် ဆိုပါစေ ကိုယ့်ကိုယ်ကို ယုံကြည်လာအောင် မည်သူမှ တိုက်တွန်းစရာမလိုပေ။ ယုံပီးသား မိမိကိုယ်ကို။ ဒါပေသိ တစ်ခြားသူကိုတော့ ယုံကြည်သွားအောင် အနုနည်းနှင့်ဖြစ်စေ၊ အကြမ်းနည်းနှင့်ဖြစ်စေ သို့မဟုတ် မနုမကြမ်းနည်းနှင့်ဖြစ်စေ တိုက်တွန်းခြင်းတစ်ဖုံ၊ ဟောပြောခြင်း တစ်သွယ်၊ မြူဆွယ်ခြင်းအမျိုးမျိုးဖြင့် ပြုလုပ်ကြလေ့ရှိလေသည်။ ယုံကြည်ထိုက်လျှင် ယုံမှာပေါ့။ မည်သူမျ တိုက်တွန်းနေစရာ မလိုပေ။ ဒါကြောင့် မိမိကိုယ်ကို ယုံကြည်တယ်ဆိုလျင် တစ်ပါးသူကိုတော့ ယုံသင့်မှ ယုံရပေလိမ့်မည်။ ယုံချင်ယုံ မယုံချင်နေပေါ့။ ကိုယ်သဘောပဲ ဖြစ်လေသည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းကြောင့်လည်း မိမိကိုယ်ကိုယ်သာ မိမိ အချစ်ဆုံး ဖြစ်ရလေသည်။ အတ္တသမံ ပေမံ နတ္ထိ- မိမိကိုယ်ကို ချစ်သည်မှတစ်ပါး အချစ်ဆုံးဖြစ်သော တစ်ပါးသူဆိုတာ မရှိပါ။ မိမိကိုယ်သာ အချစ်ဆုံးပါ။
အရေးကြီးဆုံး ဒုတိယတစ်ချက်မှာ ယုံကြည်မှု လွန်လွန်ကဲကဲ မဖြစ်ဖို့ပင် ဖြစ်သည်။ ယုံကြည်မှု-သဒ္ဓါနှင့် ပညာ ချိန်ခွင်လျှာ ညီညွတ်မျတစေသင့်သည်။ သဒ္ဓါလွန် ကျွန်ဖြစ်တတ်သည်။ ပညာကျော်က ချော်တတ်သည်။ ပညာတတ်လွန်ပီး လွဲချော်သွားတတ်သည်။ (သဒ္ဓါလွန်က ဆွံ့သည်။ ပညာလွန်က တွန့်သည်-ဟုလည်း ကြားဖူးသည်) ထိုသဒ္ဓါနှင့် ပညာကို မျှတအောင် ထိမ်းထားနိုင်သူမှာ သတိတရားပင် ဖြစ်သည်။ သတိသည် အလုပ်(၃)ကို တစ်ပြိုင်တည်း လုပ်နိုင်လေသည်။
1. Guard the mind very well စိတ်ကို ကောင်းမွန်စွာ စောင့်ရှောက်ခြင်း။
2. Fix the mind of the object very well and အာရုံတရားပေါ်မှာ တည်ငြိမ်စွာ ထိမ်းထားနိုင်ခြင်းနှင့်
3. Discover truth nature of our mattel and physical body “ငါ”ဟုသမုတ် နာမ်နှင့် ရုပ်နှစ်ပါးပေါ်မှာ သဘာဝအမှန်တရားကို ရှာဖွေပေးခြင်းတို့ ဖြစ်ပေသည်။ သတိသည် စိတ်ကို ထိမ်းမတ် စောင့်ရှောက်ပေးသည်။ ထိုပြင် စိတ်ပျံ့လွင့်နေသည်ကို ညှိသည်။ ဆွဲစိပေးသည်။ ထိုနောက် သဘာဝအတိုင်း အမှန်တရားပေါ်သို့ရောက်အောင် ရှာဖွေပေးသည်။
ထို့ကြောင့် နောက်ဆုံး တတိယအရေးကြီးဆုံးတစ်ချက်ကတော့ အရာရာကို သတိနှင့် ဆင်ခြင်သုံးသပ်ပီးမှ ပြုလုပ်သင့်ပေသည်။ ဤကဲ့သို့ သဒ္ဓါနှင့် ပညာ မျှတအောင် သတိဖြင့် ထိမ်းချုပ်ထားနိုင်မှသာ မြတ်စွာဘုရား မိန့်ကြားခဲ့သည့်အတိုင်း “အတ္တာ ဟိ အတ္တနော နာထော-မိမိသည်သာ မိမိ၏ကိုယ်းကွယ်ရာ ဖြစ်မည် ဧကန်မလွဲ ပါကြောင်း………..။
ရွှင်လန်းချမ်းမြေ့ပါစေ…

