Saturday, January 8, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၅)

အနုရာဓပုရမြို့တော်ရှိ Tourist sites အားလုံကို လည်ပတ်ရန် နှစ်ရက်ဖြင့် လုံလောက်ပါသည်။ ယမန်နေ့ည ၉-နာရီမှာ စာရေးသူတို့အဖွဲ့ ဗောဓိပင်ဖူး သွားရောက်ခဲ့ကြသေးသည်။ ကျွန်ုပ်ကား ခရီးပန်းသည်ကတစ်ကြောင်း၊ ဗောဓိပင်ကိုလည်း သုံးကြိမ်းမက ဖူးမြော်ခဲ့ဖူးသည်က တစ်ကြောင်းကြောင့် ကျောင်းမှာကျန်ခဲ့ပေသည်။ အနုရာဓကျောင်းဆရာတော်က အားလုံးစီစဉ်ပေးခဲ့ပြီးဖြစ်၍ အဆင်ပြေစွာ ဖူးခွင့်ရကြပေလိမ့်မည်ဟု ယုံကြည်ပါသည်။ ပြုခဲ့သမျှကုသိုလ်အားလုံးကို သာဓုခေါ်ပါ၏။
ယခုအခါ စာရေးသူတို့အဖွဲ့ အနုရာဓ၀ယ် နှစ်ညအိပ်ပြီးဖြစ်၍ အပိုင်း(၁)၌ ပြောခဲ့သည့်အတိုင်း စွယ်တော်ဖူးရန်အတွက် မြတ်ဗုဒ္ဓစွယ်တော် ကိန်းဝပ်ရာ ကန္ဒီမြို့သို့ ခရီးဆက်မည် ဖြစ်သည်။ အနုရာဓကျောင်း ဆရာတော်အား ကျေးဇူးတင်စကားလျှောက်ထားပီး ဒကာ၊ ဒကာမတို့က ၀တ္ထုငွေ ဒေါ်လာ ၅၀-ဆက်ကပ်ခဲ့သည်။
ကန္ဒီမြို့သွား လမ်းခရီးတစ်လျှောက် ၀င်ရောက်လည်ပတ်သင့်သော Tourist sites များကိုလည်း သွားရောက်ကြမည် ဖြစ်သည်။ ညနေ မှောင်ခါနီးမှ ကန္ဒီမြို့အရောက်သွားပီး ကန္ဒီမြို့၊ စွယ်တော်တိုက်အနီးရှိ မြန်မာကျောင်းမှာ ညအိပ်ကာ မနက်စောစော နံနက်ဆွမ်းတော်ကပ်ချိန်မှာ စွယ်တော်ဖူးရန် စီစဉ်ထားသောကြောင့် ဖြစ်ပေသည်။
ရပ်တော်မူဘုရား (Aukana)။     ။ Aukana or Awukana (အုပ်ကန)ခေါ် ရပ်တော်မူဘုရားသို့ ပထမဆုံး သွားရောက်ဖူးမြော်ကြမည်။ အုပ်ကန-ဘုရားသည် သီရိလင်္ကာ၌ ရပ်တော်မူဘုရားများစွားအနက် အမြင့်ဆုံး၊ အကြီးဆုံးဟု ဆိုပါသည်။ အမြင့်ပေ ၃၉၊ ပုခုံးအကျယ် ၁၀-ပေ ရှိပီး ကြာရွက်အောက်ခံဖြင့် ကျောက်တောင်ကျောက်သားကို ထွင်းထုပူဇော်ထားခြင်းဖြစ်ကာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးပင် ဖြစ်လေသည်။
  အေဒီ ၅-ရာစု၊ ဓာတုသေနမင်းလက်ထက်မှာ ပြုလုပ်ခဲ့သည်ဟု ရှေးဟောင်းသုတေသနအရ ယုံကြည်ရပေသည်။ ထို့ထက်လည်း စောခြင်စောနိုင်သည်ဟု ဆိုသည်။ စာရေးသူတို့အဖွဲ့သည် နံနက်စောစောပင် ရပ်တော်မူဘုရားရှိရာသို့ ရောက်လာခဲ့သည်။ Tourist sites ဖြစ်၍ ၀င်ခွင့်ပေးဆောင်ရလေသည်။ ရပ်တော်မူဘုရားကား နေရောင်ခြည်နုနုအောက် ဖူးတွေ့ရသည်မှာ ကြည့်နူဖွယ်ရာ အလွန်းကောင်း၍ စိတ်ကိုငြိမ်းချမ်းစေသည်။ မှန်ပေသည်။ သစ်ရွက်သစ်ခက်ကြား