Thursday, December 30, 2010

ကဲ့ရဲ့လွတ်သူမရှိ

Nothing.. Nothing.. Nothing

It is not now, O Atula..! It has always been done from ancient times.
They blame one, who is silent, they blame one, who speaks much,
and they blame one who speaks little.
There is no one in this world who is not blamed.

အတုလရေ.. စကားမပြော၊ များများပြောနှင့်၊ နည်းငယ်ပြောသူ၊ မည်သူတီးမှ၊ ကဲ့ရဲ့ချီးမွမ်း၊ ထိုနှစ်လမ်းမှ၊ ကင်းလွတ်သသူ၊ ဤလောက၀ယ်၊ ယနေ့တိုင်ထိ၊ မရှိခဲ့ဘူး၊ ရှေးဦးကာလ၊ မဆွကပင်၊ ရှိပြီတကား..။

There never has been, there never will be,
nor is there now, anyone who is always blamed or always praised.

အကြင်သူကို၊ မြင့်မိုရ်ဧကန်၊ ချီးပလို့၏၊ တစ်ယောက်သူ့ကို၊ ဧကန်ဆန့်ကျင်၊ ကဲ့ရဲ့ပြန်၏။ ကဲ့ရဲ့ချီးမွမ်း၊ မလွတ်တမ်းမို့၊ ထိုလမ်းလွတ်သူ၊ ထုံးတမ်းရှေးမှာ၊ နောင်ခါတစ်ဖန်၊ ပစ္စုပ္ပန်ထိ၊ မရှိတစ်ယောက်၊ မိုးမြေအောက်တည်း..။

If the wise praise him day after day, knowing him to be truly faultless,
wise and endowed with knowledge and virtue, who would blame him?
who is like a Nikkha of pure gold?
The  devas praised him; he is praised even by the great Brahma.

Note; A Nikkha can be a weight-unit of gold, an ornament or a coin.

အတုလရေ.. အမှုကြီးငယ်၊ အသွယ်သွယ်ကို၊ ဖြတ်တောက်လိုရာ၊ သိပညာနှင့်၊ ကောင်းရာဆိုးပြစ်၊ ထောက်ချင့်ဝေဖန်၊ ပညာညာဏ်ကြီး၊ ကျင့်ပြီးသီလ၊ နှလုံးလဖြင့်၊ ဓာတ်စိတ်မယိုင်၊ မြဲခိုင်လသူ၊ ထိုသူတို့အား၊ ပလွှားမရှိ၊ ပညာရှိက၊ နေ့ညမခန်း၊ ချီးမွမ်းကြ၏၊ သဲကြမ်းကင်းစင်၊ ရွှေစင်ကဲ့သို့၊ ပြစ်တော်တင်၍ ထိုက်မည်နည်း..။ အထက်ရပ်လာ၊ ဒေ၀ါနတ်နှင့်၊ ဗြဟ္မာကြီးပင်၊ မွမ်းတင်ချီးပ၊ ချီးမွမ်းကြ၏၊ ပြစ်တော်တင်သော် ထိုက်မည်နည်း..။ (ဂါထာ နှစ်ပုဒ်ပေါင်းရေးသည်)

(ဓမ္မပဒဂါထာ၊ ၂၂၇၊ ၂၂၈၊ ၂၂၉၊ ၁၃၀။ အတုလဥပါသကာဝတ္ထု။)

posted by dhammasami08

Tuesday, December 28, 2010

ကျွန်ုပ်သိသော သီရိလင်္ကာ (အပိုင်း-၂)

