Thursday, January 6, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၄)


နေ့ဆွမ်းစားပီး၍ အနားယူအပန်းဖြေပီးနောက် ၂-နာရီလောက်မှာ ဘုရားဖူး စထွက်ကြပြန်ပါသည်။ မဟာဗောဓိပင်ကို ည ၉-နာရီမှ ၀င်ဖူးကြရမည်။ ပထမဦးစွာ အ၀တ်အစားရောင်းသော စတိုးရ်ဆိုင်သို့ အရင်သွားသည်။ စာရေးသူတို့အဖွဲ့မှာ လူပုဂ္ဂိုလ်ငါးယောက်ဖြစ်သော်လည်း ကျန်းမာရေးကြောင့် ဒကာမ သားအမိနှစ်ယောက်သည် ကိုလံဘိုမှာ ကျန်ခဲ့ပေသည်။ ထို့ကြောင့် အခုလက်ရှိ သုံးယောက်အတွက် မဟာဗောဓိပင်ကို အနီးကပ်ဖူးမြော်ခွင့်ရရန် အဖြူရောင်အ၀တ်အစား ၀ယ်ရပေမည်တည်း။ အ၀တ်ရောင်းဆိုင်မှ ဆိုင်လုပ်သား ဒကာမများသည် ဘုန်းဘုန်းများဝင်လာသောကြောင့် ပြူးပြဲကာ ၀ိုင်းကြည့်ကြလေသည်။ မှန်ပေသည်။ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များသည် ရဟန်းတော်များ အသားငါးဝယ်ခြင်း၊ ဆေးလိပ်ဝယ်ခြင်းစသည့်အပြင် မသင့်တော်သောနေရာ၌ တွေ့ခဲ့လျှင် ဘာမှမပြောသည့်တိုင် မကြိုက်မနှစ်သက်ချေ။ တော်ပေသေး၏။ ကားသမားက အ၀တ်အစားလိုက်ဝယ်ပေးသောကြောင့် စာရေးသူတို့မှာ ဒကာမများအကြား မတိုးမဝှေ့ရတော့ချေ။ ဤအနုရာဓပူရမြို့ကား ဘာသာရေးဆိုင်ရာ အစဉ်အလာကြီးမားသော မြို့ဖြစ်ခဲ့ပေသည်။
အရှင်မဟိန္ဒတောင်၊ မိဿကတောင်ခေါ် စေတီယတောင်။ ။
သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာသမိုင်းကို ပြောမည်ဆိုလျှင် အရှင်မဟိန္ဒမထေရ် မပါရင် မပီးချေ။ အရှင်မဟိန္ဒမထေရ် လင်္ကာဒီပသို့ ကြွရောက်လာပုံ အလုံးစုံကိုလည်း ပါရာဇိကဏ်အဋ္ဌကထာ၌ ဖေါ်ပြပါရှိပြီး ဖြစ်သည်။
ကျွန်ုပ်တို့အဖွဲ့ အ၀တ်အစားများ ၀ယ်ယူပီးနောက် စေတိယတောင်သို့ ဆက်လက်ထွက်ခွါလာခဲ့သည်။ ၎င်းတောင်သည် အနုရာဓမြို့မှ အရှေ့မြောက် ၈-မိုင်အကွာ၌ တည်ရှိလေသည်။ သံနှင့်ကျောက်နှစ်မျိုး ရောစပ်နေ၍ မိဿကတောင်ဟုလည်း ခေါ်ပေသည်။ မဟိန္ဒလေဟုလည်း အရှင်မဟိန္ဒမထေရ်ကို ဂုဏ်ပြုခေါ်ဝေါကြသည်။ တောင်တက်လမ်းကို ကျောက်သားလှေကားထက်ပေါင်း ၂၀၀၀-ရှိသော စောင်းတန်းနှင့် ဘေးဖက်ချက်မှာ တရုတ်စံကားပင်များ အစီအရီစိုက်ပျိုးထားရာ တက်ရောက်လာသူအဖို့ စိတ်အပန်းဖြေ ကြည်နူးဖွယ်ရာပင် ဖြစ်သည်။