ထိုးကျလာသော နံနက်ခင်း နေရောင်ခြည်၏အောက်ဝယ် ကျောက်သားပင်ဖြစ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်သည် သက်တော်ထင်ရှား ရှိနေဘိသကဲ့သို့ ထင်ရပေသည်။ နေရောင်ခြည် မြင့်လာလေလေ မြတ်ဗုဒ္ဓ၏ပါရမီတော်ကြောင့် မျက်နှာတော်ကြည်လင် သန့်ရှင်းလာလေလေဟု ခံစားမိစေသည်။ ရပ်တော်မူဘုရား၏လက်ဟန်သည် မုဒြာနှစ်မျိုးကို ညွန်းပြသည်ဟု ဆိုပါသည်။ လက်တော်ကို တစ်စောင်းဖြန့်ထားခြင်း ပုံစံသည် Asisa Mudra အာသီသမုဒြာ- မေတ္တာတော်ဖြန့်ပို့ပေးခြင်းနှင့် တစ်ခုမှာ Abhaya Mudra အဘယမုဒြာ- ဘေးရန်ကင်းခြင်း (သို့) လွတ်မြောက်ခြင်းကို ရည်ညွန်းကြောင်း ဆိုပါသည်။
စာရေးသူတို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်သည့်အခါ ဘုရားကို ကျောပေး၍ ဓာတ်ပုံရိုက်ခွင့် မရှိပေ။ ရိုင်းပြသောလုပ်ရပ်အဖြစ် ရှုမြင်ကြသည်။ တစ်ခြားဗုဒ္ဓဘာသာနိုင်ငံမှာ ကျောပေးကာ ဓာတ်ပုံရိုက်သော်လည်း မတားမြစ်ပါ။ ဘုရားရှိခိုးစဉ် ထိုင်သည့်အခါမှာလည်း ဘုရားဖက် ခြေထောက်ပေး(ခြေဆင်း)ကာ ထိုင်လေသည်။ တစ်ချို့လည်း ကျွန်ုပ်တို့က ဖိနပ်ချွတ်သင့်သည်ဟု ထင်မြင်ယူဆသော နေရာတို့၌ ဖိနပ်စီးထားလေသည်။ သီရိလင်္ကာသားတို့ (ရတနာသုံးပါးစသည်) ဘာသာတရားအပေါ် လေးစားရိုသေးနည်းကား အနည်းငယ်ထူးဆန်းသည်ဟု ထင်မြင်မိသည်။
ထိုနောက် အချိန်လုကာ လည်ပတ်ရသည်မို့ မြန်မြန်သုတ်သုတ်ပဲ ပြန်ထွက်လာခဲ့ကြသည်။ အလှူခံဌာနတွေ့တော့ ဒကာကြီးတို့ စုံတွဲက တည်ဆောက်နေဆဲ ကျောင်းတော်အတွက် အလှူငွေ ထည့်လေသည်။ ကျောင်းထိုင်ဆရာတော်က လဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည်။
ပေါရောနရုဝ။    ။ ထိုနောက် လင်္ကာဒီပ၏ ဒုတိယရှေးဟောင်းမြို့တော်ဖြစ်သော ပေါရောနရုဝသို့ သွားရောက်လည်ပတ်ကြသည်။ ပထမဆုံး ပေါရောနရုဝနယ်ပယ်အတွင်းဝင် ဆိဂီရိယနယ်မြေသို့ သွားရောက်ကြသည်။ (http://www.asiaexplorers.com/srilanka/polonnaruwa_travel_guide.htm)
ဆိဂီရိယ Sigiriya။        ။ ဆိဂီရိယဟူသည် ကျောက်တုံး ကျောက်တောင် (သို့) နန်းတော်ရာတစ်ခု၏ နာမည် ဖြစ်လေသည်။ ခြင်္သေ့ပုံနှင့် တူသောကြောင့် lion Rock- ခြင်္သေ့ကျောက်တုံးဟုလည်း ခေါ်သည်။