ရွှေကျောင်းနှင့် ရုပ်စုံကျောင်း။     ။ သီရိလင်္ကာနိုင်ငံရောက် ဘုရားဖူးများ ပထမဆုံးဖူးရသည်မှာ မြတ်ဗုဒ္ဓစွယ်တော် ဖြစ်လေသည်။ စွယ်တော်သမိုင်းအကျဉ်းကို အပိုင်း(၁)၌ ဖေါ်ပြပြီးဖြစ်သည်။
ကျွန်ုပ်တို့ဘုရားဖူးအဖွဲ့မှာ ကျွန်ုအပါဝင် ဘုန်းကြီးလေးပါး၊ တကာ နှစ်ယောက်၊ တကာမ သုံးယောက် စုစုပေါင်း ကိုးယောက်အဖွဲ့ ဖြစ်လေသည်။ အဖွဲ့အရေအတွက်နှင့် သင့်လျှော်သော တောင်းအေ့စ်-ပေါင်မုန့်ကား ငှါးလိုက်သည်။ ဈေးနှုန်းကတော့ မီတာနှင့်တွက်ချက် ယူလေသည်။ အဲယားကွန်းပါသည်။ တီဗွီအသေးစားလေး ပါသည်။ ထိုကြောင့် ကားခဈေး အနည်းငယ် ကြီးမြင့်သည်။ ခရီးစဉ်ပြီးဆုံးမှ ကုန်ကျစရိတ်ကို ပေါင်းပြောပါမည်။
မြန်မာပြည်မှ ဘုရားဖူးများသည် သီရိလင်္ကာနိုင်ငံရောက်လျှင် Hotel သို့မဟုတ် ကိုလံဘိုမြို့တော်ရှိ မြန်မာဘုန်းကြီးကျောင်းမှာ တည်းခိုပြီးမှ ဘုရားဖူးခရီးထွက်ကြလေ့ ရှိသည်။ ဘယ်မှာပဲ တည်းတည်း ကိုယ်နှင့်နီးစပ်သော စာသင်သားဘုန်းကြီးတစ်ပါး အကူအညီဖြင့်သာ ခရီးစဉ်ကို စီစဉ်ပြီးမှ သွားသင့်ပါသည်။ ဘုရားဖူးစီစဉ်သူသည် ကားသမားနှင့်တိုင်ပင်ကာ ဘယ်နေရာကို အရင်ဆုံးသွားမည်၊ ဘယ်နေရာမှာ အနားယူမည်။ ဘယ်နေရာမှာ စားမည်။ ဘယ်မှာတည်းခိုမည်.. စသည် အခြေနေကို ခရီးမထွက်ခင် ကြိုတင်တိုင်ပင်ထားရလေသည်။ အကြောင်းမှာ တစ်ချို့ဘုရားဖူးများအတွက် အချိန်နှင့် ငွေအင်အားကို ချိန်ဆပြီး ဘယ်နှစ်ရက်၊ ဘယ်နှစ်ညအိပ် ခရီးစဉ်-ဆိုတာကို အတည်ပြု သတ်မှတ်ရလေ့ရှိသောကြောင့် ဖြစ်သည်။ နိုင်ငံအနှံ့ရက်ရှည်ခရီးစဉ်မှာ ၇-ရက်ခန့်ကြာတတ်ပြီး ရက်တိုခရီးစဉ်မှာ နှစ်ညအိပ်၊ သုံးရက်ခရီး၊ သို့မဟုတ် သုံးညအိပ်၊ လေးရက်ခရီးစဉ်သည် ဘုရားဖူးသက်သက်အားဖြင့် လုံလောက်ပါသည်။
ကျွန်ုတို့ခရီးစဉ်ဖြစ်သော စွယ်တော်ဖူးခရီးကို စတင်ပါမည်။ ဤခရီးစဉ်ကို ရေးဆွဲသူမှာ ဦးဥတ္တမသာရ ဖြစ်လေသည်။ ပထမဆုံး စွယ်တော်ဖူးမည်။ ထို့နောက် မဟိယင်္ဂဏ၊ တစ်ဖန် အနုရာဓပူရ စသည်ဖြင့် သွားနေကြအစဉ်အတိုင်း ခရီးစဉ်ကို ရေးဆွဲခဲ့သည်။ သို့သော် တကာမကြီးတစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ခရီးစဉ်ကို ပြောင်းလိုက်ရသည်။ ပထမဆုံးဖူးရမည့် စွယ်တော်သည် နောက်ဆုံးမှ ဖူးရမည်ဟု ပြောင်းလိုက်ရသည်။ စွယ်တော်ကို နောက်ဆုံးမှ ဖူးမည်။
Dambulla-ဒမ္ဘူလ။       ။ အခုခရီးစဉ်အရ ကုလံဘိုမြို့၊ မကုဋရာမမြန်မာကျောင်းတိုက်မှ နံနက် ၇-နာရီခွဲလောက် စတင်ထွက်ခွါခဲ့သည်။ နံနက် ၁၁-နာရီလောက်မှာ ကုရုနင်္ဂလမြို့သို့ ရောက်ရှိပြီး ဟိုတယ်တစ်ခုမှာ နေ့လည်စာစားကြသည်။ အစားအသောက်အမျိုးအမည် အနေအထားမသိသောကြောင့် မီနူးကြည့်ကာ မှာလိုက်ရသည်။ လူပုဂ္ဂိုလ်တစ်ဝိုင်း၊ ဘုန်းကြီးတစ်ဝိုင်းမို့ ဟင်းချိုရည်နှစ်ခွက် မှာလိုက်သည်။ သို့သော် သူတို့ယူလာသော ဟင်းချိုကား ပုဂံလုံးသေးသေးလေးနှင့် တစ်ယောက်သောက်စာ နှစ်ခွက်ဖြစ်နေလေသည်။ ကြက်သားကျော်၊ မီနူးအတိုင်း မှိုဟင်းမှာသော်လည်း မှိုဟင်းမရနိုင်ကြောင်း စားပွဲထိုးက ပြန်လာပြောသည်။  ဖြစ်သလိုစားတတ်သူများအတွက် အဆင်ပြေသော်လည်း အစားအစာဂျီကျသူများအတွက်ကား ဒေသအစားအစာများကို မစားတတ်သဖြင့် ကုလားဆိုင်များမှာ ၀ယ်စားတိုင်း ဒုက္ခရောက်ရသည်။
