Sunday, October 31, 2010

အဖေ့မှာတမ်း


အဖေ့မှာတမ်း
“ရောက်တဲ့အရပ်မှာ  ပျော်အောင်နေ။
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း။
ရတဲ့ဟာနဲ့ ၀အောင်စား။
ရှိတာလေးနဲ့ လှအောင်ဝတ်။
ခွေးဟောင်တိုင်း ထမကြည့်နဲ့
အထက်ပါ ဆိုရိုးစကားလေးသည် မည့်သည့်ပညာရှင် မည်သူ၏မူပိုင်နှုတ်ထွက်စကားတော့ စာရေးသူ မသိပါ။ သို့သော် စာရေးသူဘ၀မှာ လက်တွေကျင့်သုံးခဲ့သော အဆိုအမိန့်များ ဖြစ်ခဲ့ပါသည်။ ဤအဆိုအမိန့်လေးကို စာရေသူ၏ အဖေက မြို့ပေါ်သို့ ပညာသင်သွားရောက်မည့် အကျွန်ုပ်အား သွားခါနီး မှာကြားလိုက်သည်ကိုတော့ ယနေ့တိုင် ကြားယောင်နေမိပါသည်။ အဖေ့မှာကြားချက်အတိုင်း လက်တွေ့လည်း ကျင့်သုံးနေမိခဲ့ပါသည်။ အဖေတစ်ယောက်၏ မေတ္တာ၊ ကရုဏာ၊ အဖေတစ်ယောက်ရဲ့စေတနာများစွာဖြင့် ကြင်ကြင်နာနာဂရုတစိုက် မှာကြားခဲ့၊ ဆုံးမခဲ့သည်ကိုတော့ ကျွန်ုပ် အကြွင်းမဲ့ ယုံကြည်နေမိသည်။
ထိုအချိန်က ကျွန်ုပ်သည် အသက် ၁၆-နှစ်သာသာ ရှိပေသေးသည်။ ၁၉၉၂-နှစ်မှာ တစ်ခါမှမရောက်ဘူးသော အဖေါ်တစ်ယောက်နှင့်အတူ စာရေးသူသည် ရန်ကုန်မြို့ကြီးသို့ စတင်ရောက်ရှိလာခဲ့ပါ၏။ ကျွန်ုပ်အကြောင်းကို ဒီမှာတင် ရပ်လိုက်ကြပါစို့။ စာဖတ်သူများ စာရေးသူ၏အကြောင်းကို ဖတ်ရလျှင် ငြီးငွေ့သွားပါလိမ့်မည်။ နောက်ပိုင်းမှာ ခရီးသွားဆောင်းပါးရှည် ပိုစ့်များရေးဖို့ ရည်ရွယ်ထားပါသည်။ အခုတော့ အချိန်နှင့် နေရာ အတည်မကျသေး၍ စာဖတ်သူများ သည်းခံစောင့်စားပါရန် မေတ္တာရပ်ခံပါသည်။
ပညာသင်သွားမည့် သားတော်မောင်အား ပညာကြိုးစားသင်အောင် မမှာကြားဘဲ ဘ၀နေထိုင်နည်းကိုသာ အဖေမှာကြားခဲ့သည်။ ထို့ကြောင့် ပညာသည် လူတစ်ဦးတစ်ယောက်အတွက် ဘ၀မှာ အရမ်းလိုအပ်နေပြီး အဓိကနေရမှာ ရှိနေပါသလား….။ အဖေသည် အဖေ့မှာ ပညာဘယ်လောက်ရှိသည်ကို ကျွန်ုပ် မသိပါ။ သို့သော် အဖေမှာလိုက်သော နောက်ဆုံးစကား “ရည်ရွယ်ချက်တွေ မပျောက်စေနဲ့” ကို ဟိုတုန်းက နားလည်သလိုလိုနှင့် အပြည့်အ၀ သတိမထားးခဲ့မိပါ-ဟု ၀န်ခံရပေမည်။ ပညသင်ပြီး ဘွဲ့၊ ဒီဂရီများပိုင်ဆိုင် ရရုံမျှဖြင့် လောကမှာ အောင်မြင်းတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပီလား…။ လက်တွေ့ဘ၀မှာ ပျော်ရွင်ချမ်းမြေ့စွာ နေနိုင်ဖို့ လူမှုဘ၀ ပေါင်းသင်းဆက်ဆံနည်းနှင့် ဘ၀နေထိုင်နည်းကိုလည်း လေ့လာမှတ်သား လိုက်နာကျင့်သုံးရပေအုံးမည်။ ထို့ပြင် လူအများကြီးနှင့် သိကျွမ်းမိတ်ဆွေဖွဲ့ပီး ပေါင်းသင်းဆက်ဆံနေရုံမျှဖြင့် ဘ၀မှာ အောင်မြင်သွားပီလား…။ စီးပွါးရေး ဒလဟောတိုးတက်လာပီး စည်းစိမ်ဥစ္စာများ ပြည့်စုံလျှံအပယ်ဖြစ်လာလျှင် ဘ၀မှာ အောင်မြင်သွားပြီလား…။ ပန်းတိုင်ဆိုတာ ရှိရပါသည်။ ရည်ရွယ်ချက် ရှိရှိ မဖြစ်ဖြစ်အောင်၊ မရောက် ရောက်အောင် သွားရမည့် ပန်းတိုင် ရှိရပါမည်။ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ နှလုံးသွင်းထားရမှာက “ငါ ဒီတောင်ကို ကျော်နိုင်တယ်” ဆိုတာပါပဲ။
ထိုပန်းတိုင်ကို ရောက်ဖို့ သွားနေစဉ်မှာ သူများယောင်လို့ ကိုယ်မယောင်မိဖို့လည်း သတိရှိရသည်၊ ဂရုစိုက်ရပေမည်။ ယောင်ရင် ကြောင်မည်။ ကြောင်ရင် ပန်းတိုင် ပျောက်ပြီ။ ထိုကြောင့် “ခွေးဟောင်းတိုင်း ထမကြည့်နဲ့” ဟု အဖေက ဥပမာနှင့် ဆုံးမမှာကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဥပမာက ရိုင်းတယ်လို့ မမှတ်ယူစေခြင်ပါ။ အီဒီယမ်အသုံးအနှုံးဟု မှတ်ယူသင့်ပါသည်။ ညညဆို အိပ်ကောင်းတုံး ခွေးဟောင်ပါက အိပ်ရေးပျက်သည်။ သူများက ဟိုသင်တန်း တက်ပီတဲ့” ဟိုကောင်းက ဘယ်ဘာသာ ပြောင်းယူသတဲ့”စသည်စသည် သူများယောင်လို့ လိုက်ပြီးတော့ ယောင်တောင်တောင် မလုပ်ဖို့ ဆိုလိုပါသည်။ အခုအချိန်မှာတော့ ဟိုအဖွဲ့ မဲပေးပါလား၊ ဒီပုဂ္ဂိုလ်ပဲ မဲထည့်သင့်တယ်”စသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ယုံကြည်ချက် ယောင်တောင်တောင် ဖြစ်နေသလိုမျိုးကို ဆိုလိုပါသည်။ အင်္ဂလိပ် အီဒီယမ်မှာ go to the dog= ငါးပါးမှောက်တယ်၊ ပျက်စီးသည်။ dog eat dog= ဇာတ်တူသားစားသည်။ dog days=တစ်နှစ်တာ အပူဆုံးကာလ။ not have a dog’s chance= မျှော်လင့်ချက်မဲ့၊ အခွင့်အလမ်းပျောက်။ ထိုကြောင့် သူများယောင်လို့ လိုက်မယောင်ပဲ ရည်ရွယ်ထားသော ပန်းတိုင်သို့ တည့်တည့်မတ်မတ် ခရီးဆက်ဖို့ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ “ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ပါ” ဟု တိုက်တွန်းခြင်ပါသည်။
ကိုယ့်မှာ မပြည့်စုံသေးသည့်ကာလ ဥပမာ ပညာသင်နေချိန်၊ စီးပွါးစလုပ်ချိန်၊ စတင်အရင်းအနှီးထည့်ဝင်ချိန် စသည့်အချိန်များ၌ စားစရာ၊ ၀တ်စရာ နေစရာ ဆင်းရဲနိုင်ပါသည်။ ထိုကာလမျိုးမှာ ရှိတာလေးနဲ့ လှအောင် ၀တ်တတ်၊ ဆင်တတ်၊ ပြင်တတ်ရပေမည်။ “လူမှာအ၀တ်၊ တောင်းမှာ အကွပ်” ဆိုသည့်အတိုင်း အသစ်အဆန်း၊ မလှပသည့်တိုင် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်တတ်ပါက သူတစ်ပါး အထင်အမြင် သေးခြင်းမှ ရှောင်လွဲနိုင်ပါသည်။ သူများအထင်မသေးသည့်အတွက် စိတ်ဓာတ်တွေလည်း ခိုင်မာလာကာ ယုံကြည်ချက်အတိုင်း ဆုံးဖြတ်နိုင်သဖြင့် အောင်မြင်သောသူတစ်ယောက်အဖြစ် လမ်းစပွင့်စေသည်။