ဤတောင်ဝန်းကျင်တစ်ဝိုက် ဟိုတစ်ချိန်က အရှင်မဟိန္ဒမထေရ် သာသနာတည်စေပြီးနောက်ပိုင်း ကျောင်းတိုက်ကြီးများ၊ ရဟန်းတော်များ၊ တရားအားထုတ်ရာ လိုဏ်ဂူများဖြင့် ခြံရန်တည်ရှိနေပေသည်။ ယခုအခါမှာကား ရဟန်းသံဃာအနည်းငယ်နှင့် အစောင့်အရှောက်များသာ ရှိလေတော့သည်။ ထိုခေတ်က စား၊ ၀တ်၊ နေထိုင်မှုပုံစံ တစ်မူထူးခြားဟန်ကို ကျန်ရစ်သော အထောက်အထားများက သက်သေပြနေပေသေးသည်။ ကမ္ဘာလှည့်ခရီးသွားများကို မဆွဲဆောင်နိုင်သော်လည်း ဗုဒ္ဓဘာသာဝင်များအနေဖြင့် အများဆုံးလာရောက် လည်ပတ်ကုသိုလ်ယူကြသည်ကို တွေ့ရှိရလေသည်။ နိုင်ငံခြားသားများမှာ အခွန်ဆောင်ပီးမှ တောင်ပေါ်တက်ခွင့်ရလေသည်။
စာရေးသူတို့ ပထမဆုံး အရှင်မဟိန္ဒမထေရ် တရားထိုင်နေကျ ကျောက်တောင်သို့ သွားရောက်ကြည်ညိုကြသည်။ ကျောက်တောင်ဆိုသော်လည်း ထိုနေရာသည် ကျောက်တုံးကြီးတစ်ခုဖြစ်ကာ အလယ်တည့်တည့်၌ လူတစ်ယောက် ထိုင်လောက်သောနေရာတစ်ခု ရှိပေသည်။ ထိုနေရာ၌ မဟိန္ဒမထေရ် တရားထိုင်ခဲ့သည်ဟု ဆိုပါသည်။ ထိုနေရာသို့ရောက်ရန်အတွက် တောင်အောက်သို့ အနည်းငယ် မီနစ် ၂၀-ခန့်ဆင်းသွားရသည်။ စာရေးသူတို့အဖွဲ့တွင် အသက် ၇၀-ကျော် ဒကာ၊ ဒကာမကြီးစုံတွဲပါလာသဖြင့် တစ်ဖြေးဖြေးပင် ဆင်းရသည်။ ထိုဌာနအကြောင်းအရာကို ပြောပြရန်နှင့် အကူအညီးရရန် ဂိုတ်တစ်ယောက်ကိုလည်း ခေါ်ထားလိုက်သည်။ ထိုဂိုတ်၏အကူအညီဖြင့် တကာမကြီးသည် တရားထိုင်သောနေရာသို့ လွယ်ကူစွာရောက်လာပေသည်။ စာရေးသူတို့လည်း မဟိန္ဒမထေရ် တရားထိုင်ခဲ့သောနေရာ၌ မထေရ်နှင့် တရားတော်ကို ပူဇော်သောအားဖြင့် တရားထိုင်ကြသည်။ ဓာတ်ပုံမှတ်တမ်းလည်း တင်ကြသည်။ ဤမဟိန္ဒလေတောင်၌ သိမှတ်ဘွယ်ရာ များစွာပင် ရှိလေသည်။