နေ့လည်စာ စားပီးနောက် ဤမြို့ဝယ် ထင်ရှားသော ဆင်ပုံသဏ္ဍာန်ရှိ (Elephant Rock) ကျောင်းတောင်ပေါ်၌ တည်ထားသော ထိုင်တော်မူဘုရား (ကျွန်ုပ်တို့က ဆင်ကျောက်ဘုရား-ဟုခေါ်)သို့ သွားရောက်ကာ ဖူးမြော်ကြည်ညိုကြသည်။ တောင်ပေါ်သို့ကားဖြင့် ၅-မီနစလောက် တက်ရသည်။ တောင်ထိပ်ပေါ်ဖြစ်၍ မြို့ကို အပေါ်စီးက မြင်ရသည်။ ဘုရားရှင်ကိုလည်း မြို့ဖက်သို့ မျက်နှာတော်မူလျှက် တည်ထားလေသည်။ ဘုရားဖူးပီး ဓာတ်ပုံရိုက်ကြသည်။ တောင်ပေါ်ကနေ၍ မြို့ကို မြင်ရတဲ့မြင်ကွင်းလေးက အရမ်းကို သာယာလှပနေသည်။ ဤဘုရားကား သမိုင်းဝင်မဟုတ်သော်လည်း ကားဆရာ၏ပြေားပြချက်အရ ၎င်းကျောက်တောင်ကို ဟိုတစ်ချိန်က ခရစ်ယန်ဘာသာဝင်များ နေရာယူထားကြောင်း၊ ထိုနောက် ဗုဒ္ဓဘာသာတို့က တရားရေးရင်ဆိုင်ပီး ပြန်လည်ရယူခဲ့ကာ ယခုကဲ့သို့ ဆင်းတုတော်တည်ထားရကြောင်း၊ တည်ဆောက်နေစဉ်မှာလည်း ပြဿနာဖြစ်သေးကြောင်း၊ အခက်အခဲများစွားဖြင့်  ၂-နှစ်နီးပါးကြာကြာ တည်ဆောက်ခဲ့ရကြောင်း ရှင်းပြလေသည်။ (ဘုရား၏ညဏ်တော်ကို ဓာတ်ပုံကြည့်ကာ ကိုယ်တိုင်ဆုံးဖြတ်လေ)
ကုရုနင်္ဂလမြို့၊ ဆင်ကျောက်ဘုရားမှ ထွက်ခွါလာပြီးနောက် ဒမ္ဘူလမြို့သို့ ညနေ ၄-နာရီလောက် ရောက်လာခဲ့သည်။ ဒမ္ဘူလမြို့၌ Golden Temple နှင့် Rock Temple, Cave Temple, ဟု ခေါ်ဆိုသော ထင်ရှားသောနေရာတစ်ခု ဖြစ်လေသည်။ ကျောက်တောင်ကြီးကို ထွင်းထုပြုလုပ်ထားသဖြင့် မြင်ရသူအပေါင်း အံ့သြသင့်စေသည်။ ထိုနေရာများသည် ရှေးဟောင်းသမိုင်းဝင်၊ ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းရေး Unesco အသိအမှတ်ပြုရာဌာနဖြစ်၍ နိုင်ငံခြားသားများ အများဆုံးအလည်အပတ် လာရောက်ကြလေသည်။
(သမိုင်းအကျယ် သိချင်သူများ ဖတ်ရန် http://en.wikipedia.org/wiki/Dambulla, http://www.explorelanka.com/places/nc/dambulla.htm
နိုင်ငံခြားသားများအတွက် ၀င်ခွင့်အခွန်ငွေ ပေးရသည်။ တစ်ချို့နေရာ၌ အမေရိကန်ဒေါ်လာဖြင့် ပေးဆောင်ရပီး၊ အချို့နေရာ၌ ဒီနိုင်ငံသုံး Rupee ရူပီးငွေဖြင့် ပေးဆောင်ရလေသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှာကား အခုသွားမည့်နေရာများအတွက် အခွန်ငွေ မဆောင်ရပေ။ ထို့ကြောင့် ကျွန်ုပ်တို့ အဖွဲ့တွင် လူပုဂ္ဂိုလ်သုံးယောက်အတွက် တစ်ဦးလျှင် ရူပီး ၁၂၀၀-စီ ပေးဆောင်ရသည်။ ဒမ္ဘူလဧရိယာတွင်း ၀င်လိုက်သည်နှင့် ပထမဆုံး Golden Temple ကို မြင်ရသည်။