အစားအသောက်အတွက်လည်း အာရုံစိုက်ရသည်။ အဟာရမပြည့်ဝလျှင် အားနည်းသဖြင့် စိတ်ထင်တိုင်း မလုပ်နိုင်။ သဗ်ဗေ သတ္တာ အဟာရဋ္ဌိတိကာ= သတ္တ၀ါတိုင်း အဟာရပေါ်မှာ မှီခိုနေရပါသည်။ သို့သော် “ဥစ္စာဖြို စားဖိုက” ဟူသော ဆိုရိုးစကားအတိုင်း ပိုက်ဆံကနည်းနည်း စားချင်တာက Hotel food ဟိုတယ်စာ ဆိုတော့ ဟိုစရိတ် ဒီစရိတ် ပေးရတာနှင့် မလောက်ငှပဲ ဗျာများတတ်သည်။ ထိုကြောင့် ရှိတာလေးနဲ့ ၀အောင်စားပီး ယခုရောက်ဆဲ မိမိဘ၀ကို ကျေနပ်နှစ်သိမ့်ရပေမည်။ မပြည့်စုံသေးတဲ့အချိန်မှာ နှလုံးသွင်းရမှာက “ဘာပဲ ဖြစ်ဖြစ် စိတ်မညစ်နဲ့” ဆိုတာပါပဲ။
လူမှုဘ၀သည် တစ်ဦးတစ်ယောက်တည်း ရုန်းကန်လှုပ်ရှား၍ အဆင်မပြေနိုင်ပေ။ နေ့စဉ်ဘ၀မှာ တစ်နည်းနည်းဖြင့် ပေါင်းသင်းဆက်ဆံနေထိုင်ကြရပေသည်။ ထို့ကြောင့် တွေ့တဲ့သူနှင့် အဆင်ပြေအောင် ပြောဆိုဆက်ဆံရပေသည်။ မိမိဘက်ကတော့ ရိုးသားရပေမည်။ ကိုယ်တိုင်ပေါင်းကြည့်မှ သိတတ်သည်။ သို့သော် သူ့စည်းကိုယ့်စည်း ရှိတတ်သည်။ သူငယ်ချင်းဆိုပေမယ့် သူ့ဂွင်ကို ကွက်ကျော်မရိုက်မိဖို့ စောင့်ထိမ်းတတ်ရသည်။ အသိပေးသင့်တာကို သိစေသည်မှတပါး ကိုယ့်ရည်းစားဆိုပြီး သူများကို လိုက်ကြွားရန် အခွင့်အရေးမရှိပေ။ ပေါင်းသင်းဆက်ဆံနည်း စာအုပ်များလည်း ဖတ်ရမည်။ ဥပမာအားဖြင့် (ဒေးလ်ကာနက်ဂျီ၏ စားအုပ်၊ ဦးနု ဘာသာပြန်) မိတ္တဗလဋီကာသည် လူမှုဘ၀ဆက်ဆံရေးအတွက် ကောင်းမွန်သောနည်းစနစ်များ ပါရှိသည်။ အများနှင့် ဆက်သွယ်တဲ့အခါမှာ “ရိုးသားခြင်းရဲ့ ဂုဏ်သိက္ခာကို ငွေနဲ့ဝယ်လို့မရ”ဆိုတာကို သတိရပေးပါ။
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဖို့ အရမ်းကို အရေးကြီပါသည်။ အများအားဖြင့် မိသားစုနှင့်အတူ အနေများသူကား အကြောင်းကြောင်းကြောင့် အဝေးတစ်နေရာမှာ တစ်ယောက်တည်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ နေနေရပြီဆိုရင် အိမ်လွမ်းဝေဒနာ ခံစားရတတ်သည်။ အပေါင်းအဖေါ် သူငယ်ချင်းများနဲ့ အနေများသူများကလည်း သူငယ်ချင်းများကို လွမ်းနာကျတတ်သည်။ အဆိုးဆုံးကတော့ မိမိချစ်သူနှင့် အစိမ်းလိုက် ခွဲလိုက်ရတဲ့ နှလုံးသားဒဏ်ကို မခံနိုင်အောင် ဖြစ်ရတတ်သည်။ ထိုကဲ့သို့အခြေအနေမျိုးမှာ ပျော်အောင်နေဖို့ဆိုတာကိုတောင် မေ့နေတတ်သည်။ မိမိကိုယ်တိုင်ပျော်နေမှ အရာအားလုံးဟာ လှပနေမှာဖြစ်သလို လုပ်သမျှဟာလည်း လွယ်ကူစွာအောင်မြင် ပြီးမြောက်နိုင်မှာပါ။ ပျော်အောင်နေတတ်ဖို့ဆို “အကောင်းမြင်ဝါဒ” ရှိရပါသည်။ အရာရာကို အကောင်းဖက်က မျော်လင့်ထားရသကဲ့သို့ အဆိုးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ လုပ်သလို မဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်တတ်ရပေမည်။ ဖြစ်သလိုလုပ်တယ်-ဆိုတာက ဖြစ်ကတတ်ဆန်း ပေါက်တတ်ကရလုပ်ခြင်းကို မဆိုလိုပါ။ လုပ်နိုင်သမျှ အမှားအယွင်း နည်းနိုင်သလောက်နည်းအောင် လုပ်ခွင့်ရှိတဲ့ အချိန်လေးမှာ အကောင်းဆုံးလုပ်သွားဖို့ ဆိုလိုခြင်း ဖြစ်ပေသည်။ မိမိအလုပ်အပေါ် စိတ်ဝင်းစားနေခြင်းသည်လည်း ဘယ်နေရာရောက်ရောက် ပျော်အောင်နေတတ်ခြင်း ဆေးတစ်နည်းပင် ဖြစ်သည်။ အဓိကနှင့် သာမညကို ခွဲခြားနားလည်ထားရပေမည်။ မလုပ်မနေရ၊ လုပ်မှဖြစ်မယ့်အရာသည် အဓိက-ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် မိမိရည်မှန်းထားသည် ပန်းတိုင်သည် အဓိကနေရာမှာ ပါဝင်ပါသည်။ လုပ်သင့်မှ လုပ်၊ မလုပ်ဘဲ နေလို့ရနိုင်သေးတဲ့ အရာများကား သာမညအလုပ်များ ဖြစ်ပေသည်။ အရေးမကြီသောအလုပ်၊ အချိန်ပိုရှိပါက ပန်းတိုင်နှင့် လမ်းလွဲနေသောအလုပ်များကို ၀ါသနာအလျှောက် လုပ်နိုင်ပါသည်။ ဆရာတ်ေကြီးတစ်ပါး ဆုံးမဖူးသည်။ “အများနဲ့အတူနေစဉ်မှာ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားရတယ်ကွ၊ သို့မှသာလျှင် တစ်ယောက်တည်း နေထိုင်ရတဲ့အခါ နေတတ်သွားပီ”။ တစ်ယေက်တည်း နေတိုင်း အထီးကျန်တယ်လို့ မဆိုနိုင်ပေ။ အများက ကိုယ့်ကို ကျဉ်ဖယ်ထား၍ အများထဲနေသော်လည်း အဖက်လုပ်မယ့်လူ မရှိမှသာ အထီးကျန်ခြင်းဟု ဆိုနိုင်ပါသည်။ ထိုကြောင့် တစ်ယောက်တည်း နေတဲ့အချိန်မှာ နှလုံးသွင်းရမှာက “အောင်မြင်မှုတွေ ရလာရင်၊ ပင်ပန်းမှုတွေ ပျောက်သွားမှာ” ဟူ၍ ဖြစ်ပါသည်။
တစ်ချိန်က အဖေဆုံးမခဲ့သော စကားလုံးများကို စိတ်ထဲမှာပေါ်လာသော အတွေးလေးအတိုင်း စာဖတ်သူများအား မ၀ံ့မရဲချပြလိုက်ခြင်း ဖြစ်ပါသည်။ အထက်ပါတင်ပြချက်များနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။ အမှားတစ်စုံတရာပါကလည်း ဝေဖန်ထောက်ပြ အကြံပြုနိုင်ပါသည်။ စာဖတ်သူများအနေဖြင့် ပါလိပါဒ်သား အထောက်အထားမပါသဖြင့် ဆားမပါသော ဟင်းကဲ့သို့ စာဖတ်ရတာ ပေါ့သွပ်သွပ်မလေးနက်ဘဲ ရှိချင်ရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ အချိန်ပေးကာ လာရောက်လည်ပတ်သော စာဖတ်ပရိတ်သတ်အား အတွေးတစ်စုံတရာ ပြန်ပါသွားရင်ဖြင့် ကျေနပ်နေမှာပါ။ အားလုံးကို ကျေးဇူးတင်လျက်………….။
 