posted by dhammasami08

Sunday, October 31, 2010

အဖေ့မှာတမ်း


အဖေ့မှာတမ်း
“ရောက်တဲ့အရပ်မှာ  ပျော်အောင်နေ။
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း။
ရတဲ့ဟာနဲ့ ၀အောင်စား။
ရှိတာလေးနဲ့ လှအောင်ဝတ်။
ခွေးဟောင်တိုင်း ထမကြည့်နဲ့
အထက်ပါ ဆိုရိုးစကားလေးသည် မည့်သည့်ပညာရှင် မည်သူ၏မူပိုင်နှုတ်ထွက်စကားတော့ စာရေးသူ မသိပါ။ သို့သော် စာရေးသူဘ၀မှာ လက်တွေကျင့်သုံးခဲ့သော အဆိုအမိန့်များ ဖြစ်ခဲ့ပါသည်။ ဤအဆိုအမိန့်လေးကို စာရေသူ၏ အဖေက မြို့ပေါ်သို့ ပညာသင်သွားရောက်မည့် အကျွန်ုပ်အား သွားခါနီး မှာကြားလိုက်သည်ကိုတော့ ယနေ့တိုင် ကြားယောင်နေမိပါသည်။ အဖေ့မှာကြားချက်အတိုင်း လက်တွေ့လည်း ကျင့်သုံးနေမိခဲ့ပါသည်။ အဖေတစ်ယောက်၏ မေတ္တာ၊ ကရုဏာ၊ အဖေတစ်ယောက်ရဲ့စေတနာများစွာဖြင့် ကြင်ကြင်နာနာဂရုတစိုက် မှာကြားခဲ့၊ ဆုံးမခဲ့သည်ကိုတော့ ကျွန်ုပ် အကြွင်းမဲ့ ယုံကြည်နေမိသည်။
ထိုအချိန်က ကျွန်ုပ်သည် အသက် ၁၆-နှစ်သာသာ ရှိပေသေးသည်။ ၁၉၉၂-နှစ်မှာ တစ်ခါမှမရောက်ဘူးသော အဖေါ်တစ်ယောက်နှင့်အတူ စာရေးသူသည် ရန်ကုန်မြို့ကြီးသို့ စတင်ရောက်ရှိလာခဲ့ပါ၏။ ကျွန်ုပ်အကြောင်းကို ဒီမှာတင် ရပ်လိုက်ကြပါစို့။ စာဖတ်သူများ စာရေးသူ၏အကြောင်းကို ဖတ်ရလျှင် ငြီးငွေ့သွားပါလိမ့်မည်။ နောက်ပိုင်းမှာ ခရီးသွားဆောင်းပါးရှည် ပိုစ့်များရေးဖို့ ရည်ရွယ်ထားပါသည်။ အခုတော့ အချိန်နှင့် နေရာ အတည်မကျသေး၍ စာဖတ်သူများ သည်းခံစောင့်စားပါရန် မေတ္တာရပ်ခံပါသည်။
ပညာသင်သွားမည့် သားတော်မောင်အား ပညာကြိုးစားသင်အောင် မမှာကြားဘဲ ဘ၀နေထိုင်နည်းကိုသာ အဖေမှာကြားခဲ့သည်။ ထို့ကြောင့် ပညာသည် လူတစ်ဦးတစ်ယောက်အတွက် ဘ၀မှာ အရမ်းလိုအပ်နေပြီး အဓိကနေရမှာ ရှိနေပါသလား….။ အဖေသည် အဖေ့မှာ ပညာဘယ်လောက်ရှိသည်ကို ကျွန်ုပ် မသိပါ။ သို့သော် အဖေမှာလိုက်သော နောက်ဆုံးစကား “ရည်ရွယ်ချက်တွေ မပျောက်စေနဲ့” ကို ဟိုတုန်းက နားလည်သလိုလိုနှင့် အပြည့်အ၀ သတိမထားးခဲ့မိပါ-ဟု ၀န်ခံရပေမည်။ ပညသင်ပြီး ဘွဲ့၊ ဒီဂရီများပိုင်ဆိုင် ရရုံမျှဖြင့် လောကမှာ အောင်မြင်းတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပီလား…။ လက်တွေ့ဘ၀မှာ ပျော်ရွင်ချမ်းမြေ့စွာ နေနိုင်ဖို့ လူမှုဘ၀ ပေါင်းသင်းဆက်ဆံနည်းနှင့် ဘ၀နေထိုင်နည်းကိုလည်း လေ့လာမှတ်သား လိုက်နာကျင့်သုံးရပေအုံးမည်။ ထို့ပြင် လူအများကြီးနှင့် သိကျွမ်းမိတ်ဆွေဖွဲ့ပီး ပေါင်းသင်းဆက်ဆံနေရုံမျှဖြင့် ဘ၀မှာ အောင်မြင်သွားပီလား…။ စီးပွါးရေး ဒလဟောတိုးတက်လာပီး စည်းစိမ်ဥစ္စာများ ပြည့်စုံလျှံအပယ်ဖြစ်လာလျှင် ဘ၀မှာ အောင်မြင်သွားပြီလား…။ ပန်းတိုင်ဆိုတာ ရှိရပါသည်။ ရည်ရွယ်ချက် ရှိရှိ မဖြစ်ဖြစ်အောင်၊ မရောက် ရောက်အောင် သွားရမည့် ပန်းတိုင် ရှိရပါမည်။ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ နှလုံးသွင်းထားရမှာက “ငါ ဒီတောင်ကို ကျော်နိုင်တယ်” ဆိုတာပါပဲ။
ထိုပန်းတိုင်ကို ရောက်ဖို့ သွားနေစဉ်မှာ သူများယောင်လို့ ကိုယ်မယောင်မိဖို့လည်း သတိရှိရသည်၊ ဂရုစိုက်ရပေမည်။ ယောင်ရင် ကြောင်မည်။ ကြောင်ရင် ပန်းတိုင် ပျောက်ပြီ။ ထိုကြောင့် “ခွေးဟောင်းတိုင်း ထမကြည့်နဲ့” ဟု အဖေက ဥပမာနှင့် ဆုံးမမှာကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဥပမာက ရိုင်းတယ်လို့ မမှတ်ယူစေခြင်ပါ။ အီဒီယမ်အသုံးအနှုံးဟု မှတ်ယူသင့်ပါသည်။ ညညဆို အိပ်ကောင်းတုံး ခွေးဟောင်ပါက အိပ်ရေးပျက်သည်။ သူများက ဟိုသင်တန်း တက်ပီတဲ့” ဟိုကောင်းက ဘယ်ဘာသာ ပြောင်းယူသတဲ့”စသည်စသည် သူများယောင်လို့ လိုက်ပြီးတော့ ယောင်တောင်တောင် မလုပ်ဖို့ ဆိုလိုပါသည်။ အခုအချိန်မှာတော့ ဟိုအဖွဲ့ မဲပေးပါလား၊ ဒီပုဂ္ဂိုလ်ပဲ မဲထည့်သင့်တယ်”စသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ယုံကြည်ချက် ယောင်တောင်တောင် ဖြစ်နေသလိုမျိုးကို ဆိုလိုပါသည်။ အင်္ဂလိပ် အီဒီယမ်မှာ go to the dog= ငါးပါးမှောက်တယ်၊ ပျက်စီးသည်။ dog eat dog= ဇာတ်တူသားစားသည်။ dog days=တစ်နှစ်တာ အပူဆုံးကာလ။ not have a dog’s chance= မျှော်လင့်ချက်မဲ့၊ အခွင့်အလမ်းပျောက်။ ထိုကြောင့် သူများယောင်လို့ လိုက်မယောင်ပဲ ရည်ရွယ်ထားသော ပန်းတိုင်သို့ တည့်တည့်မတ်မတ် ခရီးဆက်ဖို့ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ “ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ပါ” ဟု တိုက်တွန်းခြင်ပါသည်။
ကိုယ့်မှာ မပြည့်စုံသေးသည့်ကာလ ဥပမာ ပညာသင်နေချိန်၊ စီးပွါးစလုပ်ချိန်၊ စတင်အရင်းအနှီးထည့်ဝင်ချိန် စသည့်အချိန်များ၌ စားစရာ၊ ၀တ်စရာ နေစရာ ဆင်းရဲနိုင်ပါသည်။ ထိုကာလမျိုးမှာ ရှိတာလေးနဲ့ လှအောင် ၀တ်တတ်၊ ဆင်တတ်၊ ပြင်တတ်ရပေမည်။ “လူမှာအ၀တ်၊ တောင်းမှာ အကွပ်” ဆိုသည့်အတိုင်း အသစ်အဆန်း၊ မလှပသည့်တိုင် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်တတ်ပါက သူတစ်ပါး အထင်အမြင် သေးခြင်းမှ ရှောင်လွဲနိုင်ပါသည်။ သူများအထင်မသေးသည့်အတွက် စိတ်ဓာတ်တွေလည်း ခိုင်မာလာကာ ယုံကြည်ချက်အတိုင်း ဆုံးဖြတ်နိုင်သဖြင့် အောင်မြင်သောသူတစ်ယောက်အဖြစ် လမ်းစပွင့်စေသည်။
အစားအသောက်အတွက်လည်း အာရုံစိုက်ရသည်။ အဟာရမပြည့်ဝလျှင် အားနည်းသဖြင့် စိတ်ထင်တိုင်း မလုပ်နိုင်။ သဗ်ဗေ သတ္တာ အဟာရဋ္ဌိတိကာ= သတ္တ၀ါတိုင်း အဟာရပေါ်မှာ မှီခိုနေရပါသည်။ သို့သော် “ဥစ္စာဖြို စားဖိုက” ဟူသော ဆိုရိုးစကားအတိုင်း ပိုက်ဆံကနည်းနည်း စားချင်တာက Hotel food ဟိုတယ်စာ ဆိုတော့ ဟိုစရိတ် ဒီစရိတ် ပေးရတာနှင့် မလောက်ငှပဲ ဗျာများတတ်သည်။ ထိုကြောင့် ရှိတာလေးနဲ့ ၀အောင်စားပီး ယခုရောက်ဆဲ မိမိဘ၀ကို ကျေနပ်နှစ်သိမ့်ရပေမည်။ မပြည့်စုံသေးတဲ့အချိန်မှာ နှလုံးသွင်းရမှာက “ဘာပဲ ဖြစ်ဖြစ် စိတ်မညစ်နဲ့” ဆိုတာပါပဲ။
လူမှုဘ၀သည် တစ်ဦးတစ်ယောက်တည်း ရုန်းကန်လှုပ်ရှား၍ အဆင်မပြေနိုင်ပေ။ နေ့စဉ်ဘ၀မှာ တစ်နည်းနည်းဖြင့် ပေါင်းသင်းဆက်ဆံနေထိုင်ကြရပေသည်။ ထို့ကြောင့် တွေ့တဲ့သူနှင့် အဆင်ပြေအောင် ပြောဆိုဆက်ဆံရပေသည်။ မိမိဘက်ကတော့ ရိုးသားရပေမည်။ ကိုယ်တိုင်ပေါင်းကြည့်မှ သိတတ်သည်။ သို့သော် သူ့စည်းကိုယ့်စည်း ရှိတတ်သည်။ သူငယ်ချင်းဆိုပေမယ့် သူ့ဂွင်ကို ကွက်ကျော်မရိုက်မိဖို့ စောင့်ထိမ်းတတ်ရသည်။ အသိပေးသင့်တာကို သိစေသည်မှတပါး ကိုယ့်ရည်းစားဆိုပြီး သူများကို လိုက်ကြွားရန် အခွင့်အရေးမရှိပေ။ ပေါင်းသင်းဆက်ဆံနည်း စာအုပ်များလည်း ဖတ်ရမည်။ ဥပမာအားဖြင့် (ဒေးလ်ကာနက်ဂျီ၏ စားအုပ်၊ ဦးနု ဘာသာပြန်) မိတ္တဗလဋီကာသည် လူမှုဘ၀ဆက်ဆံရေးအတွက် ကောင်းမွန်သောနည်းစနစ်များ ပါရှိသည်။ အများနှင့် ဆက်သွယ်တဲ့အခါမှာ “ရိုးသားခြင်းရဲ့ ဂုဏ်သိက္ခာကို ငွေနဲ့ဝယ်လို့မရ”ဆိုတာကို သတိရပေးပါ။
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဖို့ အရမ်းကို အရေးကြီပါသည်။ အများအားဖြင့် မိသားစုနှင့်အတူ အနေများသူကား အကြောင်းကြောင်းကြောင့် အဝေးတစ်နေရာမှာ တစ်ယောက်တည်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ နေနေရပြီဆိုရင် အိမ်လွမ်းဝေဒနာ ခံစားရတတ်သည်။ အပေါင်းအဖေါ် သူငယ်ချင်းများနဲ့ အနေများသူများကလည်း သူငယ်ချင်းများကို လွမ်းနာကျတတ်သည်။ အဆိုးဆုံးကတော့ မိမိချစ်သူနှင့် အစိမ်းလိုက် ခွဲလိုက်ရတဲ့ နှလုံးသားဒဏ်ကို မခံနိုင်အောင် ဖြစ်ရတတ်သည်။ ထိုကဲ့သို့အခြေအနေမျိုးမှာ ပျော်အောင်နေဖို့ဆိုတာကိုတောင် မေ့နေတတ်သည်။ မိမိကိုယ်တိုင်ပျော်နေမှ အရာအားလုံးဟာ လှပနေမှာဖြစ်သလို လုပ်သမျှဟာလည်း လွယ်ကူစွာအောင်မြင် ပြီးမြောက်နိုင်မှာပါ။ ပျော်အောင်နေတတ်ဖို့ဆို “အကောင်းမြင်ဝါဒ” ရှိရပါသည်။ အရာရာကို အကောင်းဖက်က မျော်လင့်ထားရသကဲ့သို့ အဆိုးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ လုပ်သလို မဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်တတ်ရပေမည်။ ဖြစ်သလိုလုပ်တယ်-ဆိုတာက ဖြစ်ကတတ်ဆန်း ပေါက်တတ်ကရလုပ်ခြင်းကို မဆိုလိုပါ။ လုပ်နိုင်သမျှ အမှားအယွင်း နည်းနိုင်သလောက်နည်းအောင် လုပ်ခွင့်ရှိတဲ့ အချိန်လေးမှာ အကောင်းဆုံးလုပ်သွားဖို့ ဆိုလိုခြင်း ဖြစ်ပေသည်။ မိမိအလုပ်အပေါ် စိတ်ဝင်းစားနေခြင်းသည်လည်း ဘယ်နေရာရောက်ရောက် ပျော်အောင်နေတတ်ခြင်း ဆေးတစ်နည်းပင် ဖြစ်သည်။ အဓိကနှင့် သာမညကို ခွဲခြားနားလည်ထားရပေမည်။ မလုပ်မနေရ၊ လုပ်မှဖြစ်မယ့်အရာသည် အဓိက-ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် မိမိရည်မှန်းထားသည် ပန်းတိုင်သည် အဓိကနေရာမှာ ပါဝင်ပါသည်။ လုပ်သင့်မှ လုပ်၊ မလုပ်ဘဲ နေလို့ရနိုင်သေးတဲ့ အရာများကား သာမညအလုပ်များ ဖြစ်ပေသည်။ အရေးမကြီသောအလုပ်၊ အချိန်ပိုရှိပါက ပန်းတိုင်နှင့် လမ်းလွဲနေသောအလုပ်များကို ၀ါသနာအလျှောက် လုပ်နိုင်ပါသည်။ ဆရာတ်ေကြီးတစ်ပါး ဆုံးမဖူးသည်။ “အများနဲ့အတူနေစဉ်မှာ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားရတယ်ကွ၊ သို့မှသာလျှင် တစ်ယောက်တည်း နေထိုင်ရတဲ့အခါ နေတတ်သွားပီ”။ တစ်ယေက်တည်း နေတိုင်း အထီးကျန်တယ်လို့ မဆိုနိုင်ပေ။ အများက ကိုယ့်ကို ကျဉ်ဖယ်ထား၍ အများထဲနေသော်လည်း အဖက်လုပ်မယ့်လူ မရှိမှသာ အထီးကျန်ခြင်းဟု ဆိုနိုင်ပါသည်။ ထိုကြောင့် တစ်ယောက်တည်း နေတဲ့အချိန်မှာ နှလုံးသွင်းရမှာက “အောင်မြင်မှုတွေ ရလာရင်၊ ပင်ပန်းမှုတွေ ပျောက်သွားမှာ” ဟူ၍ ဖြစ်ပါသည်။
တစ်ချိန်က အဖေဆုံးမခဲ့သော စကားလုံးများကို စိတ်ထဲမှာပေါ်လာသော အတွေးလေးအတိုင်း စာဖတ်သူများအား မ၀ံ့မရဲချပြလိုက်ခြင်း ဖြစ်ပါသည်။ အထက်ပါတင်ပြချက်များနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။ အမှားတစ်စုံတရာပါကလည်း ဝေဖန်ထောက်ပြ အကြံပြုနိုင်ပါသည်။ စာဖတ်သူများအနေဖြင့် ပါလိပါဒ်သား အထောက်အထားမပါသဖြင့် ဆားမပါသော ဟင်းကဲ့သို့ စာဖတ်ရတာ ပေါ့သွပ်သွပ်မလေးနက်ဘဲ ရှိချင်ရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ အချိန်ပေးကာ လာရောက်လည်ပတ်သော စာဖတ်ပရိတ်သတ်အား အတွေးတစ်စုံတရာ ပြန်ပါသွားရင်ဖြင့် ကျေနပ်နေမှာပါ။ အားလုံးကို ကျေးဇူးတင်လျက်………….။
 
