Sunday, January 2, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၃)

၂။ ဇယသီရိမဟာဗောဓိ။ ။ သီရိလင်္ကာနိုင်ငံ၊ အနုရာဓပုရမြို့ရှိ ဗောဓိပင်ကို သီရိလင်္ကာသားတို့က ဇယသီရိမဟာဗောဓိ-ဟု အမြတ်တနိုးခေါ်ကြလေသည်။ (http://srimahabodhi.org/fernando.htm) သီရိလင်္ကာရောက် ဒက္ခိဏသာခါ-ဗောဓိပင်သမိုင်းနှင့် ပတ်သက်၍ ပါရာဇိကဏ်အဋ္ဌကထာ(၀ိ၊ ဋ္ဌ၊ ၁၊ ၆၈-၇၅)မှာ အပြည့်အစုံ ဖေါ်ပြပါရှိပေသည်။ ဤပို့စ်မှာကား အကျဉ်းချုပ်ပဲ ဖေါ်ပြနိုင်ပေမည်။
B.C.244 ဘီစီ-၂၄၄-ခုနှစ်မှာ အသောကမင်းတရား၏ သမီးတော်၊ အရှင်မဟိန္ဒမထေရ်၏ ညီမတော်ဖြစ်သော ဘိက္ခူနီ သင်္ဃမိတ္တာထေရီမသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ လင်္ကာဒီပကျွန်းသို့ ဗောဓိပင်ပျိုကို ပင်ဆောင်လာခဲ့ပီး အနုရာဓမြို့၏တောင်ဖက် မဟာမေဃမင်းဥယာဉ်တော်မှာ အခန်းအနားဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓဂယာရှိ ဘုရားဖြစ်တော်မူသော မူလမဟာဗောဓိပင်မှ ပွားယူလာသောကြောင့် သီရိလင်္ကာသားတို့က ၎င်းပင်ပွားဗောဓိပင်ပျိုကို သက်တော်ထင်ရှား မြတ်စွာဘုရားရှိနေဘိသကဲ့သို့ အသက်နှင့်ထပ်တူ မြတ်နိုးပူဇော်ကြလေသည်။ အခုဆိုရင် ဗောဓိပင်၏သက်တမ်းသည် နှစ်ပေါင်း ၂၂၀၀- ကျော်နေပီ ဖြစ်၏။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယရှိ မဟာဗောဓိပင်ကို ဖူးမြော်သွားရောက်ကြသကဲ့သို့ သီရိလင်္ကာနိုင်ငံရှိ ဗောဓိပင်ကိုလည်း လာရောက်ဖူးမြော်သင့်လပေသည်။ နေ့နေ့ညည စွယ်တော်နှင့် ဗောဓိပင်ဘုရားဖူး အထူးပင်စည်ကားလပေသည်။ သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုအားထား လေးစားပုံကား ကြက်သီးထလောက်အောင်ပင် ဖြစ်ရသည်။ သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်တို့၏ အသဲနှလုံးမှာ စွယ်တော်နှင့် ဗောဓိပင်တို့ပင် ဖြစ်လေသည်။
မြန်မာပြည်သားတို့ကား ကဆုန်ညောင်ရေသွန်းပွဲကာလတွင်မှ ဗောဓိပင်ကို ရေတော်သွန်လောင်း ပူဇော်လေ့ရှိပေသည်။ ဘုရားဖြစ်တော်ပြီးနောက် ဗောဓိပင်ကို မမှိတ်မသုန် မျက်လုံးတော်စုံဖြင့် ၇-ရက်တိုင်တိုင် ကြည့်ရှုတော်မူကာ အရိုအသေပေးခဲ့ပေသည်။ ဘာသာဝင်တို့ ဗောဓိပင်ကို အလေးထား၍ မြတ်နိုးပူဇော်ခဲ့ကြရန် ရည်သန်တော်မူပေသည်။ ဘုရားရှင် သက်တော်ရှိစဉ်က ကျောင်းတော်သို့ ဒကာ၊ ဒကာမများ ပူဇော်ဖွယ်ရာများဖြင့် ဘုရားဖူးလာကြသည်။ ဘုရားဖူးရပြီးလည်း