သီရိလင်္ကာ၌ Unesco၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သော ၁။ ကန္ဒီမြို့ရှိ စွယ်တော်၊ ၂။ ဒမ္ဘူလရှိ ရွှေကျောင်း၊ ၃။ အနုရာဓပူရမြို့ရှိ အလေးအမြတ်ထားသော နေရာ။ ၄။ ပေါရောနရုဝ ရှေ့ဟောင်းမြို့တော်ရာ၊ ၅။ ဂလ္လေမြို့ဟောင်းနှင့် ခံတပ်၊ ၆။ ဆိဂီရိယရှေးဟောင်းမြို့တို့သည် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ကြလေသည်။ ၇။ ဆင်ဟရဇ သစ်တောနှင့် ၈။ သီရိလင်္ကာ၏ ဗဟိုကုန်းမြင့်ဒေသတို့သည် သဘာဝနှင့်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ အဖြစ်သတ်မှတ်ကြသည်။
အထက်ပါ ဒေသများသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အမြဲဖွင့်လှစ်ထားပေသည်။ ဆိဂီရိယသည် ကမ္ဘာလှည့်ခရီးသွားများအတွက် လည်ပတ်စရာနေရာတစ်ခု ဖြစ်လေသည်။ ဘာသာရေးနှင့်သက်ဆိုင်သော နေရာတော့ မဟုတ်ပေ။ နန်းတော်ရာဟောင်းတစ်ခု ဖြစ်လေသည်။ တောင်ထိပ်ပေါ်မှာ နန်းစိုက်ပီး ရန်သူမင်းကို တွန်းလှန်ခုခံနိုင်ရန်အတွက် တောင်ပတ်ပတ်လည်၌ မြို့ရိုး၊ ကျုံးစသည် ကာရန်ထားလေသည်။ တောင်ထိပ်နန်းတော်အ၀င် ကျုံအနီး၌ ပြတိုက်တစ်ခုရှိကာ နန်းတွင်းဥယာဉ်တော်သည် အတော်သာယာလ၍ အပန်းဖြေသဘော လည်ပတ်သင့်ပေ၏။ ထိုကြောင့် စာရေးသူတို့အဖွဲ့မှာ ဘုရားဖူးသန့်သန့် ဖြစ်ခြင်း၊ အသက်ကြီးသော ဒကာ၊ ဒကာမတို့ပါလာ၍ တောင်ပေါ်မတက်နိုင်ခြင်းတို့ကြောင့် ဆိဂီရိယတောင်ကို မတက်တော့ဘဲ အောက်ခြေအနီး ကျုံးနံဘေး၌သာ ဓာတ်ပုံမှတ်တမ်းရိုက်ကာ တစ်ခြားသော နေရာသို့ လည်ပတ်ကြလေသည်။
(အသေးစိတ် သိလိုသူများ အောက်ပါလင့်အတိုင်း ကြည့်ကြလေကုန်။) (http://www.asiaexplorers.com/srilanka/sigiriya.htm)
ဆိဂီရိယမှ ထွက်လာပီးနောက် ပေါရောနရုဝခေတ် ပရက္ကမဗာဟုမင်း တည်ဆောက်ထားခဲ့၍ ပရက္ကမ သမုဒြာဟု ခေါ်ဆိုသော ရေကန်ကြီးပတ်လမ်းမှ ကားကို အလျှားလိုက်မောင်းလာပီး ရေကန်ကြီးအနီးရှိ ရှေးဟောင်းဗိသုကာဆိုင်ရာပြတိုက်ကို ၀င်ရောက်လေ့လာကြသည်။ နိုင်ငံခြားသားတစ်ယောက်အတွက် အမေရိကန် ၂၅-ဒေါ်လာ ပေးဆောင်ရလေသည်။ ပြတိုက်မှ ပြန်ထွက်လာပီးနောက် နေ့ဆွမ်းချိန်နီးနေသောကြောင့် ကားဆရာညွန်ပြသော ထမင်းဆိုင်တစ်ခု၌ နေ့ဆွမ်းဘုန်းပေးကြသည်။
ထိုမှတစ်ဖန် Gal Vihara ဂေါ-၀ိဟာရသို့ သွားရောက်ကြသည်။ ဂေါ-၀ိဟာရဆီ မရောက်ခင် ပရက္ကမဗာဟုမင်း၏ ကျောက်သားရုပ်ထုကို ကြည့်ခဲ့ရသည်။ ဂေါ-၀ိဟာရသည် ကျောင်းတော်ရာဖြစ်သည်။ ယခုအခါ ကျောင်းဆောင်များ မရှိတော့ပေ။ ရှေးဟောင်းလက်ရာဖြစ်သော ဗုဒ္ဓရုပ်ပွားတော် သုံးဆူသာ ကျန်ခဲ့လေသည်။ 