posted by dhammasami08

Tuesday, October 26, 2010

သီလရနံ့၊ ပန်းရနံ့


The Teaching of The Buddha

The scent of flowers cannot go against the wind; 
nor the scent of sandalwood, nor of rhododendron, nor jasmine (mallika); 
only the reputation of good people can go against the wind. 
The reputation of the virtuous ones (sappurisa) is wafted a broad in all directions.

လေဆန်သွားသော ပန်းရနံ့ဆိုတာ မရှိပါ၊
စန္ဒကူးနံ့ တောင်ဇလပ်ပန်းနံ့ စံပယ်ပန်းရနံ့လည်း ထို့အတူပါ။
သူတော်ကောင်းတို့၏ ဂုဏ်သတင်းရနံ့ကား လေဆန်တက်၍ သွားနိုင်သည်သာ။
အရပ်မျက်နှာဟူသမျှ၌ သူတော်ကောင်းသတင်း မွှေးပျံ့သင်းကြိုင် ရနံ့လှိုင်ပေတာ။

There are the scents of sandalwood, rhododendron, 
lotus and jasmine (vassika);
but the scent of virtue surpasses all scents.

စန္ဒကူး၊ တောင်ဇလပ်၊ စံပယ်ပန်းတို့ကား မွှေးကြိုင်သဖြင့် အခြားပန်းတို့ထက် သာလွန်မြတ်နိုးဘွယ်ရာပင်။
သို့သော်ကား စန္ဒကူးရနံ့၊ စံပယ်ပန်းရနံ့တို့ မြတ်နိုးဘွယ်ကောင်းခြင်းထက် သီလ(ကိုယ်ကျင့်တရား) တည်းဟူသော ဂုဏ်သတင်းရနံ့သည် အလွန်မြတ်ပေတာ။

The scents of rhododendron and of sandalwood are very faint;
 but the scent (reputation) of the virtuous is the strongest;
it spreads even to the abodes of the Devas. (Loads of Buddha, Dhammapada)

တောင်ဇလပ်၊ စန္ဒကူးရနံ့ကား လေညှင်းဆောင်သဖြင့် အထက်သို့ အနည်းငယ်သာ တက်ရောက်နိုင်၏။
သီလ(ကိုယ်ကျင့်တရား) ဂုဏ်သတင်းရနံ့ကား အထက်ဘုံနတ်ပြည့်သို့တိုင် ကျော်လွန်လျက် သင်းပျံ့မွှေးကြိုင်၏။     (ဓမ္မပဒ၊ ဂါထာနံပါတ်-၅၄-၅၅-၅၆)

posted by dhammasami08

Saturday, October 23, 2010

Gtalk မှာ ငွေဈေးနှုံးသိနိုင်


 မြန်မာနိုင်ငံအတွင်းမှာ တနေ့တာ လည်ပတ်နေတဲ့ ရွှေဈေး၊ ငွေဈေး အပြင်
ကမ္ဘာ့ရွှေဈေး၊ တို့ကို Gtalk တွင် Bolt တစ်ခုအဖြစ်
ထည့်သွင်းကြည့်ရှုနိုင်ပါပြီ။


Gtalk တွင် Add လုပ်ထားရမည့် Bolt Address မှာ - ( myanmar.exchange@gmail.com ) ဖြစ်ပါတယ်။ မကြာသော အချိန်အတွင်းမှာဘဲ Accepted ဖြစ်သွားပါမယ်။


လုပ်နည်းမှာ= myanmar.exchange@gmail.com ဒါလေးကို ကော်ပီကူးပီ G-talk မှာ Add လုပ်ပေးရုံသာ။

G. Talk ရှိ Myanmar.Exchange Bolt တွင် သိချင်တာကို အောက်ပါနည်းလမ်းအတိုင်း ရိုက်ထည့် မေးမြန်းနိုင်ပါသည်။

" FEC " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ FEC ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" USD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ US Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" SGD " လို့ ရိုက်ထည့်ပါက ရန်ကုန်ဈေးကွက်အတွင်းရှိ Singapore Dollar ဝယ်ဈေး၊ ရောင်းဈေး တွေကို ဖော်ပြပေးမှာပါ။

" exchange " လို့ ရိုက်ထည့်ပါက မြန်မာနိုင်ငံအတွင်းရှိ ( FEC, USD, SGD,
CNY, INR, THB, MYR ) စသည်တို့၏ တနေ့တာ Exchange Rate တွေကို မြန်မာ
ကျပ်ငွေဖြင့် ဖော်ပြပေးမှာပါ။

" World Dollar " လို့ ရိုက်ထည့်ပါက ကမ္ဘာ့ဒေါ်လာဈေးကွက်တွင် ဖြစ်ပေါ်နေသည့် Exchange Rate ကို ဖော်ပြပေးမှာပါ။

" Gold " လို့ ရိုက်ထည့်ပါက ရန်ကုန် ရွှေဈေး၊ မန္တလေး ရွှေဈေး၊ ကမ္ဘာ့ ရွှေဈေး တွေကို ဖော်ပြပေးမှာပါ။