၎။ သိလာစေတီ။         ။ သီလာစေတီသည် မြတ်ဗုဒ္ဓ လင်္ကာဒီပကျွန်းသို့ တတိယအကြိမ်ကြွရောက်စဉ် သမာပတ်ဝင်စားခဲ့သောနေရာ၌ တည်ထား၍ သမိုင်းဝင် ၁၆-ဌာန၀ယ် ပါဝင်သောစေတီတစ်ဆူ ဖြစ်လေသည်။ ယင်းစေတီတော်တွင်း၌ မြတ်စွာဘုရားရှင်၏ ဥဏ္ဏလုံမွေးရှင်တော်ကို ထည့်သွင်းဌပနာထားသည်ဟု ဆိုပါသည်။ အမ္ဗတ္ထလစေတီ၏ အနောက်ဖက် တောင်ပေါ်၌ တည်ထားလေသည်။
ထိုပြင် ဒေ၀ါနံပိယတိဿမင်းနှင့် အရှင်မဟိန္ဒမထေရ်တို့ စတင်တွေ့ဆုံ ဖူးတွေ့ရသော သရက်ပင်ပေါက်သော ကုန်းမြေကို အမ္ဗတ္ထလဟု ခေါ်၍၊ ထိုကုန်းမြေနေရာကို အရှင်မဟိန္ဒမထေရ် သာသနာနှစ် ၂၈၄-ခုနှစ်မှာ ပရိနိဗ္ဗာန်ပြုပီးနောက်ပိုင်း ဒေ၀ါနံပိယတိဿမင်း၏ညီတော် ဥတ္တိယမင်းက အရိုးဓာတ်တော်များကို စေတီတည်ထား၍ အမ္ဗတ္ထလစေတီဟုလည်း ခေါ်သည်။ (အမ္ဗတ္ထလ၊ အမ္ဗ-သရက်ပင်၊ ထလ-ကုန်းမြေ)
 (ဓာတ်ပုံကြည့်ပါ) ထိုပြင် ၎င်းတောင်၌ အရှင်မဟိန္ဒမထေရ် သီတင်းသုံးတော်မူခဲ့သော ကျောင်းတိုက်၊ နေ့သန့်စင်ရာ လိုဏ်ဂူ၊ နတ်ဗြဟ္မာများ တရားနာလာရန် သုမနသာမဏေ ကြွေးကြော်ဖိန့်ကြားရာနေရာ တောင်ထိပ်များ ရှိလေသည်။
စာရေးသူတို့အဖွဲ့သည် မဟိန္ဒမထေရ်တရားထိုင်ရာ နေရာမှ တောင်ပေါ်ကို ပြန်တက်လာသည့်အခါ အဆိုပါ အမ္ဗတ္ထလကုန်းမြေသို့ ရောက်ရှိလာပေသည်။ ထိုနောက် သုမနသာမဏေ နတ်ဗြဟ္မာတို့အား တရားနာရန် ဖိတ်ကြားလေ့ရှိသော ကျောက်တောင်ထိပ်ပေါ်သို့ တက်ကြည့်ကြလေသည်။ ကျောက်တောင်ထိပ်၌ လေတိုက်တာပြင်ထန်သည် မှတ်မှတ်ရပ်တည်နေဖို့ ခက်သည်။ ပေါ်စီးမှကြည့်ရသော ရှုခင်းများ သာယာလှပပေသည်။ မြင့်မြင့်ရောက်ရင် များများမြင်သည်-ဟူသော စကားကို သတိရမိသည်။ အမြင့်ရောက်ရင် လေတိုက်ခံရသည်-ဟူသော စကားသည် ဤနေရာ၌ မှန်လသည်။ ဓာတ်ပုံလည်း ရိုက်ကြသည်။  အသက် ၇၀-ကျော် ဒကာကြီးတို့ စုံတွဲကား ဆင်းလိုက်တက်လိုက်မို့ အတော်မောသွားဟန်တူပေသည်။ သုမနကျောက်တောင်ပေါ်သို့ မတက်နိုင်တော့ချေ။ သိလာစေတီတောင်သို့ တက်ဖို့ရန်ကား ပိုဆိုးတော့မည်။