ရုပ်ပွားတော် သုံးဆူ၏တည်နေပုံသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ တစ်ဆူသည် ထိုင်တော်မူ မုဒြာဖြစ်ပီး၊ တစ်ဆူသည် ရပ်တော်မူ မုဒြာဖြစ်ကာ နောက်ဆုံးတစ်ဆူသည် လျှောင်းတော်မူတို့ ဖြစ်သည်။ ဘုရားသုံးဆူ၏အနေအထားနှင့် ဆိုလိုဟန်ကို ပညာရှင်များ အငြင်းပွားကြရလေသည်။ ထိုတွင် ရပ်တော်မူ မုဒြာသည် အထူးဆန်းဆုံး ဖြစ်လေသည်။ မျက်လုံးတော်အစုံကို မှိတ်ထားကာ လက်တော်ပိုက်ထားဟန် ထုလုပ်ထားသည်။ မြတ်စွာဘုရား၏မေတ္တာတော်ဖြင့် ဝေနေယျတို့အား (Blessing Posture) ကောင်းချီပေးဟန်ဟု ယူဆကြသည်။ ၎င်းရုပ်ပွားတော်များသည် ပရက္ကမဗာဟုမင်းလက်ထက်၌ ဖြစ်ပေါ်လာခဲ့ပီး သီရိလင်္ကာ၏ ကျောက်ဆက်အနုပညာဆိုင်ရာ ရှေးအကျဆုံးဟု ယူဆကြသည်။
လျှောင်းတော်မူ ရုပ်ပွားတော်၏ အောက်ဖက်ညာလက်တော်သည် အနည်းငယ် ပျက်စီးနေသည်ကို ဖူးတွေ့ရသည်။ ပေါရောနရုဝခေတ် ပျက်သုဉ်းပီးနောက် လူသူအစောင့်အရှောက် မရှိသည့်အချိန် ဘာသာခြားတို့က ရုပ်ပွားတော်များကို ဖျက်ဆီးကြသည်။ ထိုအခါ တောထဲမှ ဆင်ပြောင်ကြီးများ ထွက်လာပီး ဖျက်ဆီးသူများကို နှင်ထုတ်လိုက်၍ နောင်အခါ ကြောက်လန့်ကာ မည်သူမျှမဖျက်ဆီးဝံ့တော့ချေ-ဟု သီရိလင်္ကာ ရဟန်းတော်တစ်ပါးက စာရေးသူအား ရှင်းပြလေသည်။
ဂေါ-၀ိဟာရမှ ထွက်လာပီးနောက် ၁၂-ရာစုနှစ်၊ ပရက္ကမဗာဟုမင်း၏ နန်းတော်ရာဟောင်းကို သွားရောက်လေ့လာကြသည်။ မင်းနန်းတော်သည် ဟိုတုန်းက ဘုံခုနှစ်ဆင့်ပြသာဒ် (Vijayanta Pasada) ဟူ၍ပင် မထင်ရလောက်အောင် အလွန်ပျက်စီးနေပီ ဖြစ်သည်။ အိန္ဒိယပြည်၊ ကလိင်္ဂတိုင်းမှ ရန်သူမင်းတို့ လာရောက်တိုက်ခိုက်ကာ မီးလောင်တိုက်သွင်းခဲ့သည်-ဟု ဒေသခံတစ်ဦးက ရှင်းပြလေသည်။ အထူးခြားဆုံးမှာ ညီလာခံအစည်းဝေး ခန်းမဆောင် ဖြစ်ပေသည်။ ကျောက်တုံး၊ ကျောက်သားတို့ဖြင့် ထွင်းထုတည်ဆောက်ထားပီး ရုပ်လုံးရုပ်ကြွတို့ဖြင့် အလွန်လက်ရာ မြောက်လပေသည်။

ထိုနောက် စာရေးသူတို့သည် (ဒမိဠှ)ကျေးကုလားတို့ ဖျက်ဆီးသည့်ဘေးရန်ကြောင့် ကန္ဒီမြို့သို့ မပြောင်းရွေ့ခင် မူလစွယ်တော်ကိန်းဝပ်ခဲ့သော ရှေးဟောင်းစွယ်တော်တိုက်ရှိရာသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ရန်သူမင်းတို့ ဖျက်ဆီးခဲ့သည်အတိုင်း အပျက်အစီးတွေချည်း မြင်တွေ့ရသည်။ ထိုင်းနိုင်ငံက အယုဒ္ဓယမြို့ဟောင်းကို ပြန်လည်မြင်ယောင်မိပေသည်။ အပျက်ကို အပျက်အတိုင်း ရှေးမူလက်ရာမပျက် ထိမ်းသိမ်းထားသောကြောင့် နိုင်ငံခြားသားများ လာရောက်လည်ပတ်ကြသဖြင့် နိုင်ငံတော်ဝင်ငွေလည်း များစွာရပေမည်။ 

 