posted by dhammasami08

Saturday, October 16, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၃)


လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၃)
ဘယ်အရာမဆို (အတွေးအခေါ်၊ အပြော၊ အလုပ်၊ =(ကံ-၃ ပါး) တစ်ဖက်စွန်းရောက်သွားလျှင် အလုံးစုံးပျက်သုံးခြင်းသို့ ရောက်လေတော့သည်။ ဂီတာကြိုးကဲ့သို့ တင်းလွန်းလျှင် ပြတ်တောက်သွားနိုင်သည်။ လျှော့ရဲရဲ ဖြစ်နေလျှင်လည်း လိုအပ်သော အသံ၏ပြည့်စုံခြင်းကို မရနိုင်ပေ။ အရမ်းကို ကြိုးစားလွန်းတော့ ၀ိရိယအားကောင်းသည်-ဟု ဆိုသည်။ ၀ိရိယချည်း ဘယ်လောက်ပဲအားကောင်းကောင်း သမာဓိ=စိတ်တည်ငြိမ်မှု မရလျှင် ပန်းတိုင်ကို မရောက်ပေ။ သမာဓိချည်း အရမ်းအားကောင်းတော့လည်း နှေးကွေးသည်။ မြန်မြန်ထက်ထက် မပြီး။ ထို့ကြောင့် ၀ိရိယနှင့် သမာဓိ ချိန်ခွင်လျှာ မျှတဖို့ လိုအပ်ပါသည်။ တွန်းအားနှင့် စူးစိုက်မှု ပေါင်းစပ်ဖို့ လိုအပ်ပါသည်။
အရှင်နန္ဒမထေရ် အရိယာပုဂ္ဂိုလ်ဖြစ်ခဲ့ပုံကို လေ့လာဆန်းစစ်ကြည့်လျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့ကြောင့် ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ Emotion- စိတ်ခံစားမှုချည်း အားသာချက်ရှိနေလျှင် အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပင် ခဲရင်းသလို လူထွက်သည့်အထိ အကျိုးသက်ရောက်သွားနိုင်သည်။ Intellect အသိညာဏ်ပညာဖြင့် ထိမ်းချုပ်ကာ မျှမျှတတ အားထုတ်တော့ အယူမှားစွဲခြင်းနှင့် သံသယတရားတွေ လွင့်ပျယ်ကုန်သည်။ အရှင်နန္ဒမထေရ်သည် သာမာန်ပုထုဇဉ်ဘ၀မှ အဆင့်ရှိသော အရိယာဘ၀သို့ တိုးတက်ဖွံ့ဖြိုးသွားခဲ့ရသည် ဟု ဆိုထိုက်သည်။ Emotion ကိုယ်စားပြု Compassion ကရုဏာတရားနှင့် Intellect ကိုယ်စားပြု Wisdom ပညာတရားများလည်း ထပ်တူ ဖွံ့ဖြိုးတိုးတက် သွားလေတော့သည်။
မှန်ပေသည်။ အကယ်၍ သူတို့နှစ်ခုသည် ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် လက်ရှိဘ၀၊ နောင်နောင်ဘ၀တွေမှာပါ ကောင်းမွန်သာယာလှပသော life style ကို မရရှိနိုင်ပေ။ ကရုဏာတရားမပါဘဲ ညဏ်ပညာချည်းသာ တိုးတက်ဖွံ့ထွားနေလျှင်လည်း ကျွန်ုပ်တို့သည် အတ္တကြီး ကိုယ်ကျိုးရှာသောပုဂ္ဂိုလ်များ ဖြစ်သွားပေလိမ့်မည်။ တစ်ဖန် အသိညဏ်ပညာမပါဘဲ ကရုဏာတရားချည်းသာ တိုးတက်ဖြစ်ထွန်းခဲ့လျှင်လည်း အကျွန်ုပ်တို့သည် ဘ၀တစ်လျှောက်လုံး ကိုယ့်ကိုယ်တိုင် ပျော်ရွင်နိုင်သလို ထိုအခိုက်မှာပဲ လောကကြီးကိုလည်း ဖျက်ဆီးရာရောက်နေပေလိမ့်မည်။ ကျွန်ုပ်တို့သည် ရုပ်ဝါဒီသမားများ ဖြစ်လာနိုင်စရာ ရှိပေသည်။ ထိုကရုဏာနှင့် ပညာ နှစ်မျိုးစလုံးကို အသုံမချတတ်သူများအတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘ၀မှာ ကရုဏာနှင့် ပညာနှစ်ခုစလုံး အလွန်ပင်အရေးတကြီးညီညွတ်မျှတဖို့ လိုအပ်ကြောင်း ရှု့မြင်သင့်ပါသည်။
အထက်ပါ ကရုဏာနှင့်ပညာများ သင့်လျှော်စွာ တိုးတက်ဖွဲ့ဖြိုးဖို့ရန် လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဗုဒ္ဓ၀ါဒက ဆိုပါသည်။ လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဟူသည်မှာ-(၁) စေတောဝိမုတ္တိနှင့် (၂) ပညာဝိမုတ္တိတို့ပင် ဖြစ်ကြသည်။
စေတောဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော စိတ်တစ်မျိုးပင် ဖြစ်ပါသည်။ ထိုစိတ်ကို ရဟန္တာများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။ ပညာဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော အသိညာဏ်ပညာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာကိုလည်း ရဟန္တာပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုကြပေသည်။ စာပေအနက်တိုက်ရိုက်ပြန်ဆိုလျှင် စေတောဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်စိတ်။ ပုဂ္ဂိုလ်အနေဖြင့် ရဟန္တာကို ယူရသည်။ ပညာဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်ပညာ။ ပုဂ္ဂိုလ်အားဖြင့် ရဟန္တာကိုပင် ယူရသည်။ မှန်ပေသည်။ လွတ်မြောက်ခြင်းဆိုသည်မှာ စင်ကြယ်မှုမရှိလျှင် မဖြစ်နိုင်ပေ။ ထိုကြောင့် အကျွန်ုပ်တို့ လွတ်မြောက်ဖို့က ပထမဦးစွာ မိမိစိတ်ကို စင်ကြယ်အောင်ပြုလုပ်ရပေမည်။ ၀ိသုဒ္ဓိ=စင်ကြယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုသာလျှင် ၀ိမုတ္တိ=လွတ်မြောက်သူဟု ဆိုရပေသည်။
ပထမ ၀ိမုတ္တိသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေပြီး ဒုတိယ၀ိမုတ္တိသည် Intellectual aspectနှင့် နီးကပ်စွာ ဆက်စပ်ပတ်သက်နေပေသည်။ ဘာဝနာနှစ်မျိုးတွင် သမထထိုင်နည်းကို လေ့လာကြည့်လျှင် ဥပမာအားဖြင့် မေတ္တာဘာဝနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗုဒ္ဓါနုဿတိ..စသည်..အမျိုးအစားများစွာသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ၀ိပဿနာပွါးနည်းကို လေ့ကျင့်မည်ဆိုလျှင် ဥပမာအားဖြင့် ခန္ဓာငါးပါး၊ အနိစ္စ၊ ဒုက္ခနှင့် အနတ္တစသည် လက္ခဏာယဉ်သုံးပါစသည်…များစွာသည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။
အချုပ်မှာ အကျွန်ုပ်တို့သည် ဘာဝနာတရားများကို ပွားများခဲ့လျှင် မိမိစိတ်များ စင်ကြယ်လာမည်။ စင်ကြယ်သန့်ရှင်းပါက လွတ်မြောက်မှု အရသာကို ခံစားရမည် ဖြစ်ပေသည်။
တစ်ခြားတစ်ဖက်မှာ အလယ်အလတ်အဆင့်အနေဖြင့် ဈန်၊ အဘိညာဉ်တန်ခိုးစွမ်းအင်ကို လေ့လာသင့်ပေသည်။ ဈန်အဘိညာဉ်နှင့်ပြည့်စုံသူကို စွမ်းအားရှင်ဟု ခေါ်ဆိုသည်။ ယခုခေတ်၌ Supermanဟု ခေါ်ဆိုသော စွမ်းအားရှင်သည် မြေလျှိုးမိုးပျံနိုင်၊ သူတစ်ပါးတို့၏စိတ်ကို သိနိုင်သည်။ ရှေ့ဘ၀၊ နောက်ဘ၀ကို သိနိုင်သည်။ သို့သော် ထိုစွမ်းအားရှင်သည် ၀ိသုဒ္ဓိဖြစ်ခြင်မှ ဖြစ်မည်။ ၀ိမုတ္တိဖြစ်ခြင်မှ ဖြစ်မည်။ ကိလေသာအညစ်အကြေးကင်းစင်သူ ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်မှ ဖြစ်မည်။ အချို့သောရဟန္တာပုဂ္ဂိုလ်များသည် တန်ခိုးစွမ်းအားကို မရပေ။ ကိလေသာကင်းစင်သူ အမည်သက်သက်သာ ရရှိပေသည်။ စက္ခုပါလမထေရ်ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်သည် အဘိညာဉ်တန်ခိုး မရှိပေ။ ၄င်းကို သုက္ခ၀ိပဿကပုဂ္ဂိုလ်ဟု ဆိုသည်။ တစ်ချို့ကား တန်ခိုးဈာန်အဘိညာဉ်ရရှိထားသော်လည်း ကိလေသာစင်သောရဟန္တာပုဂ္ဂိုလ် မဖြစ်သေးပေ။ နမူနာအားဖြင့် အရှင်သာဂတမထေရ်ကဲ့သို့သောပုဂ္ဂိုလ်မျိုး၊ ဒေ၀ဒတ္တမထေရ်ကဲ့သောပုဂ္ဂိုလ်မျိုးတို့ကို ပိဋကတ်၌ လေ့လာတွေ့ရှိနိုင်ပေသည်။
အမှန်စင်စစ် ဈာန်အဘိညာဉ်အဆင့်မှာ ၀ိသုဒ္ဓိ မဖြစ်နိုင်သေးသကဲ့သို့ ၀ိမုတ္တိအစစ်လည်း မဟုတ်သေးပေ။ ပထမဈာန်ဝယ် ဈာန်အင်္ဂါ(၅)ပါးရှိရာ ၁-၀ိတက္က thinking၊ ၂-၀ိစာရ discursive thinking၊ ၃-ပီတိ repture၊ ၄-သုခ happiness၊ ၅- ဧကဂ္ဂတာ one pointedness တို့ဖြစ်ကြသည်။ ထိုငါးပါးတွင် ၀ိတက်နှင့် ၀ိစာရနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ပီတိနှင့် သုခနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ဤဈာန်အဆင့်မှာတောင် လူသားတို့၏စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည် Emotional aspectကို မပယ်ထုတ်နိုင်သေးသောကြောင့် ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်ပြီဟု မဆိုနိုင်ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓ၀ါဒအရ လူသားတို့၏စရိုက်များကို လေ့လာခွဲစိတ်ကြည့်က Emotional aspectသည် ရာဂစရိုက်နှင့် ဆက်စပ်ပတ်သက်ပြီး Intellectual aspectသည် ဒေါသစရိုက်နှင့် ဆက်စပ်ပတ်သက်နေသည်။ အထက်ပါ သဘောတရားနှစ်ခု လူသားတို့မှာ ချိန်ခွင်လျှာညီညွတ်စွာ တိုးတက်ဖွံ့ဖြိုးမှု မရခဲ့လျှင် အကျွန်ုပ်တို့သည် လူလောက၌ လောဘ-လိုချင်မှုအားကြီးသူ၊ ဒေါသ- ရန်လိုအားပြင်းထန်သူများကို မြင်တွေကြရမည် ဖြစ်ပေသည်။ အဆိုပါ သဘောတရားနှစ်ခုသည် တစ်ခုက တစ်ခုကို အင်အားပြင်းလွမ်းမိုးသွားခဲ့လျှင် လူလောကကို ဘေးဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကျွန်ုပ်တို့ကို မြတ်ဗုဒ္ဓသည်  လောဘစရိုတ်မှတစ်ဆင့် compassion-ကရုဏာအဆင့်သို့တိုင်၊ ဒေါသစရိုတ်မှတစ်ဆင့် wisdom-ပညာအဆင့်သို့တိုင်အောင် ပေါင်းဖက်ညီညွတ်စေလျှက် တိုးတက်ဖွံ့ဖြိုးစေသင့်ကြောင်း လေးဆယ်ငါးဝါပတ်လုံး သင်ကြားပြသခဲ့ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓကို ကရုဏာ၊ ပညာအားဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသောပုဂ္ဂိုလ်ဟု အသိအမှတ်ပြုထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အရှင်ဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်အဖွင့်၌ “ကရုဏာသီတလဟဒယံ- The Buddha is the hard worker who is bone by compassion, ပညာပဇောတ၀ိဟတမောဟတမံ- He had destroyed the darkness of ignorance though wisdom, သနားကြင်နာမှုတရားဖြင့် အေးမြတော်မူသော၊ အသိညာဏ်ပညာဖြင့် မသိမှုအမိုက်မှောင်ကို ဖြိုခွင်းတော်မူပြီးသော မြတ်ဗုဒ္ဓ”ဟူ၍ ရိုသေလေးမြတ်စွာ ရှိခိုးသည်။
အမှန်စင်စစ် ယခုခေတ်သစ်ကမ္ဘာမှာကား ကရုဏာ၊ ပညာတရားများ ရှေးခေတ်ကလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိ”ဟု ဆိုရမည်။ ထို့ကြောင့် အကျွန်ုပ်တို့လည်း ကရုဏာ၊ ပညာအရာ အနိုင်းမဲ့ဖြစ်တော်မူသော မြတ်ဗုဒ္ဓကို တိုင်တည်ရှိခိုးလျှက် အထွတ်အထိပ်ဖြစ်သော လူသားတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည်ကို မြင့်တင်ပြီးကာ ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်အောင် ကြိုပမ်းအားထုတ်သင့်ပါကြောင်း။ 
ကရုဏာပညာ၊ မြင့်မားသာလွန်၊ မြတ်မွန်ဘျားအား၊ ယခုရေးသား၊ ပို့စ်တရားဖြင့်၊ ညွတ်တွားပူဇော်၊ ကျိုးမြော်ကောင်းဆု၊ ပန်ပါ၏။ ။