 Golden Temple သည် ဘုန်းကြီးကျောင်းဖြစ်ပီး စာပေသင်ကြားရေးအပြင်၊ ပြန်ကြားရေးအတွက် အသံလွင့်ရုံကိုလည်း တည်ထောင်ထားလေသည်။ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ရုပ်သံတရားများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်တင်ဆက်ပီး တရားဆွေးနွေးသည့် အစီအစဉ်များလည်း ပါဝင်လေသည်။ အလွန်ကောင်းမွန်သော Idea အိုင်ဒီယာပင် ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ဓမ္မရုပ်သံသန့်သန့် မရှိပေ။ အတုယူသင့်ပေသည်။
 Goldren Temple ဖူးမြော်ပီးနောက် နံရံဆေးပန်းချီနှင့် ရုပ်ထုတော်တွေ များသောကြောင် ရုပ်စုံကျောင်းတော် Image House ဟုလည်းခေါ်သော Rock Temple, Cave Templeသို့ရောက်ရန် တောင်ပေါ်သို့ မီနစ်အနည်းငယ်တက်ရလေသည်။ ကျောက်တုံးများဖြင့် လှေကားထက်လုပ်ထားသည်။ လမ်းခရီးတစ်လျှောက် တရုတ်စံကားပင်များ အစီအရီ ပေါက်ရောက်နေတာကို တွေ့ရသည်။ ကျောက်တုံးကျောင်းအ၀င်ပေါက်မှာ မည်သူမဆိုဖိနပ်များ ချွတ်ထားခဲ့ရသည်။ ကျောက်တုံး၊ ကျောက်တောင်ကြီးကို ထွင်းထုပီး ဗုဒ္ဓကျောင်းတော်အဖြစ် King Valagamba (One Century B.C.) ၀လဂမ္ဘမင်းက ဘီစီ ၁-ရာစုမှာ လှူဒါန်းထားခြင်းဖြစ်သည်။ အ၀တ်ဖြူဝမ်းဆက်ဝတ် Guide တစ်ယောက်က လျှောင်းတော်မူဘုရားရှေ့ ဘုရားအနေအထားနှင့် ပတ်သက်ပီး ရှင်းပြလေသည်။ လျှောင်းတော်မူးဘုရား၏ မျက်လုံးတော် တစ်ဖက်သည် ပုံမှန်ဖြစ်ပီ တစ်လုံးတော်ကား အနည်းငယ်မှိတ်နေကြောင်း၊ အဓိပ္ပါယ်ကား မျက်လုံးတော်ပုံမှန်ဖွင့်ထားသည်မှာ သတ္တ၀ါဝေနေယျတို့အား တရားရေအေးတိုက်ကျွေးပြသရင်း သဥပါဒိသေသပရိနိဗ္ဗာန- ကိုယ်တော်ရှိလျှက် နိဗ္ဗာန်ဝင်စံခြင်းကို ဆိုလို၍ မျက်လုံးတော် အနည်းငယ်မှိတ်နေခြင်းမှာ ယခုအခါ တရားတော်များကိုသာ ထားခဲ့ပီး အနုပါဒိသေသပရိနိဗ္ဗာန- ကိုယ်တော်ကြွင်းမရှိ ပရိနိဗ္ဗာန်ဝင်စံသွားခြင်းကို ဆိုလိုကြောင်း ရှင်းပြသည်။ တစ်ဖန် ခြေတော်အနေအထာ ထူးခြားပုံကို ရှင်းပြတာကတော့- ခြေတော်တစ်ဖက်အနည်းငယ် ရှည်ထွက်နေခြင်းသည် ပညာကြီးမားပုံကို ပြနေကြောင်း၊ တစ်ဖက်သော ခြေတော်က ကရုဏာတရားကြီးမားပုံကို ပြသကြောင်း ဆိုပါသည်။ 
ဤကဲသို့ လှိုင်ဂူကျောင်းမျိုး ၅-ကျောင်းတိတိ ရှိကြောင်း လိုက်ပါရှင်းပြပေးမယ်-ဟု ပြောသည်။ အလကားရှင်းပြတာ မဟုတ်ပေ။ ပိုက်ဆံပေးရလေသည်။ ထိုကြောင့် တော်ပါပီ ငါသိပါတယ်- ငြင်းပယ်ပီး ပထမရှင်းပြမှုအတွက် ရူပီးတရာ ပေးလိုက်သည်။ မြန်မာငွေအားဖြင့် တစ်ထောင်ကျပ် ဖြစ်သည်။ ထိုနောက် တစ်ခြားကျောင်းဆောင်များကို လိုက်ကြည့်ကြသည်။ နံရံဆေးပန်းချီများလည်း ရှိလေသည်။ ကျောင်းဆောင်တိုင်းအတွင်းဖက်မှာ ရုပ်ပွားတော်များ ပုံစံမျိုးစုံဖွင့် ထုလုပ်ထားလေသည်။ တကားကြီးတို့ စုံတွဲကတော့ အလှူခံပုံးထဲ ဒေါ်လာငွေထည့်ကာ ဆုတောင်းနေကြသည်။ ဓာတ်ပုံမှတ်တမ်းလည်း ရိုက်ကြသည်။ တစ်နေရာမှာ ဟိန္ဒူဘုရားကျောင်းကိုလည်း တွေ့ရသည်။