" Time " လို့ ရိုက်ထည့်ပါက မြန်မာ့ စံတော်ချိန်ကို ဖော်ပြပေးမှာပါ။

" About " လို့ ရိုက်ထည့်ပါက ဤ ဝန်ဆောင်မှုကို Service ပေးသည့် အဖွဲ့၏ ဆက်သွယ်ရန် လိပ်စာကို တွေ့ရမှာပါ။

" Help " လို့ ရိုက်ထည့်ပါက myanmar.exchange Bolt တွင် မည်သို့ ရိုက်ထည့် ရှာဖွေနိုင်သည်ကို လမ်းညွန်ပေးသည့် Guide ကျလာပါမည်။

ဤ ဝန်ဆောင်မှုကို -
Soft-Gate Technology Group
Building(E), Room-506, 5th Floor,
Aung Chan Thar Housing,
East Shwe Gon Daing Street,
Bahan Township, Yangon, Myanmar
Phone: 01555466, 095024061, 0173081488
Email : softgate.myanmar@gmail.com, realtime.information@gmail.com
အဖွဲ့က ပြုလုပ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။

တနေ့တာ မြန်မာ့ ရွှေဈေး၊ ငွေဈေး တွေကို အခုလို လွယ်လွယ်ကူကူသိနိုင်အောင် ပြုလုပ်ဖန်တီးပေးသည့် Soft-Gate Technology Group
ကို အထူးပင် ကျေးဇူးတင်ပါတယ်လို့ ဤနေရာမှ ပြောချင်ပါတယ်။ ဤ Service
ဝန်ဆောင်မှုကိုလည်း Soft-Gate Technology Group မှ တစ်သက်တာ ဖရီး ( Free )
ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ အိုင်တီမန်း(မန္တလေး)

တိုက်ရိုက်ဖတ်ရှုလိုသူများ ဒီနေရာ တွင် ကလစ်၍ သွားရောက်ကြည့်ရှုနိုင်ပါသည်၊

မှတ်ချက်။      ။ မြန်မာအားလုံး သိထိုက်၊ သုံးစွဲသင့်သောကြောင့် ပြန်လည် မျှဝေလိုက်ပါသည်။