Thursday, September 9, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၂)


ခေတ်သစ်နောက်ဆုံးနည်းပညာအရ လူသားတို့ဦးနှောက်အား လေ့လာသုတေသနပြုရာ ထူခြားသောအသွင်သဏ္ဌာန် (၂)မျိုး တွေ့ရှိခဲ့ကြောင်း၊ ထိုအသွင်သဏ္ဌာန်တို့၏ ပြောင်းလဲမှု ဖြစ်စဉ်အဆင့်ဆင့်ကို လူသားတို့၏ပင်ကိုယ်စရိုက်နှင့် တိုးတက်မှု (အပိုင်း-၁)ပို့စ်၌ ဖတ်ခဲ့ရပြီး ဖြစ်သည်။
ဤပို့စ်ဝယ် သံသယဖြစ်ဖွယ် အသုံးအနှုံးများကို အဆင်သင့်သလို ဖြေရှင်းပေးခြင်ပါသည်။ ပထမဆုံးအနေဖြင့် လူသားတို့၏ပင်ကိုယ်စရိုက်ဟူသည်မှာ မူလအခြေခံ အဖြူထည်စိတ်အခြေအနေတစ်မျိုးပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Characteristic of the mind စိတ်သဘော-သဘာဝလက္ခဏာပင် ဖြစ်သည်။ သုတေသနလုပ် ရှာဖွေခြင်း၊ တွေ့ရှိခြင်းဆိုသည်မှာလည်း အရင်က မည်သည့်ပညာရှင်မျှ ရှာဖွေမတွေ့သေးသော အချက်အလက်အသစ်များကို လက်ခံရရှိခြင်းပင် ဖြစ်သည်။
ထိုခေတ်သစ်ရှာဖွေတွေ့ရှိခြင်းအပေါ်ဗုဒ္ဓ၀ါဒအရ လေ့လာဆန်းစစ် နှီးနောရောစပ် တင်ပြထားသည်ကို ဤပို့စ်၌ ဖတ်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ဤပို့စ်ဝယ် အဘိဓမ္မာနည်းအရ စိတ်သဘာဝအခြေအနေများနှင့် နှိုင်းယှဉ်မပြပဲ ခေတ်သစ်တွေ့ရှိမှုအရသာလျှင် ရေးသွားမည် ဖြစ်ပါသည်။
ဗုဒ္ဓ၀ါဒ၌လည်း အဆိုပါ Emotional aspect နှင့် Intellectual aspect တို့သည် အမြင့်ဆုံးအဆင့်ဖြစ်သော Compassion နှင့် Wisdom အထိတိုင်အောင် အတူတကွလက်တွဲ၍ တိုးတက်ဖြစ်ထွန်းသွားသည်ကို လေ့လာတွေ့ရှိရပေမည်။ တနည်းအားဖြင့် လောကီအာရုံ ခံစားမှုမှသည် လောကုတ္တရာ အာရုံခံစားနိုင်သည့်အထိ အတူတကွ အမှီပြုလျှက် တိုးတက်ဖြစ်ထွန်း ကြပေသည်။ အလှတရားများကို ခံစားမှုသည် လူသားတို့၏ပင်ကိုယ် စိတ်သဘာဝအရ တစ်ဆင့်ပြီးတစ်ဆင့် လိုက်စားကြပေသည်။ ပါပသ္မိံရမ္မတိ မနော- စိတ်သည် သူ့ချည်းလွတ်ထားပါက မကောင်းမှုအာရုံတို့၌ ကိုင်းညွတ်နေတတ်သည်။ မကောင်းသောအရုံ၌ လှည့်လည်နေသောစိတ်ကို အသိညာဏ်ပညာဖြင့် ထိမ်းသိမ်းရပေမည်။ မည်သည့်အဆင့်အထိ ထိမ်းထားရမည်နည်း။ အမြင့်ဆုံး မဂ်ပညာ၊ ဖိုလ်ပညာတိုင်ထိ ဖြစ်သည်။ ထိုကြောင့် တစ်ဖက်မှာ အလှတရာခံစားမှုကို နှစ်သက်လက်ခံခြင်းနှင့်အတူ လူသားတို့၏ ပင်ကိုယ်စရိုက်ကိုလည်း အမြင့်ဆုံးအဆင့်ဖြစ်သော ကရုဏာနှင့် ပညာ တိုင်သည်အထိ တစ်ဆင့်ချင်း တိုးတက်စေသင့်သည်။