ကျောက်တောင်ထိပ်ပေါ်မှာ ရေကန်လေးနှင့် ထိုရေကန်ထဲတွင် ကြာပန်းကလေးများ ဖူးပွင့်နေသည်ကိုလည်း ကြည်နူးဘွယ်ရာ တွေ့ရသည်။ ဗောဓိပင်ကိုလည်း စိုက်ပျိုးထားလေသည်။ 
 တောင်ပေါ်က ဆင်းလာတော့ ညနေ့ ၅-နာရီးကျော်နေပီ ဖြစ်သည်။ ယနေ့ ဗောဓိပင်ရှိရာ အနုရာဓပူရမြို့မှာ ညအိပ်အနားယူကြမည် ဖြစ်သည်။ ဒမ္ဘူလနှင့် အနုရာဓပူရသည် ၆၆-ကီလိုမီတာ ဝေးလေသည်။ ထိုကြောင့် အနုရာဓပူရမြို့၊ မြန်မာဘုန်းကြီးကျောင်းသို့ ည ၈-နာရီလောက်မှ ရောက်၏။ ဆရာတော်ကို ၀တ်ပြုပီး ဆရာတော်က ဘုရားဖူးအစီအစဉ်များကို ညွန်ကြားလေသည်။ သူတတ်နိုင်သည့် ဖက်ကလည်း ကူညီလေသည်။ မနက်ဖြန် ဗောဓိပင် (ဇယသီရိမဟာဗောဓိ)ကို ဖူးမြော်မည် ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်...။
posted by dhammasami08