Wednesday, October 20, 2010

ပညာရှိ ဖြစ်ချင်သည်


ပညာရှိ ဖြစ်ချင်သည်

I know that is I know nothing
    ၁၉-၁၀-၂၀၁၀- ရက်နေ့က “ဦးပေါ်ဦးလျှောက်ထုံး” အမည်ရှိ စာအုပ်လေးတစ်အုပ် ဖတ်လိုက်ရသည်။ “ဦးပေါ်ဦး”ဆိုသည်မှာ ရှေးဘုရင်မင်းများလက်ထက်က အထင်ကရ ပညာရှိအမတ်ကြီးတစ်ဦးဖြစ်ကြောင်း စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါသည်။ ၎င်းစာအုပ် စာမျက်နှာ (၂၄၉)၌ မိုးတားစားအမတ်ကြီးနှင့် ပတ်သက်၍ ဦးပေါ်ဦး၏လျှောက်ကြားချက်သည် မှတ်သားဖွယ်ရာဖြစ်သည်။
          တရံသောအခါ ဘ၀ရှင်မင်းတရားကြီးသည် အမတ်ကြီးဦးပေါ်ဦးအား မိန့်ကြားသည်မှာ “မင်းကြီး.. မိုးတားစားအမတ်ကြီးသည် ပညာဂုဏ်ဖြင့် လွန်စွာမာန်စွယ်ပြသည်-ဟု ထင်တော်မူတယ်။”ဟု မိန့်တော်မူ၏။ ထိုအခါ အမတ်ကြီးဦးပေါ်ဦးက တင်လျှောက်သည်မှာ “ဘုန်းတော်ကြောင့် ဘုရားကျွန်ဝန် တင်ဦးအံ့၊ မိုးတားစား၌ ပညာတည်းဟူသော အမြီးပေါက်ခြင်းသည် ဥပမာဆိုသော် ခွေးများမှာ ပေါက်သောအမြီးနှင့်တူ၏။ အခြားသူတို့၌ ပေါက်သော ပညာတည်းဟူသော အမြီးမှာ ဆင်၊ မြင်း၊ ခြင်္သေ့စသော သတ္တ၀ါတို့၌ ပေါက်သော အမြီးနှင့်တူ၏။ အဘယ်ကြောင့်နည်း ဟူမူကား- ဆင်၊ မြင်း စသည်တို့၌ ပေါက်သောအမြီးသည် မှက်၊ ခြင်၊ ယင်တို့ကိုလည်း ခြောက်ရသည်။ မိမိတို့၏အဂါင်္စပ်ကိုလည်း ဖုံးလွှမ်းရသည်။
          ခွေး၌ပေါက်သော အမြီးမှာ မှတ်၊ ခြင်၊ ယင်စသည်တို့ကိုလည်း မခြောက်ရ၊ မိမိအင်္ဂါစပ်ကိုလည်း မဖုံးလွှမ်းရ၍ မလုံဘဲ ရှိချေသည်။
          ထို့အတူ မိုးတားစားသည် ပညာဖြင့် လုံလောက်သူမှန်ပါလျက် မိမိအရှက်ကိုလည်း မဖုံးလွှမ်း၊ သူတစ်ထူးတို့မှ လာလတ္တံ့သော အရေးကိုလည်း ကာကွယ်တာဆီးခြင်းကို မပြုနိုင်သည့်အပြင် ခွေး၏အမြီးကဲ့သို့ ပညာတည်းဟူသော မာန်မြီးကို တထောင်ထောင်နှင့် နေခြင်းသည် ပညာရှိတို့ ရယ်ဘွယ်ရာသာ ဖြစ်ပါကြောင်းကို ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား” ဟူ၍ တင်လျှောက်လျင် ဘ၀ရှင်မင်းတရားကြီးနှင့် တကွသော မင်းပရိသတ်တို့သည် လွန်စွာရယ်မောကြကုန်၏။
ဤသည်ကား စာအုပ်ပါစာသားအတိုင်း ကော်ပီရေးပေးလိုက်ပါသည်။ အထက်ပါ ဦးပေါ်ဦး၏ လျှောက်လဲချက်များသည် ယခုခေတ်ပညာတတ်ဟု ဆိုသူများ၊ တစ်နည်းအားဖြင့် မိမိမူရင်းနာမည်နောက်တွင် B.A, M.A, Ph.D, လင်္ကာရ၊ ဘိဝံသ၊ ဓမ္မာစရိယဘွဲ့၊ ဒီဂရီအသီးသီး ချိတ်ဆက်ထားသူများ သတိထားဖွယ်ရာ၊ မှတ်သားဖွယ်ရာ အလွန်ပင်ကောင်းပေသည်။
ပညာမာန-ပညာတည်းဟူသောမာန်သည် လူသားတို့အား အလွန်းပင် အန္တရာယ်ပေးသည့်အပြင် ထိုသူတို့အတွက် အလွန်လည်း ကြောက်စရာကောင်းပေသည်။ ပညာရှိ လူမိုက်နှင့် ပေါင်းသင်းဆက်ဆံရခြင်းသည် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မူများသာ ဆုံးရှုံးနိုင်ပြီး၊ ပညာမတတ် လူမိုက်များနှင့် အကျွမ်းဝင်သူများကား အသက်ပါဆုံးရှုံးခြင်းသို့ ရောက်နိုင်သည်။ သို့သော် အထက်ပါ ပုဂ္ဂိုလ်နှစ်မျိုးလုံးနှင့် ပေါင်းသင်းဆက်ဆံမည့်အစား ပညာတတ် မာန်ဟုန်တက်နေသော ပုဂ္ဂိုလ်နှင့် အကျွမ်းဝင်ထားပါက တော်ပေသေး၏။ ဆရာတော်တစ်ပါက ပြောဖူးသည်။ “ဟေး..လောကမှာ ပညာတတ်မှကွ။ ပညာမတတ်ရင် ဥစ္စာရှိရမယ်ကွ။ သို့မဟုတ် အာဏာရှိရမယ်ကွ။” ဆိုလိုသည်မှာ အထက်ပါ သုံးမျိုးထဲမှ တစ်ခုခုတော့ ရှိရမည်။
အာဏာဘယ်လောက်ပင် ရှိရှိ ပညာတတ်ကို မှီခိုအားကိုးရသေးသည်။ ထို့အပြင် ဥစ္စာမည်သို့ပင် ရှိပစေ ပညာနည်းပါးခဲ့လျှင် ပစ္စည်းဥစ္စာတို့သည် ကြာမြင့်စွာ မတည်မြဲနိုင်ပေ။ ပညာသည် အခရာဖြစ်သည်။ ပညာသည် ပေါင်းကူးပေးသည်။ အာဏာတည်မြဲအောင်၊ ဥစ္စာတိုးပွါးအောင် ပညာဖြင့် ထိမ်းချုပ်ရသည်။ ထို့ကြောင့် ထင်ပါသည် ပညာတတ်များဟာ အလွန်ခေါင်းမာသည်-ဟု ဆိုကြသည်။ သုံးမျိုးတွင်းမှ တစ်ပါးပါး ယွင်းခဲ့သော် ထိတ်တန်းမှာ မရပ်တည်နိုင်ပေ။
ထို့ကဲသို့ အလွန်ပင် အရေးပါသောကြောင့် မည်သူမဆို ပညာရှာရလေသည်။ “ပညာရွှေအိုး လူမခိုး” ဟုပင် ဆိုရိုးရှိသည်။ “ပညာရဲရင့် ပွဲလယ်တင့်” “ပညာလို အိုသည်မရှိ” ပညာရှာ ပမာသူဖုန်းစား” စသည့်စသည် ပညာရှာခြင်းနှင့်စပ်လျှဉ်း၍ ဆိုရိုးစကား အများအပြားပင် ရှိပေသည်။ ပညာကို ရွှေအိုးနှင့် တင်းစားသည်။ ထိုကြောင့် ပညာသည် ဥစ္စာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာတည်းဟူသော ဥစ္စာကို လုယက်ခိုးယူ၍ မရ-ဟုဆိုသည်။ သို့သော် ထိုပညာ ခိုးယူမည့်သူကား ရှိနေသည်။ မည်သူနည်း။ မာန်မာနတရားပင် ဖြစ်ပေသည်။ ပညာရှိဖြစ်လျှက် မာနဟုန် လျှံတက်က ရှက်ဖွယ်ရာ ဖြစ်ကြောင်း ဦးပေါ်ဦးက ဥပမာနှင့်တကွ ပြောခဲ့သည်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း “ပိဋကတ်အစွယ်ထောင်လျှင် အပါယ်ဘောင် ဆင်းရလိမ့်လေး”ဟူ၍ ဒွေးချိုးကြီးဖြင့် ဆုံးမခဲ့သည်။ အစွယ်သည် မာန်မာနတရားကို ဆိုလိုပါသည်။ ပိဋကတ်တတ်သည်။ ဘုရားအဆုံးအမများ ကျင့်သုံးသည်။ သို့သော် ပညာမာန်ဟုတ် တောက်နေသော်ကား အဘယ်မှာ ကျင့်သုံးလေသနည်း။ အဘယ်ကဲ့သို့ ပိဋကတ်စာပေ တတ်ကျွမ်းသနည်း။ စဉ်စားသင့်ပေသည်။ “စာမှာမတတ်၊ ကိုယ်မှာတတ်၊ ဂဟကိုက်တတ်သည်” ဟူသော အဆိုလေး ကြားဖူးပါသည်။ ပညာမတတ်ဘဲ သညာသိဖြင့် တတ်မြောက်ခြင်းကား တဏှာ၊ မာန၊ ဒိဋ္ဌိတရားများ လွမ်းမိုးခံရပြီး သူတစ်ပါး အော့နှလုံးနာခြင်းကို ခံရတတ်သည်။ အဆံပြည့်သော ဆန်စပါးသည် အောက်သို့ ညွတ်ကျနေသည်။ ထို့အတူ ပညာတတ်၍ အနှစ်ပြည့်သော ပညာရှိသည် မိမိကိုယ်ကိုယ် နှိမ့်ချကြသည်။ ရေမပြည့်သော အိုသည် ဘောင်ဘင်ခတ်လေသည်။ ထို့အတူ ပညာတတ်ယောင်ကားသူတို့သည် မာန်အဟုတ်အစွမ်း ပြခြင်ကြလေသည်။ ပိဋကတ်တော်လာ ”အဓိမာန“သည် တရားလုပ်နေသော ယောဂီများအတွက် အလွန်ပင် အန္တရာယ်ပေးပါသည်။ အဓိမာနဟူသည်မှာ မိမိကိုယ်ကိုယ်အလွန်အကဲ အထင်ကြီးခြင်းကို ဆိုပါသည်။ မိမိ၌ မဂ်၊ ဖိုလ်မရသေးဘဲ ရနေပြီဟု အထင်ရောက်တတ်သည်။ ထိုကြောင့် တရားအားထုတ်သော ယောဂီသည် အလွန်ရိုးသား၍ ကြိုးစားရန် လိုအပ်ပါသည်။
မာနသည် မကောင်းမှုအကုသိုလ်တွင် အကျုံးဝင်ပေသည်။ မာနဟူသည်မှာ- မှတ်ထင်းခြင်း၊ အထင်ရောက်ခြင်း၊ ခက်ထန်ခြင်း သဘောရှိပေသည်။ မာနသည် နှိုင်းယှဉ်တတ်သည်။ ချိန်ခွင်သည် အလေး၊ အပေါ့ ချိန်ဆသကဲ့သို့ မာနသည် ဂုဏ်တု ဂုဏ်ပြိုင်တတ်သည်။ အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ အရဟတ္တ၀ဂ္ဂ၊ အရဟတ္တသုတ်၌ မာန (၆)မျိုးကို ဘုရားရှင် ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ (၁)မာန- ဇာတ်အနိမ့်၊ အမြင့်ခွဲခြားခြင်း၊ (၂) သြမာန- သူတစ်ပါးကို နိမ့်ချမှတ်ထင်ခြင်း၊ (၃)အတိမာန- မိမိကိုယ်ကို လွန်ကဲစွာအထင်ကြီးခြင်း၊ (၄)အဓိမာန- မရသည်ကို ရနေသယောင် အထင်မှားခြင်း၊ (၅)ထမ္ဘမာန- အမြစ်ဒေါသသဘောပါသော ခက်ထန်ကြမ်းကြုမ်ခြင်းနှင့် (၆)အတိနိပါတမာန- မိမိနိမ့်ကျသည်ကို စိတ်အားငယ်ခြင်း တို့ဖြစ်ကြသည်။
ထိုမာနကို သောတာပန်၊ သကဒါဂါမ်အရိယာပုဂ္ဂိုလ်များသည် မပယ်သတ်နိုင်သေးပေ။ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များသာ ပယ်သတ်နိုင်ပေသည်။
မာနသည် ပုထုဇဉ်ပုဂ္ဂိုလ်များအနေဖြင့် ထားသင့်သော မာန၊ မထားသင့်သော မာနဟူ၍ နှစ်မျိုး ရှိလေသည်။ ထားသင့်သောမာနမှာ “ငါသည် မကောင်းမှုကို မလုပ်၊ ငါလို ပညာတတ်၊ သိက္ခာရှိတဲ့သူ၊ အမျိုးမြတ်သူက အဘယ်ကြောင့် မကောင်းတာလုပ်မည်နည်း” စသော မာနသည် ထားသင့်သော သူတော်ကောင်းဆန်သောမာန ဖြစ်သည်။ မထားသင့်သောမာနမှာ- “သူကြင်မှ ကိုယ်ကြင်မယ်၊ ဂျင်းစိမ်းနှင့် မိဿလင်လိုပ၊ ဒို့က သူများမိုးခါးရေသောက်တော့ ဘာလုပ်တော့မလဲ လိုက်သောက်ရုံပေါ့”စသော စိတ်ဓာတ်မျိုးကား မထားသင့်သောမာနတရားများ ဖြစ်ကြပေသည်။ ပညာမာန်သည် လူသားတို့အား အလွန်ပင် ဒုက္ခပေးလေသည်။ ပညာရှိတို့၏သဘောမှာ မိမိပညာရှိကြောင်းကို မပြတတ်။ တီးမှ မြည်သော စည်ကဲ့သို့ ပြဿနာပေါ်လာမှ ပညာရှိကြောင်းကို သိစေသည်။ မိမိကိုယ်ကိုလည်း ပညာဖြင့် တင့်တယ်စေသည်။ သူတစ်ပါးတို့၏ အခက်အခဲကိုလည်း ပညာဖြင့် ဖြေရှင်းပေးနိုင်၍ လောကတစ်ခွင် သာယာစေသည်။
ပညာသည် သုံးမျိုးရှိလေသည်။ သုတမယပညာ၊ စိန္တာမယပညာ၊  နှင့် ဘာဝနာမယပညာတို့ ဖြစ်ကြသည်။  ကြားဖူးနားဝ၊ လေ့လာလိုက်စားသင်ကြား တတ်မြောက်ထားသော အတတ်ပညာသည် ပထမအဆင့် သုတမယပညာ ဖြစ်လေသည်။ သင်ကြားသမျှတွေကို အဖန်ဖန်ကြံစည်တွေးတောကာ သုံးသပ်သိရှိနားလည်သော အတတ်ပညာသည် ဒုတိယအဆင့် စိန္တာမယပညာ အဆင့်ဖြစ်လေသည်။ ကိုယ်တိုင်လုံးလ ကြိုးကုတ်အားထုတ်၍ ရလာသောအတွင်းသိဖြစ်၍ တတိယအဆင့် အဆင့်မြင့်သော ပညာသည် ဘာဝနာမယပညာ ဖြစ်ပါသည်။ ရှေးပိုင်း သုတမယပညာနှင့် စိန္တာမယပညာတို့သည် သညာသိဖြင့် တတ်မြောက်ထားသောကြောင့် ကိုယ်တိုင်ကိုယ်ကျ အထဲထဲဝင် မသိရှိပေ။ ကိုယ်ပိုင်မဟုတ်ပေ။ ဘာဝနာမယပညာသည်သာ ကိုယ်တိုင်ကိုယ်ကျ အားထုတ်ရ၍ အသိညာဏ်ထဲ မယွင်းမဖေါက် သဘာဝကျကျ သိထားသဖြင့် ကိုယ်ပိုင်ဆိုင်သော ပညာအစစ်သာ ဖြစ်လေသည်။ ထို့ကြာင့် ကိုယ်တိုင်ကိုယ်ကျ အသိညာဏ်တွင် ထဲထဲဝင် မသိသေးသမျှ ပညာရှိမဖြစ်နိုင်ပေ။ ဘာဝနာမယပညာကို ရရှိအောင် အားထုတ်ပြီးလျှင်ကား ပညာရှိအစစ် ဖြစ်လေတော့သည်။ မာန်မာနတည်းဟူသော အကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိတော့ပေ။ အကုသိုလ်အားလုံးကိုလည်း ပယ်သတ်နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့လည်း ကိုယ်ပိုင်အသိဖြစ်အောင် ကျိုးစားအားထုတ်၍ ကိုယ်ပိုင်အသိမရသေးခင်မှာလည်း မိမိ၊ သူတစ်ပါး အကျိုးများသော နောက်ဆက်တွဲ ဘွဲ့၊ ဒီဂရီများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း……………။