သို့သော်လည်း အမြင့်ဆုံးသို့ သွားဖို့ရန် အနိမ့်ဆုံးအဆင့်မှ စတင်ရလေသည်။ ထို့ကြောင့် လူသားတို့၏စိတ်ခံစားမှုအရ အလှတရားများအပေါ် အာရုံကျက်စားခြင်းမှ စတင်၍ အမြင့်ဆုံးအဆင့်ထိတိုင်အောင် တဆင့်ခြင်း တစ်ဖြည်းဖြည်း လေ့ကျင့်ယူရပေမည်။ ဤသို့လေ့ကျင့်ခြင်းသည် ပျော်ရွင်ရုံသက်သက် မဟုတ်ပါ။ သို့သော် ယခုခေတ်စာပေ၌ အလှတရားခံစားခြင်းကို အပျော်သက်သက်အတွက်သာ ဖေါ်ပြနေကြပေသည်။ ဗုဒ္ဓ၀ါဒအရ အလှတရားခံစားမှုကို ပျော်ရွင်ကြည်နူးဘွယ် ခံစားမှုအဖြစ် ဖေါ်ပြထားရုံမက လူသားတို့၏ ပင်ကိုယ်စရိုက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဖေါ်ပြထားပေသည်။  အဆိုပါ အလှတရားခံစားမှုစိတ်အခြေအနေသည် လူသားအားလုံးနှင့် သက်ဆိုင်သော compassion ကရုဏာဟုခေါ်ဆိုသော မြင့်မာသောအဆင့်ထိတိုင်အောင် ဖွံ့ဖြိုးတိုးတက်နိုင်ပေသည်။ သာဓကအားဖြင့် ဗုဒ္ဓနှင့် ရဟန္တာမထေရ်များကို ထုတ်ဆောင်ပြရပေလိမ့်မည်။ ဗုဒ္ဓနှင့် ရဟန္တာမထေရ်များသည် လောက၌ သက်ရှိလူသားအားလုံအပေါ် ညီမျသော ပြည့်ဝသော ကရုဏာတရား ထားရှိကြပေသည်။
ဗုဒ္ဓ၀ါဒ၌ လူသားတို့၏ ပင်ကိုယ်စရိုက် အရည်သွေးများ တိုးတက်မှုသည် အလှရသခံစားမှုနှင့် တိုက်ရိုက်ပင် ဆက်စပ်နေပါသည်။ အနုသုခုမ အလှတရားသည်လည်း အလွန်ပင်အရေးပါလပေသည်။ သူတစ်ပါးတို့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သည်မှာ အလှတရားပင် ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် ရဟန်းတော်များအား သင့်လျှော်လှပသော အ၀တ်အစားများကို ၀တ်ဆင်ဖို့ရန်နှင့် ကျောင်းတိုက်များကို သန့်သန့်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားရန် အကြံပြုတော်မူလေသည်။ မသန့်မရပ် ညစ်ပတ်သော ရဟန်းတော်များကို လူတို့က အရိုအသေအလေးအမြတ် ထားမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ စည်းကမ်းတကျ လှပသန့်ရပ်ခြင်းသည် မကြည်ညိုသေးသူတို့ ကြည်ညိုစေသည်၊ ကြည်ညိုပြီးသား သူတို့အားလည်း တိုးတက်ကာ ကြည်ညိုစေသည်။ ဗုဒ္ဓ၀ါဒ၏တရာတော်များ၌ အလှအပနှင့် ပတ်သက်ပီး ဖေါ်ပြထားချက် အလှရသသဘောတရားများ များစွား ရှိပေသည်။ သာဓကအားဖြင့် ဥပမာများ၊ ဥပစာ-တင်စားချက်များ၊ နှိုင်းယဉ်ချက်များ၊ များစွာသော ကဗျာ၊ (မှတ်ချက်။ ။ဂါထာသည် ကဗျာအမျိုးအစားပင် ဖြစ်ပါသည်။) လှပသော ပုံဝတ္ထုများ၊ ဇာတ်တော်များ ဖြစ်ကြပေသည်။ ဗုဒ္ဓ၀ါဒ၏တရားတော်ဝယ် ဤကဲ့သို့ ဥပမာ ပုံဝတ္ထုများ ထည့်မဟောခဲ့လျှင် တရားတော်ကို စိတ်ဝင်စားစွာ နာယူမည့်သူ ရှားပါးနိုင်ပေသည်။ ထို့ကြောင့် ဗုဒ္ဓသည် သူ့၏တရားတော်များအား ဥပမာ၊ ပုံဝတ္ထုများဖြင့် တန်းဆာဆင်ကာ လှလှပပဟောကြားထားခဲ့ခြင်း ဖြစ်ပေသည်။ တရားတော်နာ ပရိတ်သတ်အပေါင်းကလည်း ဗုဒ္ဓ၏တရားတော်ကို နှစ်သက်သဘောကျလေသည်။ နောက်ဆုံးမှာတော့ နှစ်သက်ခံစားမှုမှသည် ပညာဖြင့် ချွေးသိပ်စေပီး တရားမှန်ကို ထိုးထွင်းသိရှိသွားကြစမြဲ ဖြစ်ပေသည်။ “ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ သုခ၊ ယထာဘူတံ ပဇာနာတိ”ဟူ၍ ပါဠိတော်များ၌ အစဉ်အတိုင်း ဖေါ်ပြသည်။  ဤကဲ့သို့ တရားမှန်ကို ထိုးထွင်းမသိခဲ့လျှင် သတ္တ၀ါတို့သည် အမှားတွေများစွာ ပြုလုပ်နေအုံးမည် ဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်အလိုက် သူနှင့်သင့်လျှော်သော တရားတော်ကို ရွေးချယ်ပြီး ဟောပြောရပေသည်။ ဗုဒ္ဓသည် ၎င်းတို့၏စရိုက်နှင့် တရားတော်ကို အကြွင်းမဲ့ သိပြီးဖြစ်သည်။ သာဓကအားဖြင့် ညီတော်နန္ဒ ဖြစ်ပုံကို ကြည့်ပါ။ ညီးတော်နန္ဒမင်းသားကို ဗုဒ္ဓက လပ်ထပ်မည့်ဆဲဆဲ မင်္ဂလာပွဲမှ ခေါ်ခဲ့ပီး သင်္ကန်းစည်းပေးထားခြင်း ဖြစ်သည်။ ညီတော်နန္ဒမထေရ်သည် စိတ်မပါဘဲ ရဟန်းဝတ်ခဲ့သောကြောင့် သူ့စိတ်မှာ လက်ထပ်မည့်ဆဲဆဲ အချောအလှ ဇနပဒကလျာဏီထံသို့သာ ပျံဝဲရောက်နေတတ်လေသည်။ သာသနာ့ဘောင်တွင်း သင်္ကန်းဝတ်ဖြင့် မပျော်ပိုက်ပေ။ လောကီစည်းစိမ်ကိုသာ မယားချောလေးနှင့် အတူ ပျော်ပါးခြင်သည်။ ဤသည်ကို သိတော်မူသော ဗုဒ္ဓည် ညီတော်အား နတ်ပြည်သို့ ခေါ်ဆောင်သွားလေသည်။ နတ်ပြည်သွား လမ်းတစ်ဝက်၌ မီးလောင်ထားသော သစ်ငုတ်တိုပေါ်မှာ ထိုင်နေသော မျောက်မကို ညီတော်အား ပြသပြီး “ညီတော် ဟောဟိုက မျောက်မနဲ့ ဇနပဒ ဘယ်သူလှလဲ” မေးတော်မူသည်။ ရက်စက်ပါပေ နောင်တော်ဘုရား ပြောရက်လိုက်တာ။ ရေနဲ့ ဆီပမာ ကွာခြားလပါ၏။ နတ်ပြည်ရောက်တော့ နတ်သမီးများကို ပြပြီး တစ်ခါ မေးတော်မူပြန်သည်။ “ညီတော် ဘယ်လိုလဲ၊ နတ်သမီးနဲ့ ဇနပဒ ဘယ်သူက ပိုလှလဲ”။ မှန်လှပါ နောင်တော်ဘုရား…ဇနပဒဟာ နတ်သမီးနှင့်နှိုင်းယှဉ်လျှင် မျောက်မသာသာဖြစ်သွားပါပြီဘုရား။ အေး…ညီတော်..နတ်သမီးကို မလိုချင်ဘူးလား။ ဟာ..နောင်တော် မနောက်နဲ့နော်။ လိုချင်တာပေါ့။ ထိုနောက် လူ့ပြည်ပြန်ရောက်တဲ့အခါ ဗုဒ္ဓက “ကဲ့..ညီတော် မင်း နတ်သမီးကို လိုချင်က ဒီဂါထာရွက်”ဟူ၍ သုံးဆယ့်နှစ်ကောသ တရားတော်ကို ပေးအပ်တော်မူသည်။
ညီတော်နန္ဒလည်း နတ်သမီးအချောအလှတွေကို လက်တွေ့ မြင်ပြီးသူဖြစ်သည့်အားလျှော်စွာ အရမ်းကိုလိုချင်သောကြောင့် ရလိုရငြား တရားတော်ကို အားထုတ်လေတော့သည်။ နတ်သမီးလိုချင်၍ တရားလုပ်ခြင်း ဖြစ်သည်။ တရားလိုချင်၍ တရားအားထုတ်တာ မဟုတ်ရချေ။ သို့သော် ညီတော်နန္ဒမထေရ်သည် တရားရသွားလေသည်။ သောတာပန်အရိယာ ဖြစ်သွားသည်။
အထက်ပါ သာဓကကို လေ့လာဆန်းစစ်လျှင် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်နှင့် ၎င်းနှင့် လိုက်ဖက်သော တရားတော်ကို အကြွင်းမဲ့ သိပြီးတော်မူခြင်း၊ လူသားတို့၏ပင်ကိုယ်စရိုက် အလှရသခံစားမှုကို တိုးတက်ဖြစ်ထွန်းအောင် ပြုလုပ်ခြင်း၊ တရားတော်၏လှပသော ဥပမာ၊ ဥပစာများဖြင့် သိမ်းသွင်းကာ တရားမှန်ကို သိရှိရေး လမ်းညွန်ပေးနိုင်ခြင်း၊ နောက်ဆုံး သောတာပတ္တိပညာဖြင့် ဘ၀၏တစ်ဆင့်ချိုး အရိယာအဖြစ် ချွေးသိပ်ကာ ငြိမ်းချမ်းစေခြင်း အပါယ်တံခါး ပိတ်သွားခြင်း စသောတန်ဖိုးကြီးမားသော အကျိုးတရားများကို တွေ့ရှိရမည် ဖြစ်ပေသည်။
ထို့ကြောင့် လူသားတို့၏ပင်ကိုယ်စရိုက် တိုးတက်ဖြစ်ထွန်းဖို့ဆိုလျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှဖို့ အလွန်ပင် အရေးကြီးလပေသည်။ Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့လျှင် ငြိမ်းအေးမှု၊ သာယာလှပမှု၊ ဘ၀လုံခြုံမှုနှင့် ဘ၀၏အာမခံချက်တို့ကို ပိုင်ဆိုင်သွားပြီ ဖြစ်လေ၏။
အပိုင်း (၃) ဆက်ဖတ်ရန်