ထိုကြောင့် စာရေးသူတို့သည် သိလာစေတီရှိရာ တောင်ပေါ်သို့ ဆက်လက်မတက်တော့ဘဲ တောင်ခြေမှပင် ဖူးမြော်ကာ ပြန်ဆင်းလာခဲ့ကြလေသည်။ တောင်ခြေရောက်တော့ အမောပြေအောင် အုန်းနုရေ သောက်ကြသည်။ ထိုနောက် အချိန်ရှိတုန်း အခြားခြားသော သမိုင်းဝင်ဌာနများသို့ သွားရောက်ကြလေသည်။
၅။ ထူပါရာမစေတီ။       ။ ထူပါရာမစေတီသည် မြို့တောင်ဖက် မဟာစေတီ၏မြောက်ဖက်၌ တည်ရှိ၍ ဒေ၀ါနံပိယတိဿမင်း ကောင်းမှုဖြစ်သည်။ သမိုင်းဝင် ၁၆-ဌာန၀ယ် အပါအ၀င်ဖြစ်ပီး ၎င်းစေတီသည် အမြင့်သံတောင် ၃၀-ခန့်၊ လုံးပတ် ၁၂၁ တောင်၊ တမိုက်ရှိကာ ဘုရားရှင်၏ဓာတ်တော် တသပိတ်နှင့် လက်ျာညှပ်ရိုးတော်ကို ဌပနာထားလေသည်။ ထိုပြင် ကကုသန်၊ ကောဏာဂုန်၊ ကဿပဘုရား သုံးဆူတို့၏ ရေစစ်၊ ခါးပန်း၊ ရေသနုပ်တော်များကိုလည်း ဌပနာ ထားသည်။ စာရေးသူတို့လည်း သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျှက် ထူပါရုံစေတီတော်အား ဖူးမြော်ကြသည်။
ထိုစေတီတော်အနီး ဟိုတစ်ချိန်က နာမည်ကျော်ကြားသော မဟာဝိဟာရနှင့်စပ်လျှက် ထူပါရုံကျောင်းတော်ကြီးလည်း တည်ရှိပေသည်။ ယခုအခါ စာရေးသူတို့ ဘုရားဖူးချိန်မှာကား ၁၃-ပေခန့် အမြင့်ရှိသော ကျောက်တိုင်များသာ ကျန်ရှိနေပေတော့သည်။ စွယ်တော်တိုက်၊ သင်္ဃမိတ္တာ ရဟန္တာထေရီမကြီး၏ ကျောင်းတိုက်နှင့် အရိုးစေတီတို့သည်လည်း ထိုနည်းအတူပင် ကပ်ဘေးများကြောင့် နဂိုရ်ပုံစံ မတွေ့နိုင်တော့ချေ။ ဖြစ်ပီးရင် ပျက်စီးရသည့် သင်္ခါရများပေတည်းဟု သံဝေဂပွားမိပေသည်။
၆။ ဇေတ၀နစေတီ။       ။ ထိုနောက် စာရေးသူတို့သည် နောက်ထပ်သမိုင်းဝင်ဖြစ်သော စေတ၀နစေတီတော်ကို သွားရောက်ဖူးမြော်ကြသည်။ စေတီတော်ကြီးသည် လုံးပတ်ပတ်လည် ပေ-၁၁၀၀နှင့် ညာဏ်တော်အမြင့် ၂၃၁-ပေ ရှိသည်ဟု ဆိုသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်များ ထည့်သွင်းဌပနာခဲ့သည်ဟု ယုံကြည်ကြသည်။ ယခုအခါ စေတီတော်ကြီးကို ပြန်လည်ပြုပြင်နေသည်။