posted by dhammasami08

Saturday, October 16, 2010

ခရီးသည်

ပိုစ့်မတင်ဖြစ်တာ အလုပ်များနေလို့ပါ။ တစ်ပါတ်မှာ ပိုစ့်တစ်ပုဒ်တော့ တင်မယ်လို့ရည်ရွယ်ထားသည်။ သို့သော် လ၀က်ကျိုးသွားပြီ။ ဒီနေ့တော့ ပိုစ့်တစ်ပုဒ်ရေးဖြစ်သည်။ မြန်မာပြည်သို့ ပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက် လေယာဉ်ကွင်း လိုက်ပို့ပီးအပြန်ခရီးမှာ ကောင်းကင်ကို မော်ကြည့်ရင်း ခံစားမိတဲ့အတွေးများကို ချရေးမိခဲ့သည်။ ခံစားကြည့်ပါအုံး...။
 ခရီးသည် 


ညအခါ လသာသာ၊
တိမ်ကလေးတွေ သွားနေတာ၊
ကြယ်ကလေးတွေလည်း သွားလို့သာ၊
လေညှင်းလေးလည်း တိုက်ခိုက်လာ၊
ကောင်းကင်ပြင်ကို မော်ကြည့်ကာ၊
တွေးမိတဲ့ခဏတာ၊
အော်….ငါတို့တတွေလည်း ခရီးသွားတွေပါ။

လခြမ်းလေး ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
တိမ်ကလေးများ ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
ကြယ်ကလေးတွေ တော်တော်များ နုတ်မဆက်တော့ဘူးလား၊
လေညှင်းလေးလည်း ဘယ်ဆီများ နုတ်မဆက်တော့ဘူးလား။

နုတ်မဆက်တာ စိမ်းကားသလား၊
နုတ်ဆက်ပြန်တော့ လွမ်းကျန်မလား၊
သံယောဇဉ်များ သယ်ဆောင်မလား၊
နှောင်ဖွဲ့မှုတွေ တွယ်ကျန်သလား၊
အို…..ငါတို့ခရီးသွား..။

ဦးတည်ရာ ရည်ရွယ်ချက်တွေ ထားထားပါ၊
မလျှော့မတင်း ဇွဲမှန်မှန်ဖြင့် ဆက်သွားပါ၊
မုချတစ်နေ့ ပန်းတိုင်ဆီကို ရောက်နိုင်မှာ၊
လောကဓမ်တရား တွေ့ကြုံလာ အဲဒါ သဘာဝပါ၊
ရဲရဲတင်းတင်း ရင်ဆိုင်ပါ ခက်ခဲမှုတွေ ဆုတ်သွားမှာ၊
အားငယ်စရာ မရှိပါ အတွေ့အကြုံကို အသုံးပြုပါ၊
တစ်နေ့မုချ အောင်မြင်လာ ဘ၀အမောတွေ ပြေသွားမှာ၊
ငြိမ်းချမ်းခြင်းတို့ ရောက်လို့လာ ချမ်းသာမှုတွေထွေးပိုက်ကာ၊
လောကကောင်းကျိုး သယ်ဆောင်ပါ လူသားတို့ရဲ့တာဝန်ပါ၊
ဘ၀အနှစ်သာရများ တွေ့ရမှာ လူဖြစ်ရကျိုးနပ်သွားမှာ။