Thursday, August 26, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၁)


“ပြည်တွင်းနှင့် ပြည်ပ ပညာသင်ကြားစနစ် ကွာခြားချက်“
ဗုဒ္ဓတရားတော်များကို မြန်မာပြည်က သင်ကြားပုံစနစ်မှာ ဗုဒ္ဓ၏ဆိုလိုချက်အတိုင်း အနက်၊ အဓိပ်ပါယ်များကို အတိအကျအမှန်အကန် သိမြင်ဖို့ သင်ကြား၊ လေ့လာရခြင်း ဖြစ်သည်။
နိုင်ငံခြားသင်ကြားနည်းစနစ်က ဗုဒ္ဓတရားတော်များအပေါ် ကိုယ်ပိုင်အတွေးအခေါ်ဖြင့် ဝေဖန်ပိုင်းခြားကာ လေ့လာသင်ကြား ရတာပါ။
 ဗုဒ္ဓတရားတော်များအပေါ် ကိုယ်ပိုင်အတွေးအခေါ်နှင့် ဝေဖန်ပိုင်းခြားပီး လေ့လာ၍ မရပါ။ ဝေဖန်စရာလည်း မလိုပါ။ ရဟန္တာမထေရ်ကြီးများကိုယ်တိုင် သံဃာယနာ(၆)ကြိမ်တင်ကာ အတည်ပြုပြီးထာသည့်အတွက်ကြောင့် ဖြစ်သည်။
အရှင်ဂန္ဓမာလာလင်္ကာရ (တိပိဋကဆရာတော်) 
အင်ဂလန်၊ အောက်စ်ဖို့ဒ်တက္ကသိုလ်