           အပျက်အစီးအတိုင်း တည်ရှိနေသော Vatadage Circular Relic House စွယ်တော်ထားခဲ့သော တိုက်ခန်း၊ Thuparama Amage House ရုပ်စုံကျောင်းတော်၊ Lata Mandapa မဏ္ဍပ်၊ ဘုံ ၇-ဆင့်ပြသာဒ်၊ ဂေါပေါတ ကျောက်စာ၊ ၀ိဇယဗာဟုမင်းလက်ထက် ပထမဆုံး စွယ်တော်တိုက် (၁၁-ရာစုနှစ်)၊ နိစ္စံကမလ္လမင်းလက်ထက် ဒုတိယ စွယ်တော်တိုက် (၁၂-ရာစုနှစ်)စသော အဆောက်အဦးတို့ကို တွေ့ရသည်။ ဘာသာဝင်များအတွက် သမိုင်းကပေးသော သင်ခန်းစာကို များစွားသံဝေဂယူပီး နှလုံးသားမှာ ဘာသာသွေးတွေ စီးဆင်းနေအောင် ကျောက်သားတံဆိပ်ရိုက်နှိပ်သကဲ့သို့ ပြုလုပ်ထားသင့်လပေသည်။

အလောကလိုဏ်ဂူ။       ။ Aluvihara ခေါ် အလောကလိုဏ်ဂူသည် မာတလေမြို့တွင် ရှိလေသည်။ မြန်မာရဟန်းတော်များအတွင်း မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံပီးနောက်ပိုင်း သင်္ဂါယနာသမိုင်းတွင် စတုတ္ထမှတ်တိုင်၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော နေရာ-ဟု ထင်ရှား အသိများကြသည်။

အလောကလိုဏ်ဂူရှိရာ မာတလေမြို့သည် ကန္ဒီ၊ ဒမ္ဘူလသွားလမ်းပေါ်မှာ တည်ရှိသည်။ ပေါရောနရုဝမြို့မှ အတော်ပင်ဝေးလသည်။ ကန္ဒီမြိုနှင့်ကား ၁၇-မိုင်ခန့်ဝေးသည်။ ပေါရောနရုဝမြို့မှနေပီး ကားဆရာသည် တောင်ပေါ်လမ်းအတိုင်း မောင်းယူလာခဲ့သည်။ လဖက်ခင်းများ၊ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း လိုက်ပါလာခဲ့ရာ မာတလေသို့ ည ၇-ခန့်လောက် ရောက်ရှိလာခဲ့ကြသည်။ ကျောက်တုံးမဲမဲကြီးဖြင့် မှောင်မှောင်မဲမဲ မသဲကွဲမို့ ဆရာတော်များ လေ့လာရတာ မကျေမနပ် ဖြစ်နေကြသည်။ မနက်ဖြန် ကန္ဒီစွယ်တော်ဖူးပြီး အချိန်ရရင် နောက်တစ်ခေါက် ပြန်လာမည်ဟု မိန့်တော်မူသည်။

ထိုကြောင့် ကန္ဒီမြို့သို့ မနက်ဖြန် စွယ်တော်ဖူး ချီတက်ရပြန်သည်။ ၄၅-မီနစ်ခန့်ကြာပီးနောက် ကန္ဒီမြို့ မြန်မာကျောင်းသို့ ဆိုက်ရောက်လေတော့သည်။ ဆရာတော်ကို ၀တ်ပြုပီး ဆရာတော်စီစဉ်ထားသော နေရာတို့၌ အသီးသီးနေရာယူကာ ရေချိုးကြသည်။ ဆရာတော်များလည်း အနားယူကြသည်။ မနက်ဖြန် စွယ်တော်ဖူးမည်တည်း။

ဆက်လက်ဖေါ်ပြပါမည်.....

posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