လောကကြီးဟာ ငြိမ်းအေးလာ ငါတို့ဘ၀တွေ လွတ်မြောက်ရာ၊
ခရီးကိုယ်စီ ထွက်လို့လာ ရောင်နီးဦးဆီ ရောက်ပြီကွာ။
ငါတို့များဟာ ခရီးသည်တွေမဟုတ်ပါလား…………………………..။…..။

လာရောက်မျှဝေခံစားသူများကို ကျေးဇူးအထူးတင်ပါသည်။

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၃)


လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၃)
ဘယ်အရာမဆို (အတွေးအခေါ်၊ အပြော၊ အလုပ်၊ =(ကံ-၃ ပါး) တစ်ဖက်စွန်းရောက်သွားလျှင် အလုံးစုံးပျက်သုံးခြင်းသို့ ရောက်လေတော့သည်။ ဂီတာကြိုးကဲ့သို့ တင်းလွန်းလျှင် ပြတ်တောက်သွားနိုင်သည်။ လျှော့ရဲရဲ ဖြစ်နေလျှင်လည်း လိုအပ်သော အသံ၏ပြည့်စုံခြင်းကို မရနိုင်ပေ။ အရမ်းကို ကြိုးစားလွန်းတော့ ၀ိရိယအားကောင်းသည်-ဟု ဆိုသည်။ ၀ိရိယချည်း ဘယ်လောက်ပဲအားကောင်းကောင်း သမာဓိ=စိတ်တည်ငြိမ်မှု မရလျှင် ပန်းတိုင်ကို မရောက်ပေ။ သမာဓိချည်း အရမ်းအားကောင်းတော့လည်း နှေးကွေးသည်။ မြန်မြန်ထက်ထက် မပြီး။ ထို့ကြောင့် ၀ိရိယနှင့် သမာဓိ ချိန်ခွင်လျှာ မျှတဖို့ လိုအပ်ပါသည်။ တွန်းအားနှင့် စူးစိုက်မှု ပေါင်းစပ်ဖို့ လိုအပ်ပါသည်။
အရှင်နန္ဒမထေရ် အရိယာပုဂ္ဂိုလ်ဖြစ်ခဲ့ပုံကို လေ့လာဆန်းစစ်ကြည့်လျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့ကြောင့် ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ Emotion- စိတ်ခံစားမှုချည်း အားသာချက်ရှိနေလျှင် အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပင် ခဲရင်းသလို လူထွက်သည့်အထိ အကျိုးသက်ရောက်သွားနိုင်သည်။ Intellect အသိညာဏ်ပညာဖြင့် ထိမ်းချုပ်ကာ မျှမျှတတ အားထုတ်တော့ အယူမှားစွဲခြင်းနှင့် သံသယတရားတွေ လွင့်ပျယ်ကုန်သည်။ အရှင်နန္ဒမထေရ်သည် သာမာန်ပုထုဇဉ်ဘ၀မှ အဆင့်ရှိသော အရိယာဘ၀သို့ တိုးတက်ဖွံ့ဖြိုးသွားခဲ့ရသည် ဟု ဆိုထိုက်သည်။ Emotion ကိုယ်စားပြု Compassion ကရုဏာတရားနှင့် Intellect ကိုယ်စားပြု Wisdom ပညာတရားများလည်း ထပ်တူ ဖွံ့ဖြိုးတိုးတက် သွားလေတော့သည်။
မှန်ပေသည်။ အကယ်၍ သူတို့နှစ်ခုသည် ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် လက်ရှိဘ၀၊ နောင်နောင်ဘ၀တွေမှာပါ ကောင်းမွန်သာယာလှပသော life style ကို မရရှိနိုင်ပေ။ ကရုဏာတရားမပါဘဲ ညဏ်ပညာချည်းသာ တိုးတက်ဖွံ့ထွားနေလျှင်လည်း ကျွန်ုပ်တို့သည် အတ္တကြီး ကိုယ်ကျိုးရှာသောပုဂ္ဂိုလ်များ ဖြစ်သွားပေလိမ့်မည်။ တစ်ဖန် အသိညဏ်ပညာမပါဘဲ ကရုဏာတရားချည်းသာ တိုးတက်ဖြစ်ထွန်းခဲ့လျှင်လည်း အကျွန်ုပ်တို့သည် ဘ၀တစ်လျှောက်လုံး ကိုယ့်ကိုယ်တိုင် ပျော်ရွင်နိုင်သလို ထိုအခိုက်မှာပဲ လောကကြီးကိုလည်း ဖျက်ဆီးရာရောက်နေပေလိမ့်မည်။ ကျွန်ုပ်တို့သည် ရုပ်ဝါဒီသမားများ ဖြစ်လာနိုင်စရာ ရှိပေသည်။ ထိုကရုဏာနှင့် ပညာ နှစ်မျိုးစလုံးကို အသုံမချတတ်သူများအတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘ၀မှာ ကရုဏာနှင့် ပညာနှစ်ခုစလုံး အလွန်ပင်အရေးတကြီးညီညွတ်မျှတဖို့ လိုအပ်ကြောင်း ရှု့မြင်သင့်ပါသည်။
အထက်ပါ ကရုဏာနှင့်ပညာများ သင့်လျှော်စွာ တိုးတက်ဖွဲ့ဖြိုးဖို့ရန် လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဗုဒ္ဓ၀ါဒက ဆိုပါသည်။ လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဟူသည်မှာ-(၁) စေတောဝိမုတ္တိနှင့် (၂) ပညာဝိမုတ္တိတို့ပင် ဖြစ်ကြသည်။
စေတောဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော စိတ်တစ်မျိုးပင် ဖြစ်ပါသည်။ ထိုစိတ်ကို ရဟန္တာများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။ ပညာဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော အသိညာဏ်ပညာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာကိုလည်း ရဟန္တာပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုကြပေသည်။ စာပေအနက်တိုက်ရိုက်ပြန်ဆိုလျှင် စေတောဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်စိတ်။ ပုဂ္ဂိုလ်အနေဖြင့် ရဟန္တာကို ယူရသည်။ ပညာဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်ပညာ။ ပုဂ္ဂိုလ်အားဖြင့် ရဟန္တာကိုပင် ယူရသည်။ မှန်ပေသည်။ လွတ်မြောက်ခြင်းဆိုသည်မှာ စင်ကြယ်မှုမရှိလျှင် မဖြစ်နိုင်ပေ။ ထိုကြောင့် အကျွန်ုပ်တို့ လွတ်မြောက်ဖို့က ပထမဦးစွာ မိမိစိတ်ကို စင်ကြယ်အောင်ပြုလုပ်ရပေမည်။ ၀ိသုဒ္ဓိ=စင်ကြယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုသာလျှင် ၀ိမုတ္တိ=လွတ်မြောက်သူဟု ဆိုရပေသည်။
ပထမ ၀ိမုတ္တိသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေပြီး ဒုတိယ၀ိမုတ္တိသည် Intellectual aspectနှင့် နီးကပ်စွာ ဆက်စပ်ပတ်သက်နေပေသည်။ ဘာဝနာနှစ်မျိုးတွင် သမထထိုင်နည်းကို လေ့လာကြည့်လျှင် ဥပမာအားဖြင့် မေတ္တာဘာဝနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗုဒ္ဓါနုဿတိ..စသည်..အမျိုးအစားများစွာသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ၀ိပဿနာပွါးနည်းကို လေ့ကျင့်မည်ဆိုလျှင် ဥပမာအားဖြင့် ခန္ဓာငါးပါး၊ အနိစ္စ၊ ဒုက္ခနှင့် အနတ္တစသည် လက္ခဏာယဉ်သုံးပါစသည်…များစွာသည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။
အချုပ်မှာ အကျွန်ုပ်တို့သည် ဘာဝနာတရားများကို ပွားများခဲ့လျှင် မိမိစိတ်များ စင်ကြယ်လာမည်။ စင်ကြယ်သန့်ရှင်းပါက လွတ်မြောက်မှု အရသာကို ခံစားရမည် ဖြစ်ပေသည်။
တစ်ခြားတစ်ဖက်မှာ အလယ်အလတ်အဆင့်အနေဖြင့် ဈန်၊ အဘိညာဉ်တန်ခိုးစွမ်းအင်ကို လေ့လာသင့်ပေသည်။ ဈန်အဘိညာဉ်နှင့်ပြည့်စုံသူကို စွမ်းအားရှင်ဟု ခေါ်ဆိုသည်။ ယခုခေတ်၌ Supermanဟု ခေါ်ဆိုသော စွမ်းအားရှင်သည် မြေလျှိုးမိုးပျံနိုင်၊ သူတစ်ပါးတို့၏စိတ်ကို သိနိုင်သည်။ ရှေ့ဘ၀၊ နောက်ဘ၀ကို သိနိုင်သည်။ သို့သော် ထိုစွမ်းအားရှင်သည် ၀ိသုဒ္ဓိဖြစ်ခြင်မှ ဖြစ်မည်။ ၀ိမုတ္တိဖြစ်ခြင်မှ ဖြစ်မည်။ ကိလေသာအညစ်အကြေးကင်းစင်သူ ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်မှ ဖြစ်မည်။ အချို့သောရဟန္တာပုဂ္ဂိုလ်များသည် တန်ခိုးစွမ်းအားကို မရပေ။ ကိလေသာကင်းစင်သူ အမည်သက်သက်သာ ရရှိပေသည်။ စက္ခုပါလမထေရ်ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်သည် အဘိညာဉ်တန်ခိုး မရှိပေ။ ၄င်းကို သုက္ခ၀ိပဿကပုဂ္ဂိုလ်ဟု ဆိုသည်။ တစ်ချို့ကား တန်ခိုးဈာန်အဘိညာဉ်ရရှိထားသော်လည်း ကိလေသာစင်သောရဟန္တာပုဂ္ဂိုလ် မဖြစ်သေးပေ။ နမူနာအားဖြင့် အရှင်သာဂတမထေရ်ကဲ့သို့သောပုဂ္ဂိုလ်မျိုး၊ ဒေ၀ဒတ္တမထေရ်ကဲ့သောပုဂ္ဂိုလ်မျိုးတို့ကို ပိဋကတ်၌ လေ့လာတွေ့ရှိနိုင်ပေသည်။
အမှန်စင်စစ် ဈာန်အဘိညာဉ်အဆင့်မှာ ၀ိသုဒ္ဓိ မဖြစ်နိုင်သေးသကဲ့သို့ ၀ိမုတ္တိအစစ်လည်း မဟုတ်သေးပေ။ ပထမဈာန်ဝယ် ဈာန်အင်္ဂါ(၅)ပါးရှိရာ ၁-၀ိတက္က thinking၊ ၂-၀ိစာရ discursive thinking၊ ၃-ပီတိ repture၊ ၄-သုခ happiness၊ ၅- ဧကဂ္ဂတာ one pointedness တို့ဖြစ်ကြသည်။ ထိုငါးပါးတွင် ၀ိတက်နှင့် ၀ိစာရနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ပီတိနှင့် သုခနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ဤဈာန်အဆင့်မှာတောင် လူသားတို့၏စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည် Emotional aspectကို မပယ်ထုတ်နိုင်သေးသောကြောင့် ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်ပြီဟု မဆိုနိုင်ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓ၀ါဒအရ လူသားတို့၏စရိုက်များကို လေ့လာခွဲစိတ်ကြည့်က Emotional aspectသည် ရာဂစရိုက်နှင့် ဆက်စပ်ပတ်သက်ပြီး Intellectual aspectသည် ဒေါသစရိုက်နှင့် ဆက်စပ်ပတ်သက်နေသည်။ အထက်ပါ သဘောတရားနှစ်ခု လူသားတို့မှာ ချိန်ခွင်လျှာညီညွတ်စွာ တိုးတက်ဖွံ့ဖြိုးမှု မရခဲ့လျှင် အကျွန်ုပ်တို့သည် လူလောက၌ လောဘ-လိုချင်မှုအားကြီးသူ၊ ဒေါသ- ရန်လိုအားပြင်းထန်သူများကို မြင်တွေကြရမည် ဖြစ်ပေသည်။ အဆိုပါ သဘောတရားနှစ်ခုသည် တစ်ခုက တစ်ခုကို အင်အားပြင်းလွမ်းမိုးသွားခဲ့လျှင် လူလောကကို ဘေးဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကျွန်ုပ်တို့ကို မြတ်ဗုဒ္ဓသည်  လောဘစရိုတ်မှတစ်ဆင့် compassion-ကရုဏာအဆင့်သို့တိုင်၊ ဒေါသစရိုတ်မှတစ်ဆင့် wisdom-ပညာအဆင့်သို့တိုင်အောင် ပေါင်းဖက်ညီညွတ်စေလျှက် တိုးတက်ဖွံ့ဖြိုးစေသင့်ကြောင်း လေးဆယ်ငါးဝါပတ်လုံး သင်ကြားပြသခဲ့ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓကို ကရုဏာ၊ ပညာအားဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသောပုဂ္ဂိုလ်ဟု အသိအမှတ်ပြုထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အရှင်ဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်အဖွင့်၌ “ကရုဏာသီတလဟဒယံ- The Buddha is the hard worker who is bone by compassion, ပညာပဇောတ၀ိဟတမောဟတမံ- He had destroyed the darkness of ignorance though wisdom, သနားကြင်နာမှုတရားဖြင့် အေးမြတော်မူသော၊ အသိညာဏ်ပညာဖြင့် မသိမှုအမိုက်မှောင်ကို ဖြိုခွင်းတော်မူပြီးသော မြတ်ဗုဒ္ဓ”ဟူ၍ ရိုသေလေးမြတ်စွာ ရှိခိုးသည်။
အမှန်စင်စစ် ယခုခေတ်သစ်ကမ္ဘာမှာကား ကရုဏာ၊ ပညာတရားများ ရှေးခေတ်ကလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိ”ဟု ဆိုရမည်။ ထို့ကြောင့် အကျွန်ုပ်တို့လည်း ကရုဏာ၊ ပညာအရာ အနိုင်းမဲ့ဖြစ်တော်မူသော မြတ်ဗုဒ္ဓကို တိုင်တည်ရှိခိုးလျှက် အထွတ်အထိပ်ဖြစ်သော လူသားတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည်ကို မြင့်တင်ပြီးကာ ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်အောင် ကြိုပမ်းအားထုတ်သင့်ပါကြောင်း။ 
ကရုဏာပညာ၊ မြင့်မားသာလွန်၊ မြတ်မွန်ဘျားအား၊ ယခုရေးသား၊ ပို့စ်တရားဖြင့်၊ ညွတ်တွားပူဇော်၊ ကျိုးမြော်ကောင်းဆု၊ ပန်ပါ၏။ ။