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၁)
ခေတ်သစ်ခွဲခြမ်းစိတ်ဖြာမှုအရ လူသားတို့၏ဦးနှောက်ကို လေ့လာကြည့်တဲ့အခါမှာ ဦးနှောက်၏အသွင်သဏ္ဌာန် (၂)မျိုး တွေ့ရှိခဲ့ကြသည်။ လူသားတို့၏ ဦးနှောက်အသွင်သဏ္ဌာန် (၂)မျိုးဟူသည်မှာ ၁။ ခန္ဓာကိုယ်၏ဘယ်ဖက်ခြမ်းကို ဦးနှောက်၏ညာဘက်ခြမ်းက ကြီးစိုးခြင်းနှင့် ၂။ ခန္ဓာကိုယ်၏ညာဘက်ခြမ်းကို ဦးနှောက်၏ဘယ်ဖက်ခြမ်းက ကြီးစိုးခြင်း ဟူ၍ဖြစ်ပါသည်။
ဆိုလိုသည်မှာ လူသားတို့၏အသိညာဏ်ကို ခွဲခြမ်းစိတ်ဖြာလေ့လာလိုက်သောအခါ ခန္ဓာကိုယ်ရဲ့ ဘယ်ဖက်ခြမ်းကို အုပ်ချုပ်ချယ်လှယ်သော အလုပ်ကို ဦးနှောက်ရဲ့ ညာဘက်ခြမ်းက ပြုလုပ်သည်“ဟူသော သဘောတရား ရှု့ဒေါင့်နှင့် ခန္ဓာကိုယ်ရဲ့ ညာဖက်ခြမ်းကို အုပ်ချုပ်ချယ်လှယ်သော အလုပ်ကို ဦးနှောက်ရဲ့ ဘယ်ဖက်ခြမ်းက ပြုလုပ်သည်“ ဟူသော သဘောတရား ရှု့ဒေါင့် တို့ဖြစ်ကြသည်။
အဆိုပါ လူသားတို့၏ဦးနှောက်ပိုင်းဆိုင်ရာ သဘောတရားနှစ်မျိုးကို အသီးအသီး နေရာချထားမည်ဆိုလျှင် တစ်ဖက်သော ဦးနှောက်တစ်ခြမ်းသည် စိတ်ထိခိုက်လှုပ်ရှားမှု၊ စိတ်ခံစားမှုနှင့် သက်ဆိုင်ကာ ဆက်စပ်ပတ်သက်နေပြီး (Emotional aspect) အခြားတစ်ခြမ်းသည် အသိညဏ်ပိုင်းနှင့် သက်ဆိုင်ကာ ဆက်စပ်ပတ်သက်နေ၏ (Intellectual aspect)။  ဤအမြင် ဤသဘောတရားနှစ်မျိုးသည် လူသားတိုင်း၏ဘ၀ဖြစ်စဉ်မှာ အလွန်ပင် အရေးပါလပေသည်။
ဗုဒ္ဓ၀ါဒ၌လည်း တိုးတက်သောလူသားတို့၏ပင်ကိုယ်စရိုက် နှစ်မျိုးနှစ်စားကို လေ့လာတွေ့ရှိရလေသည်။
၎င်းတို့မှာ …
၁။ ကရုဏာ compassion နှင့်
၂။ ပညာ wisdom တို့ပင် ဖြစ်ကြပါသည်။
Compassion ကရုဏာဟူသည်မှာ လူသားတို့၏ပင်ကိုယ်စရိုက် စိတ်ခံစားမှုပိုင်းဆိုင်ရာ သဘောတရားများ ဖြည်းညင်းညင်သာစွာ တစ်ဆင့်ခြင်း တိုးတက်မှုပင်ဖြစ်ပေသည်။ အသိညာဏ်၏ ဖြည်းညင်းညင်သာသော အဆင့်အဆင့်တိုးတက်မှုကို wisdom ပညာဟု ခေါ်ဆိုသည်။
ကျွန်ုပ်တို့ လူသားတစ်ယောက်ချင်းစီ၏ အသွင်သဏ္ဌာန်ကို ခွဲခြမ်းလေ့လာကြည့်သည့်အခါမှာ အုပ်စုငါးခု ရရှိလာပါသည်။ ၎င်းကို ခန္ဓာ(၅)ပါးဟု ဆိုပါသည်။ ၁။ ရုပ် matter, ပုံသဏ္ဌာန် form ၂။ ဝေဒနာ ခံစားခြင်း feeling ၃။ သညာ မှတ်သားခြင်း perception ၄။ သင်္ခါရ ပြုပြင်စီရင်ခြင်း disposition နှင့် ၅။ ၀ိညာဏ ၀ိညာဉ် conseiousness စိတ်-ဟူ၍ ဖြစ်ကြသည်။
 ခန္ဓာ(၅)ပါးတို့တွင် ရုပ် (သို့) အသွင်သဏ္ဌာန်သည် လူသားစု၏ကိုယ်ခန္ဓာနှင့် ပြင်ပလောကအတွေ့အထိကို ကိုယ်စားပြုလေသည်။ အာရမ္မဏ-ဟုဆိုရသောပြင်ပလောက အာရုံခံအကြောင်းတရားများနှင့်  အာယတန-ဟုခေါ်ဆိုသောအာရုံတို့ ပေါင်းဆုံတွေ့မိချိန် ပုဂ္ဂိုလ်တစ်စုံတစ်ဦးသည် အရာဝတ္ထုတစ်ခုခုကို သတိထားသိရှိသွားလေသည်။
ဥပမာအားဖြင့် မျက်စိနှင့် ရုပ်-အဆင်းသဏ္ဌာန်တို့ ဆုံတွေ့ချိန် မြင်သည့်စိတ်သည် ဖြစ်ပေါ်လာပါတော့သည်။ အလွန်ထူးဆန်းလပေသည်။ မျက်စိသည် ရုပ် ဖြစ်သည်။ သူချည်းသက်သက် မမြင်နိုင်ပေ။ ဟိုတစ်ဖက်မှာ ရုပ်-အဆင်းသဏ္ဌာန်သည်လည်း ရုပ်ပင် ဖြစ်သည်။ သူချည်းသက်သက်လည်း မမြင်နိုင်ပါ။ ဒါပေသိ ၎င်းတို့ မျက်စိနှင့် အဆင်း ထိပ်တိုက်တွေ့မိသည့်အခါ ကြည့်သူမှာ မြင်သည့်စိတ် ဖြစ်ပေါ်လာရပေသည်။ မြင်သည့်စိတ်သည် ရုပ်တရား မဟုတ်ပါပေ။ ရုပ်နှင့်ရုပ်ချင်းချင်းတွေ့တော့ နာမ်ဖြစ်သွားသည်။ အံ့ဖွယ်တည်း။ ဤဥပမာကိုလည်း ရှု့ဦးလော့ မီးချက်ဆံထဲမှာ မီးမရှိပါ။ မီးချက်ခံ ယမ်းပြားတွင်း၌လည်း မီးမရှိပါ။ သူတို့နှစ်ခု ဒီအတိုင်းနေပါက ဘာမှ ဖြစ်မလာပါ။ ဒါပေသိ မီးချက်ဆံနှင့် ယမ်းပြား ခတ်မိချိန် “ဟုန်း“ မီးထတောက်လေတော့သည်။ မီးသည် ဘယ်က လာပါသနည်း။ မီးသည် ရုပ်တရား ဖြစ်၏။ ရုပ်နှင့် ရုပ်ခြင်း တွေ့ထိလျှင်လည်း ရုပ်တစ်ခု ဖြစ်ပေါ်တတ်ကြောင်း မှတ်သားမိပါသည်။ စိတ်ထဲမှာ တွေးနေသည်။ မနေ့က ငါခံလိုက်ရသည်။ ဒီကောင်းကို လက်စားချေရမည်။ စိတ်ဆိုး စိတ်ယုတ်များနှင့် တစ်ဖက်ရန်သူဟူသော ရုပ်တရာတို့ တွေ့ဆုံတော့သည်။ ထိုအခါ ဒေါသမီး၊ အာဃာတမီးများ ပေါ်ထွက်လာပီး ည၌ အိပ်မပျော် ဖြစ်နေသည်။ စိတ်-ဒေါသ၊ အာဃာတများကား နာမ်တရား ဖြစ်သည်။ နာမ်နှင့် ရုပ် စိတ်ကူးထဲမှာ ထိတွေ့ချိန် နာမ်တရား ဖြစ်ပေါ်သည်။
ထိုကဲ့သို့ မျက်စိ၊ အဆင်းနှင့် မြင်သိစိတ်တို့ သုံးပွင့်ဆိုင် ဖြစ်ပေါ်လာဖို့ရန် အောက်ပါအကြောင်းတရား (၃)မျိုး တွေ့ဆုံခြင်း မရှိမူ၍ လူသားတို့၏စိတ်ခံစားမှု ဖြစ်ပေါ်ခြင်း မရှိနိုင်ပေ။ အဆိုပါ အကြောင်းတရားများသည် အမြဲတမ်း အတူတကွ ပေါင်းဆုံ၍သာလျှင် ဖြစ်ပေါ်နေသည်။
၎င်းတို့မှာ
၁။  အာယတန (၆)ပါး၊                    ၂။ ၎င်းနှင့်ဆိုင်ရာအသီးသီးအာရုံ၊                   ၃။ ၀ိညာဏ်(၆)ပါး
စက္ခာယတန = မျက်စိ၊                   ရူပါရမ္မဏ= ရုပ်အဆင်းသဏ္ဌာန်၊       စက္ခုဝိညာဏ= မြင်သိစိတ်
သောတာယတန= နား၊                   သဒ္ဒါရမ္မဏ= အသံ၊                       သောတ၀ိညာဏ= ကြားသိစိတ်
ဃာနာယတန= နှာခေါင်း၊                ဂန္ဓာရမ္မဏ= အနံ့၊                         ဃာန၀ိညာဏ= နံသိစိတ်
ဇိဝှါယတန= လျှာ၊                         ရသာရမ္မဏ= အရသာ၊                   ဇိဝှါဝိညာဏ= လျှက်သိစိတ်
ကာယာယတန= ကိုယ်၊                  ဖောဋ္ဌဗာရမ္မဏ= အတွေ့အထိ၊          ကာယ၀ိညာဏ= တွေ့သိစိတ်
ဓမ္မာယတန= စိတ်(နာမ်)၊                ဓမ္မာရမ္မဏ= စေတသိက်၊                မနောဝိညာဏ= စိတ်သိ     တို့ပင်ဖြစ်ကြသည်။
အထက်ပါ အကြောင်းတရားသုံးမျိုး အတူတကွ ဖြစ်ပေါ်လာဖို့ရန် ကြားခံတစ်ခုက ဆက်သွယ်ပေးရသည်။ ၎င်းမှာ ဖဿပင် ဖြစ်သည်။ ဖဿသည် အထက်ပါအကြောင်းတရားများ ဖြစ်လာရန် ထိတွေ့ဆက်သွယ်ပေသည့် အခါမှာ လူသားစု၏စိတ်ဝယ် ခံစားမှုအသစ်ဖြစ်ပေါ်လာသည်။ ထိုခံစားမှုသည် တခါတရံ သာယာစရာ ဖြစ်သော်ကား ဖြစ်နိုင်သည်။ တခါတရံ မသာမယာ ဖြစ်သော်ကား ဖြစ်နိုင်သည်။ တခါတရံ စိတ်ခံစားမှုမှာ ပျော်နေမည်။ တခါတရံ စိတ်ခံစားမှုမှာ ဆင်းရဲနေမည်။ တခါတရံ အမျိုးမျိုး စိတ်ထဲမှာ ရောထွေးနေမည်။ ထိုစိတ်ခံစားမှုကို လူသားစု၏မှတ်ညာဏ်တွင် သိမ်းဆည်းထားခြင်း ခံရသည်။ စိတ်တွင် တေးမှတ်ထားသည်။ မှတ်တမ်းတင်ထားသည်။ နောင်တစ်ချိန် အသုံးပြုရန် လိုအပ်ခဲ့လျှင် လွယ်ကူစွာ ပြန်လည်မှတ်မိအောင် ခံစားမှုတစ်ခုချင်းစီအလိုက် အသေးစိတ် မှတ်ညာဏ်တွင် သိမ်းဆည်းထားသည်။ လူသားတို့၏မှတ်ညာဏ်တွင် မရေတွက်နိုင်သော အကြောင်းအရာများ မှတ်တမ်းတင်ထားတတ်သည်။ တစ်ချို့လူသားစုတွင် မှတ်ညာဏ်အားနည်းသည်အတွက် မှတ်တမ်းများ ခဏတွင်း ပျောက်ပျက်သွားတတ်သည်။ တခါတရံ အလွယ်တကူ မှတ်တမ်းမတင်နိုင်ပေ။ မှတ်သားမိအောင် ဇွတ်အတင်း ကြိုးစားသည့်အခါ လူသားတို့၏ ဦးနှောက်ပိုင်း မီးမြိုက်ခံရသကဲ့သို့ ပူနွေးလာတတ်သည်။ တခါတရံ နှလုံးသွင်းမိချိန် မှတ်သားထားသည့် အကြောင်းအရာများ မကြာမကြာ တိုးဝေ့ပေါ်ထွက်လာတတ်သည်။
ဤကဲ့သို့ ခံစားမှုနှင့် မှတ်သားထားသည့်အရာများ မကြာမကြာ အဆက်သွယ်လုပ်သည့်အခါ လူသားတို့စိတ်သည် အဆင့်ဆင့် ပြောင်းလဲသွားသည်။ ပြုပြင်စီရင်ခံရပြီးသည့်အခါ နောက်ဆုံးမှာတော့ အရာရာကို သိရှိခံစားနားလည်တတ်သော အသိညာဏ်သည် ညင်သာစွာ ဖြစ်ပေါ်လာသည်။
အထက်ဖြစ်စဉ်အရ အနှစ်ချုပ်လိုက်လျှင် အကျွန်ုပ်တို့၏န္ဓာငါးပါးကို ခွဲခြမ်းစိတ်ဖြာလေ့လာသည့်အခါ ခံစားခြင်း= ဝေဒနာနှင့် မှတ်သားခြင်း=သညာတို့သည် စိတ်ခံစားမှုဆိုင်ရာ Emotional aspect ကို ကိုယ်စားပြုလေသည်။ ပြုပြင်စီရင်ခြင်း= သင်္ခါရနှင့် စိတ်ဝိညာဏ်တို့သည် Intellectual aspect ကို ကိုယ်စားပြုလေသည်။
မှတ်ချက်။ ။ ဤပို့စ်ပါအကြောင်အရာများသည် (Kelaniya of University) ကေလနိယတက္ကသိုလ်မှ ပို့ချချက်များကို ဘာသာပြန်ပီး မိမိ၏အတွေးအမြင်ဖြင့် မွမ်းမံပံ့ပိုးရေးသားထားခြင်းဖြစ်ကြောင်း။ အမှားပါက ပညာရှင်များ ဝေဖန်အကြံပြုနိုင်ပါကြောင်း။
အပိုင်း(၂) ဆက်ရန်

Friday, July 2, 2010

အဆင်သင့်ပြင်ထားပါ

အဆင်သင့်ပြင်ထားပါ


”သင့်စိတ်က အဆင်သင့် ဖြစ်နေလျှင် အရာခပ်သိမ်းလည်း
သင့်အတွက် အဆင်သင့် ဖြစ်နေလိမ့်မည်။”

(၀ီလျှံ ရှိတ်စပီးယား (1564-1686) အင်္ဂလိပ် ပြဇာတ်ရေးဆရာ)

ထိုစကားအလွန်မှန်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ့်အားကိုယ်ကိုးကြီးပွားလိုသူသည် ပထမဦးစွာ ကိုယ်တိုင် လေ့လာကြိုးစားလုပ်ကိုင်ရသောကြောင့် ဖြစ်သည်။ ယင်းသို့ကိုယ်တိုင် လေ့လာကြိုးစား လုပ်ကိုင် ရာတွင်လည်း နေ့စဉ် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မှန်ကန်စွာ ရယူအသုံးချတက်ဖို့လိုသည်။ ထိုအချက်သည် အောင်မြင်ကြီးပွာလိုသူ၏ တစ်ခုတည်းသော အောင်မြင်ရေးသော့ချက်ပင်ဖြစ်သည်။
         သို့သော်လည်း လူများစုသည် နေ့စဉ် ပေါ်ပေါက်လာသော အခွင့်အလမ်းများကို မယူတက်ကြ၊ ယူရန်လည်း အားမထုတ်ကြ။ အထူးသဖြင့် လူငယ်အများစုသည် "အချိန်သိပ်မရှိဘူး၊ အခြေအနေ မပေးဘူး၊ ကူညီမယ့်သူမရှိဘူး" ဆိုကာ အခွင့်အလမ်းကို မောင်းထုတ်ပစ်နေကြသည်။
       တကယ်တော့ ထိုဆင်ခြေသည် မိမိကိုယ်တိုင် လိမ်ညာနေခြင်းသာ ဖြစ်သည်။ အချိန်၊ အခြေအနေနှင့် အထောက်အကူ ဆိုသည်မှာလည်း ရှိနေပြီးသား၊ မိမိကိုယ်နှိုက်က အားထုတ်ပြီး ရှာဖွေရယူဖို့သာ လိုသည်။ တစ်ခုတော့ရှိသည် ကြီးပွားချင်သူသည် ဖြစ်နိုင်တာကိုသာ တွေးရမည်၊ ဖြစ်နိုင်တာကိုသာ လုပ်ရမည်။ မဖြစ်နိုင်တာတွေကိုတွေးပြီး လေဖမ်း ဒန်းစီးနေလိုကတော့ ဘာမှ ဖြစ်လာနိုင်မည်မဟုတ်။ အချိန်မရှိဘူးဟု တွေးနေသူတွင် အနည်းဆုံးတော့ အလကား အားလပ်နေချိန်အနေဖြင့် အိပ်ချိန်တော့ အနည်းနှင့်အများ ရှိဦးမည်သာဖြစ်သည်။ ကြီးပွားချင်လျှင် အားလပ်ချိန်ကို အချည်းအနှီး မကုန်လွန်စေဘဲ ရသမျှ အချိန်အပိုင်းလေးတွင် တစ်ခုခုအတွက် အကျိုးရှိအောင် အသုံးချရမည်။ အိပ်ချိန်ကို နည်းနည်းလျှော့ပြီး မိမိ စိတ်အားထက်သန်သော ၀ါသနာ အလုပ် တစ်ခုခုကို လုပ်ရမည်။