တင်းတိမ်းအားရမူမဖြစ်၊ တမ်းတမ်းတတဖြင့် လွမ်းဆွတ်ကာ ပြန်ကြရလေသည်။ မဖူးလိုက်ရသူများကား သောကပူဆွေး ၀မ်းနည်းပီး ပြန်ကြရပေမည်။ ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူသောအခါ အရှင်အာနန္ဒာအား မူလမဟာဗောဓိပင်မှ ပွားယူ၍ ဗောဓိပင်ကို မြတ်ဗုဒ္ဓကိုယ်စား စိုက်ပျိုးထားရှိရန် တိုက်တွန်းတော်မူလေသည်။ အရှင်အာနန္ဒာမထေရ်သည် ဗောဓိပင်ပျိုကိုယူပီး အနာထပိဏ်သူဋ္ဌေး၏ အကူအညီဖြင့် ဇေတ၀န်ကျောင်းတော်အတွင်း မြတ်စွာဘုရားရှင် ဒေသစာရီကြွချီနေချိန် လရောက်ကြသောဘုရားဖူးတို့အတွက် စိုက်ပျိုးတော်မူခဲ့ပေသည်။ ထိုကြောင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓ၏ ကိုယ်ပွားတော် ဖြစ်လေသည်။
ဗောဓိပင်ကို သီရိလင်္ကာသားတို့ အသက်နှင့်ထပ်တူထားကာ မြတ်နိုးပူဇော်ကြသောကြောင့် အစောင့်အကြပ်ထူထပ်စွာချ၍ မသမာသူတို့၏ ဖျက်ဆီးမည့်ဘေးရန်မှလည်း ကာကွယ်ထားကြလေသည်။ မြတ်ဗုဒ္ဓထပ်တူ ရိုသေလေးစား တန်ဖိုးထားသောကြောင့်လည်း အမြင်မတော်ဝတ်စား ဆင်ယင်ထားသူများ ဗောဓိပင်အနီးဖူမြော်ခွင့်ကို မရရှိနိုင်ပေ။ လှူဖွယ်ဝတ္ထုများနှင့်အတူ အဖြူရောင်ဝမ်းဆက် ၀တ်ထားသူများသာ ဗောဓိပင်အနီး ဖူးမြော်ခွင့်ကို ခွင့်ပြုလေသည်။ ဖူးမြော်ခွင့်ရပြန်သော်လည်း အချိန်အကြာကြီး မနေရပေ။ ဗောဓိညောင်ရွက် ကောက်ယူပူဇော်လျှက် လက်ယာတစ်ပတ်လှည့်ကာ ပြန်ဆင်းလာကြရလေသည်။
မြန်မာကျောင်းဆရာတော်က ထိုအကြောင်းအရာကို သိရှိနေသောကြောင်း စာရေးသူတို့ကို အကြံပြုလေသည်။ ဒီနေ့မနက် ဗောဓိပင်ဖူးလို့ရပေမယ့် အနီးကပ်ဖူးခွင့် မရနိုင်။ ည ၉-နာရီးမှ ဖွင့်ပေးလိမ့်မည်။ အားလုံးအဆင်ပြေအောင် ရင်းနှီးသော ဗောဓိပင်တာဝန်ရှိဆရာတော်ကို ဖုန်းဆက်အကူအညီတောင်း ပေးမည်။ အဖြူရောင်အ၀တ်အထည်များသာ ၀ယ်ယူထားပါ။ မနက်ပိုင်း ဗောဓိပင်ကို ခဏ၀င်ဖူး၍ တစ်ခြားဘုရားများ လှည်ပတ်ဖူးမြော်ပီး ပြန်လာခဲ့။ ညပိုင်းမှ ဗောဓိပင်သန့်သန့် အချိန်ယူဖူးကြလေ-ဟု အကြံပြုလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် နံနက်စားဘုန်းပေးပီး ဗောဓိပင်ဖူး ထွက်ကြလေသည်။ မြန်မာဘုန်းကြီးကျောင်းမှ ဗောဓိပင်သို့ ဖြတ်လမ်းဖြင့် ၁၀-မီနစ်ခန့်သာ လမ်းလျှောက်ရလေသည်။ နံနက်ခင်းဖြစ်သော်လည်း ဘုရားဖူးများဖြင့် စည်ကားလပေသည်။ ဆီမီးပူဇော်ခြင်းကို ဗောဓိပင်နှင့်ဝေးသော တံတိုင်း၏တစ်ခြားတစ်ဖတ်မှာသာ ခွင့်ပြုလေသည်။ ဗောဓိပင်တစ်ဝိုက် တရားထိုင်သူ၊ ပန်း၊ ရေချမ်းပူဇော်သူတို့ဖြင့် ကြည်နူးဖွယ်ရာ တွေ့ရှိရလေသည်။ ကျွန်ုပ်တို့လည်း ဗောဓိပင်ကို အဝေးမှပင် ဖူးမြော်ကာ ညောင်ရွက်ကောက်ပီး ပြန်လာခဲ့ကြသည်။