အေဒီ ၂၃၇-၃၀၄၊ ဝေါဋ္ဌာဘယ၏သားငယ် မဟာသေနမင်းသည် ပထမတွင် မိတ်ဆွေဆရာယုတ် သံဃမိတ္တနှင့် သောဏအမတ်တို့ကို အမှီးပြု၍ မဟာဝိဟရနှင့် အဘယဂီရိကျောင်းတိုက်ကြီးကို သိမ်းယူဖျက်ဆီး၍ သံဃာတော်များအား ဆွမ်းမလောင်းရန် အမိန့်ထုတ်ခဲ့သည်။ ထိုနောက် မိတ်ဆွေကောင်း အမတ်ကြီးနှင့်တွေ့ပီး ပြန်လည်ကြည်ညိုလာ၍ အဆိုပါ ဇေတ၀နစေတီတော်နှင့် ကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပေသည်။ သာသနာသည် တိုင်းပြည်အုပ်ချုပ်သူ၏ သဘောထားအပေါ် များစွာတည်မှီနေပေသည်။
အဘယဂီရိကျောင်းနှင့် စေတီ။    ။ ၀ဋ္ဋဂါမဏိမင်းလက်ထက် (သာသနာ ၄၅၅)တွင် အဘယဂီရိကျောင်းတိုက်နှင့် စေတီတော်ကို တည်ဆောက်ခဲ့သည်။ မူလက မဟာဝိဟာရဂိုဏ်းဝင် ဖြစ်သော်လည်း ဒကာ၊ ဒကာမများနှင့် ရောနှောနေသဖြင့် ဂိုဏ်းမှထုတ်ပယ်ရာမှ အဘယဂီရိဂိုဏ်း ဖြစ်သွားသည်။ နောင်အခါ မဟာယာနစသော အယူဝါဒများလွမ်းမိုးလာပီး လုံးဝပျက်စီးသွားသည်။
မင်းကြီး စစ်ပြေးစဉ်းက ထမင်းကျွေးဖူးသော ကျေးဇူးကိုထောက်၍ အရှင်မဟာတိဿမထေရ်အား စတင်ကျောင်းလှူခဲ့သည်။ လုံပတ်ပေ ၉၀၀၊ ညာဏ်တော်အမြင့် ၂၃၅-ပေရှိ အဘယဂီရိစေတီတော်ကြီးကိုလည်း တည်းထားခဲ့သည်။ ယခုအခါ စေတီပတ်ပတ်လည်မှာ မြက်ပင်များ ပေါက်ရောက်နေပီး အတော်ယိုယွင်းပျက်စီးနေပေသည်။ ပြန်လည်ပြုပြင်ဖို့လည်း ပြင်ဆင်နေကြသည်ကို တွေ့ရှိရပေသည်။
ဣဿရမုနိ(Isurumuniya)။     ။ ထိုနောက် စာရေးသူတို့သည် နိုင်ငံခြားသားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိသော Isurumuniya ခေါ် ဣဿရမုနိကျောင်းနှင့် စေတီသို့ သွားရောက်ဖူးမြော်ကြသည်။ ဒေ၀ါနံပိယတိဿမင်းကြီး၏ ကောင်းမှုတော်ဖြစ်ပီး အရှင်မဟိန္ဒထံ ရဟန်းပြုလာသော မင်းမျိုးမင်းသား ရဟန်းတော်ငါးရာ သီတင်းသုံးခဲ့သော ကျောင်းတော်ဖြစ်လေသည်။ ကျောက်တောင်ပေါ်မှာ စေတီငယ်တစ်ဆူနှင့် မြတ်စွာဘုရား၏ခြေတော်ရာကိုလည်း တည်ထားသည်။ ကျောင်းဝင်းအတွင် ပြတိုက်နှင့် ရေကန်ငယ်တစ်ခုလည်း ရှိပေသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော နိုင်ငံခြားသားတို့က Isurumuni Lovers ခေါ်သော ရှေးဟောင်းကျောက်ရုပ်ထုလက်ရာနှင့် သမိုင်းကို စိတ်ဝင်စားကြသည်။