           သို့သော် အလကားတော့ ဘာကိုမှ မရနိုင်။ ကြီးပွားချင်လျှင် အနစ်နာခံရသည်၊ စွန့်လွှတ်ရသည်။ မိမိလိုချင်သော အရာအတွက် ပထမဦးစွာ ရင်းနှီးမြှုတ်နှံရသည်။ သို့မှသာ အကျိုးအမြတ် ထွက်လာမည် ဖြစ်သည်။ ကြီးပွားချင်သူသည် မိမိ ဖြစ်ချင်သောအရာ လုပ်ချင်သောအရာကို အသည်းနှလုံးထဲတွင် စွဲမြဲစွာ ခံယူသိမ်းဆည်း ထားရမည်။ ချစ်သူကို အသည်းစွဲနေသလို စွဲနေရသည်။ ယင်းသို့ဆို ပြီးနောက် လက်တွေ့ အကောင်အထည် ဖော်ရန်သာ ရှိတော့သည်။
         အလုပ်တစ်ခု လုပ်ရာတွင် နည်းလမ်းရှာဖွေခြင်းနှင့် လက်တွေ့ လုပ်ကိုင်ခြင်းသည် အကြမ်းအားဖြင့် နှစ်ပိုင်းရှိသည်။
ပထမပိုင်းတွင် မိမိလုပ်ချင်သော လုပ်ငန်းနှင့်ပတ်သတ်သောပညာ၊ သို့မဟုတ် ဗဟုသုတကိုရှာ ရသည်။ လုပ်နည်းကိုင်နည်းကို ဆည်းပူးရသည်။ သို့မှသာ လက်တွေ့လုပ်ကိုင်သောအခါ လွယ်ကူချောမေမည်။ အောင်မြင်ပေါက်မြောက်မည်။
ယနေ့ သမိုင်းဝင် ကမ္ဘာကျော်ပုဂ္ဂိုလ်များသည် တစ်ချိန်သော အခါက ကြီးပွားတိုးတက်ရန် ဘာအခွင့်အလမ်းမှ မရှိသူများ အဖြစ် လူအများစုက အထင်ခံရသူများ ဖြစ်ကြောင်း သတိရပါ။ ကမ္ဘာ့အံ့ဖွယ် တီထွင်မှု့များကို ပြုလုပ်ခဲ့ကြသူများမှာ သှူုလိုငါ့လို သာမာန်လူများပင် ဖြစ်ကြောင်း သတိရပါ။
        အမေရိကန်တွင် ဖရက်ဒေါက်ကလပ် ဆိုသူသည် မြေကျွန်အဖြစ်မွေးဖွားလာခဲ့သည်။ အရေး အဖတ်ကို လမ်းဘေးပိုစတာကြေငြာများဖတ်ပြီး စာတက်လာခဲ့ရသည်။ နောက်ပိုင်းတွင် ကိုယ့်အားကိုယ် ကိုးကြိုးစားမှု့ဖြင့် ရသမျှ အချိန်ပိုင်းကလေးများတွင် ပညာဆည်းပူးခဲ့သည်။ ထိုသို့ဖြင့် သူသည် နောက်တစ်ချိန်တွင်သံအမတ်ရာထူးကို ဆွတ်ခူးနိုင်ခဲ့ပါသည်။
        AB-လင်ကွန်းသည် ရေးစရာကျောက်သင်ပုန်း မရှိသောကြောင့် ပေါတ်တူးပြားတွင် စာရေးရသည်။ လမ်းဘေးမီးတိုင်အောက်တွင် စာဖတ်ရသည်။ မိုင်လေးဆယ်ကျော် ခရီးကို လမ်းလျှောက်ပြီး စာအုပ်သွားငှားရသည်။ လမ်းတွင် စာအုပ်ကို ဖွင့်ဖတ်လာရာ စာမျက်နှာ တစ်ရာကျော် အထိပြီးအောင် ဖတ်ခဲ့သည်။ ထိုနည်းဖြင့် သူသည် နာမည်ကျော် ရှေ့နေဘ၀မှတဆင့် နိုင်ငံတော်သမ္မတကြီး ဘ၀အထိ တက်လှမ်းနိုင်ခဲ့သည်။

       စင်စစ် အခွင့်အလမ်းသည် အလုပ်အကိုင်ပေါ်တွင် မတည်၊ မိမိ ကိုယ်တိုင် အပေါ်တွင်သာ တည်သည်။ မိမိ၏ တိုးတက်ကြီးပွားရေးသည် အပြင်ဘက်တွင်မရှိ မိမိ၏ အတွင်းသန္တာန်ထဲတွင်သာရှိသည်။
အောင်မြင်မှုသော့ချက်သည် အခွင့်အလမ်းကို သိမြင်တက်ခြင်း နိုးကြားတက်ကြွမှုရှိခြင်း၊ ခေတ်မှီတိုးတက်သော အယူအဆများကို ခံယူခြင်းတို့ပင် ဖြစ်သည်။ မျက်စိကိုဖွင့် နားကိုစွင့်ပြီး အခွင့်အလမ်းကို မြင်တက်သော လူငယ်တစ်ဦးအဖို့ တိုးတက်လမ်းသည် ပွင့်လင်း ဖြောင့်ဖြူးနေရမည်သာဖြစ်သည်။
ထို့ကြောင့်မောင်တို့ မယ်တို့ နိုးထကြလော့၊ တက်ကြွ ကြလော့။
       အခွင့်အလမ်းကို ဖန်တီးနိုင်သော "စွမ်းအား" သည် အပြင်မှာမရှိ၊ မိမိ၏ အဇ္စုတ္တ အတွင်းသန္တာန်ထဲမှာသာ ရှိသည်။ ထိုစွမ်းအားကို တိုးပွား အောင်ပြုလုပ်ရန်မှာလည်း မိမိကိုယ်တိုင်၏ အလုပ်သာဖြစ်သည်။
   လူတိုင်းသည် တူညီသော အခွင့်အလမ်းဖြင့်မွေးဖွားလာကြသည်။ လူတိုင်းသည် ကြီးပွားတိုးတက်ခွင့်ရှိသည်၊ အောင်မြင်ကျော်ကြားခွင့် ရှိသည်။
အခြေအနေတွေက မည်သို့ပင် ဖန်တီးနေပါစေ၊ မည်မျှပင်ခတ်ခဲရှုတ်ထွေးနေပါစေ၊ မိမိဘာသာ မျက်စိကိုဖွင့်၊ နားကို စွင့်ပြီး အခွင့်အလမ်းကို မလွတ်တမ်း ရယူနိုင်လျှင် အောင်မြင်မှု့ပန်းတိုင်ကို မလွဲမသွေ ရောက်ရမည်သာတည်း။ ။
ကျေးဇူးတင်ပါတယ်၊
မထူးခြားမှု ရှိမရှိ ကိုယ်တိုင်စမ်းသပ် လုပ်ကိုင်တော့မှ သိပေလိမ့်မည်။

(မူလပို့စ်ပိုင်ရှင်=မောင်ပေါ်ထွန်း။ ဘာသာပြန်။
အားလုံးဖတ်သင့်တယ်ယူဆသဖြင့် လက်ဆက်ကမ်းမျှဝေခြင်း ဖြစ်၍ မူလပို့စ်ပိုင်ရှင် ခွင့်ပြုမယ်ထင်သည်။)

Wednesday, January 13, 2010

ရည်မှန်းချက်ပန်းတိုင်




အိပ်မက်တွေ  မပျောက်ဆုံးစေခြင်  

အဖြစ်အပြစ်လေးတစ်ခု ရှိခဲ့သည်။ အမေရိကရှိ ကျောင်းတစ်ကျောင်း၏ စာသင်ခန်းတစ်ခုတွင် ဖြစ်သည်။ ဆရာက ကျောင်းသားများကို "ကျွန်တော်၏ ရည်မှန်းချက်" ခေါင်းစဉ်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းသည်။ ကျောင်းသားတစ်ဦးက သူ့ရည်မှန်းချက်ကို ဗလာစာအုပ်ပေါ်တွင်  ချက်ချင်းချရေးခဲ့သည်။  "ကျွန်တော်ကြီးပြင်းလာတဲ့အခါ မြေကွက်ကြီးတစ်ကွက်ကို ပိုင်ဆိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။ 

Saturday, January 9, 2010

ဖြေဆည်ရာ


ချစ်ခင်သူတို့နှင့် ဝေးကွာခြင်းသည် ဆင်းရဲပါ၏။ မချစ်ခင်သူတို့နှင့် ယှဉ်တွဲနေထိုင်ရခြင်းဟာလည်း ဆင်းရဲပါ၏။
တစ်ခုခုစိတ်ထဲမှာအလိုမကျရင် စာပေဖတ်ခြင်းသည် စိတ်သောကတို့ ခဏတာအေးချမ်းနိုင်၏။

* ကိုယ့်ကိုကိုယ် ဒီကမ္ဘာပေါ်က ဘယ်သူနဲ့မှ နှိုင်းပြီး မယှဉ်ပြိုင်ပါနဲ့။ အဲဒီလို ပြိုင်လိုက်တာဟာ ကိုယ့်ကိုကိုယ် စော်ကားလိုက်တာပါပဲ။