  သီရိလင်္ကာသားတို့ ဗောဓိပင်အား ရှိခိုးပူဇော်သော ဂါထာ
ယဿ မူလေ နိသိန္နောဝ၊ သဗ္ဗာရိ ၀ိဇယံ အကာ၊
ပတ္တော သဗ္ဗညုတံ သတ္ထာ၊ ၀န္ဒေ တံ ဗောဓိပါဒပံ။
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတံ၊
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇံ နမတ္ထု တေ။

"I worship this Bodhi-tree seated under which the Teacher attained omniscience by overcoming all enemical forces (both subjective and objective). I too worship this great Bodhi-tree which was honoured by the Leader of the World. My homage to thee, O King Bodhi." (http://srimahabodhi.org/bodhi-puja.htm)

အဓိပ္ပါယ်ကား- ဗောဓိပင်အောက်ဝယ် ထိုင်တော်မူရင်း ရန်ဟူသမျှကို အောင်မြင်တော်မူ၍ သမ္ဗညုတညာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားသခင်၏ ခြေတော်ကို ပူဇော်ရှိခိုးပါ၏။
ဤကဲ့သို့ ဗောဓိညာဏ်ကို ရတော်မူပြီးသော မြတ်စွာဘုရားသခင်ကို နတ်လူတို့၏ ကိုယ်းကွယ်အားထားရာအဖြစ် ပူဇော်ဆည်းကပ်သကဲ့သို့ ငါသည်လည်း ထိုဗောဓိပင်မင်းကို ရှိခိုးပါ၏။
 
 ၃။ မဟာစေတီ။ ။ Swarnamali Vihara (Ruwanvelisaya)ခေါ် မဟာစေတီသည် ဗောဓိပင်၏တောင်ဖက်အရပ်မှာ ရှိလေသည်။ သုံးဖာလုံ-တပြလောက်ပဲ ဝေးလေသည်။ ဗောဓိပင်နှင့် မဟာစေတီသို့ သွားရာလမ်းဝယ် လောဟပါသာဒ(ကြေးပြသာဒ်)ရှိလေသည်။ ဗောဓိပင်နှင့် ကားလမ်းသာ ခြားလေသည်။ ကြေးပြသာဒ်ကိုလည်း ဒုဋ္ဌုဂါမဏိမင်း တည်ဆောက်တုန်းက ဘုံ ၉-ဆင့်ဖြစ်လေ၏။ တည်ဆောက်ပီး မကြာမီပင် မီးခ၍ ညီတော် သဒ္ဓါတိဿမင်းကပင် ဘုံ ၇-ဆင့်ချုံးကာ ပြန်လည်တည်ဆောက်ခဲ့သည်။ မြတ်စွာဘုရား ပထမအကြိမ်ကြွရောက်၍ သမာပတ်ဝင်စားသော နေရာ၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ အောက်ခြေတိုင်လုံးကို ကျောက်တိုင်တို့ချည်း ထည့်သွင်းတည်ဆောက်ထားပီး ၁၂-ပေခန့်ရှိသော ကျောက်တိုင်အတန်းပေါင်း ၄၀-အတိအကျရှိ၍၊ တစ်တန်းလျှင် တိုင်ပေါင်း ၄၀-စီရှိရာ စုစုပေါင်း ကျောက်တိုင် ၁၆၀၀-တိုင် ရှိလေသည်။