ထိုပြင် ရေကန်ညီနောင် (Twin pond or Kuttampokuna)နှင့် လခြမ်းပုံစံရှိ၍ အရုပ်ကလေးများ ထည့်သွင်းပုံသွန်းထားသော ခြေနင်းခုံ- Moonstone-ဟုခေါ်သော နိုင်ငံခြားသားအများစု လာရောက် လေ့လာကြည့်ရှုကြသော ထင်ရှားသော နေရာများသို့လည်း သွားရောက်လည်ပတ်ကြသည်။ ဤကဲ့သို့သောနေရာများသည် ဘုရားဖူးသီးသန့်များအတွက် အရေးမပါသော်လည်း ဗိသုကာပညာရှင်များအတွက်မူကား ရှေးဟောင်းဗိသုကာ လက်ရာများကို လေ့လာရသည့်အတွက် တန်ဖိုးမဖြတ်နိုင်သော လာရောက်လည်ပတ်မှုပင် ဖြစ်ပေသည်။
ထိုနောက် စာရေးသူတို့အဖွဲ့သည် လက်ရာအားဖြင့် အလွန်ရှေးကျ၍ (Samadhi Buddha) သမာဓိဗုဒ္ဓ-ဟုခေါ်သော မြတ်စွာဘုရား တရားထိုင်သည့် ပုံတော်ရုပ်ထုကို သွားရောက်ဖူးမြော်ပီး မရိစိဝဋ္ဋိစေတီနှင့် လံကာရာမစေတီတို့ကို သွားရောက်ဖူးမြော်ကြသည်။ ယခုဖူးမြော်ပီးသော စေတီတော်များအားလုံး၏ပုံစံသည် တစ်ပုံစံတည်း တူသယောင်ယောင် ရှိသည်ဟု အမြင်အားဖြင့် ထင်ရပေသည်။ မှန်ပေသည်။ လင်္ကာဒီပတစ်ကျွန်းလုံးရှိ စေတီပုံစံများသည် ယခုတွေ့ရသော ပုံစံအတိုင်း လက်ရာမပြောင်းလဲမူ၍ ယနေ့တိုင်အောင် ရှေးမူမပျက်တည်ထား ကိုးကွယ်ကြသော လင်္ကာဒီပသားများအတွက် ဂုဏ်ယူစရာ ကောင်းလပေသည်။ 
အနုရာဓမြို့ဝယ် လည်ပတ်စရာလည်း အတော်စုံသွားပြီဖြစ်၏။ ကားဆရားက ရေကန်တစ်ခုကို လိုက်ပြသေး၏။ ရေကန်က အလွန်ကြီးသောကြောင့် ဆင်ရေကန်-ဟုခေါ်ကြောင်း ရှင်းပြလေသည်။ အချိန်အားဖြင့်ကား မိုးချုပ်နေပီးတည်း။ ဓာတ်ပုံရိုက်သော်လည်း မှောင်မဲနေသောကြောင့် ဘာမှမမြင်ရတော့ပေ။ အချို့နေရာတို့ကား သမိုင်းသာရှိ၍ မျက်မှောက်မှာ သက်ဝင်လှုပ်ရှားမှု မရှိသောကြောင့် စာရေးသူက အသေးစိတ်ကို မဖေါ်ပြတော့ပါ။
ထိုည ၉-နာရီမှာ ဗောဓိပင်ကို သွားရောက်ဖူးမြော်ဖို့ အစီစဉ်ရှိသေးသည်။ ထိုကြောင့် ကားဆရားအား ကျောင်းသို့ပြန်ရန် ညွန်ကြားလိုက်လေတော့သည်။
ဆက်လက်ဖေါ်ပြပါမည်….
posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