ကျွန်ုပ်တို့ ဘုရားဖူးအဖွဲ့သည် ဗောဓိပင်မှ ထွက်လာပီးနောက် ကြေးပြသာဒ်ကို ကြည့်ရှုကြလေသည်။ ယခုအခါ ကြေးပြသာဒ်သည် ကျောက်တိုင်းလုံးများသာ ထိုးထိုးထောင်ထောင်ဖြင့် တည်ရှိနေလေတော့၏။ စစ်ဘေးအန္တရာယ်၊ သာသနာ့ရန်စွယ်တို့၏ လက်ချက်ကြောင့် သာသနိကအဆောက်အအုံများ ပျက်စီးရကာ အရုပ်ဆိုးအကျဉ်းတန်လှသဖြင့် ကြည့်မြင်မိသောဘာသာဝင်တို့၏ ရင်ထဲမှာ နာကျင်စွာ ခံစားမိလေသည်။ ကြေးပြသာဒ်၏မျက်နှာဆိုင် လမ်းတစ်ဖက်မှာ သင်္ဃမိတ္တာထေရီမက ဒေ၀ါနံပိယတိဿမင်းအား ဗောဓိပင်ပျိုကို လှမ်းပေးတော်မူနေသော ကျောက်ရုပ်ထုကို တွေ့ရှိရလေသည်။ 
ကြေးပြသာဒ်ကို ကြည့်ပီးနောက် တောင်ဖက်ကို အနည်းငယ်လမ်းလျှောက်သွားရင် မဟာစေတီကို လှမ်းမြင်ရလေသည်။ မဟာစေတီသည် သမိုင်းဝင် ၁၆-ဌာနတွင် တစ်ဌာနပါဝင်သော စေတီဖြစ်လေသည်။ 
(ဘီစီ-၁၀၁-၇၇)ဒုဋ္ဌုဂါမဏီမင်း လှူဒါန်းတည်ဆောက်ခဲ့သော်လည်း သူ့လက်ထက်၌ မပြီးမူ၍ ညီတော် သဒ္ဓါတိဿမင်း (၁၃၇-၁၁၉ ဘီစီ) လက်ထက်ကျမှ ပြီးစီးအောင်မြင်လေ၏။ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်ကိုလည်း ထည့်သွင်းဌပနာထားသည်ဟု ဆိုပါသည်။ စေတီတော်၏အမြင်ပေမှာ ၃၃၈-ပေရှိလေသည်။ မဟာစေတီကို Ruwanveli Seya- ဟု ဒေသသားတို့က ခေါ်ဆိုသည်။ အခြားအခြားသော စေတီတော်များထက် မဟာစေတီ၌ ဘုရားဖူးများဖြင့် စည်းကားလေသည်။
စေတီတော်အ၀င် ရှေ့မျက်နှာနှင့် အရှေ့တောင်ရှိ ထိုင်တော်မူဘုရားနှစ်ဆူမှာ ပြည်မာ့လက်ရာဖြစ်ပီး မြန်မာပြည်သား ဘုရားဒကာ ဖြစ်လေသည်။ ထီးတော်ကိုလည်း မြန်မာပြည်မှပင် လှူဒါန်းထားလေသည်။ စေတီရင်ပြင်သည် အတော်ကျယ်ဝန်းလပီး ကျောက်ချပ်ကြီးမျာဖြင့် သေသပ်စွာ ခင်းထားလေသည်။ ရင်ပြင်ကျောက်ပြားပေါ်ထိုင်ကာ ဘုရားဖူးရတာ ကြည်နူးဘွယ်ရာ ကောင်းလသည်။ အချိန်ယူကာ အားပါးတရ ဖူးလိုက်သည်။
မဟာစေတီမှ ထွက်လာပီးနောက် စာရေးသူတို့အဖွဲ့ ကားဆီသို့ ဦးတည်သွားခဲ့သည်။ ဘယ်ဆီကို ဆက်သွားရမည်မသိသေးပေ။ နေ့ဆွမ်းစားချိန်လည်း နီးကပ်နေပီတည်း။ ကားပေါ်ရောက်တော့ ခရီးစဉ် စီစဉ်သူ ဦးဥတ္တမသာရ၏ ညွန်ကြားချက်ကို စောင့်နေကြသည်။ ထိုအချိန်မှာပင် အနုရာဓကျောင်းဆရာတော်ဆီမှ ဖုန်းသံမည်လာ၏။ ဦးဥတ္တမသာရက ဖုန်းပြောပီး ကားဆရာအား ကျောင်းသို့အမြန်မောင်းရန် ညွန်ကြားလိုက်လေတော့၏။ အကြောင်းမှာ ဆရာတော်က ဆွမ်းစားဖို့ အားလုံးက စောင့်နေကြကြောင်း၊ ပြန်လာခဲ့တော့ဟု မိန့်တော်မူသောကြောင့် ဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