Monday, December 27, 2010

မွေးနေ့လက်ဆောင်

Happy Birthday to you!

အောက်ပါကဗျာလေးကို Face book မှ တကာမလေး တစ်ယောက်က မွေးနေ့လက်ဆောင် တောင်းလာသောကြောင့် ရေးဖွဲ့မိခြင်း ဖြစ်ပါသည်။ သူမက ပြောသည်။ သူမ ငယ်ပါသေးတယ်၊ အချစ်အကြောင်းကို စိတ်မ၀င်စားသေးပါ၊ ဒါကြောင့် ကဗျာရေးပေးလျှင် အချစ်အကြောင်း မပါစေနဲ့-တဲ့။ ဟုတ်ပါ၏။ ပြောလိုသည်မှာ အဆိုပါတကာမလေးကို အကြောင်းပြုပြီး ရေးဖွဲ့မိသော အဆိုပါ အစလေးလုံး၊ အလယ်သုံး၊ အဆုံး ငါး၊ ခွန်ရောက်-ဟူသော အလင်္ကာ-ကဗျာလေးနှင့်ကိုက်ညီစွာ မွေးနေ့လက်ဆောင် ကဗျာကို ရေးဖွဲ့ထားပါသည်။

တကာမငယ် ဆိုလိုသည်မှာ တစ်စုံတရာ တစ်ဦးတစ်ယောက်တည်းကိုသာ ချစ်တတ်တဲ့ အချစ်(လောဘ၊ တဏှာ)ကို ဆိုလိုဟန် တူပေမည်။ ဤကဲ့သို့ အချစ်အကြောင်း မပါပေမယ့် လောက(လူ့ရွာ)ကို ချစ်ဖို့၊ သဘာဝပတ်ဝန်းကျင်ကို ချစ်ဖို့၊ လောကပါလတရား(ဟိရီ၊ သြတပ္ပ)ကို စောင့်ရှောက်ဖို့ စသည့်စသည် ရည်ရွယ်သော အချစ်မျိုးနှင့် စာရေးသူက ရေးဖွဲ့ မိခဲ့ပါသည်။ ခံစားကြည့်ပါအုံး……..။

 
မွေးနေ့ကဗျာ

။ ။ ပင်လယ်ကြီးက၊ (အ)ရမ်းလှတယ်၊ မိုးလေမုန်တိုင်း ငြိမ်နေတယ်။
။ ။ ကောင်းကင်ထက်လည်း၊ သက်တန့်ကြွယ်၊ တိမ်မဲ့တိမ်ညို ကင်းရှင်းတယ်။
။ ။ ကမ္ဘာမြေကြီး၊ စိမ်းစေတယ်၊ သစ်ပင်တောတောင် ရှင်သန်တယ်။
။ ။ ပန်းရောင်စုံမြူး၊ ပွင့်ဖူးတယ်၊ ရာသီဥတု အလွန့်ကောင်းတယ်။
။ ။ လူသားမျိုးနွယ်၊ ငြိမ်းချမ်းတယ်၊ လောကတရား စောင့်ကြတယ်။
။ ။ ဒီလိုအခြေ၊ မြဲစေကွယ်၊ ဝေနေအားလုံး တောင်းတတယ်။
။ ။ မွေးနေ့ရှင်ရယ်၊ ပြုံးနေတယ်၊ ထာဝရပဲ မြင်ချင်တယ်။
။ ။ သက်တမ်းရာမို့၊ ရှည်လို့ရယ်၊ လောကကောင်းကျိုး ဆောင်ရွက်မယ်။
။ ။ ဖေဖေ မွေးမေ၊ ကျေးဇူးကွယ်၊ သမီး(သား)နေ့စဉ်ပို့သတယ်။
။ ။ စိန္တေဘုရားထံ၊ တောင်းဆုရွယ်၊ ဘ၀အမောငိမ်းစေကွယ်..။

ကျရောက်ပြီး၊ ကျရောက်ဆဲနှင့် ကျရောက်လတံ့သော မွေးနေ့ရှင်  အားလုံးကို ရည်ရွယ်ပါသည်….။


ကဗျာပါ ခက်ဆစ် ရှင်းလင်းချက်။          ။

 မဲ့- ကင်းမဲ့ခြင်း၊ မရှိခြင်း၊ ကင်းစင်ခြင်း
စိမ်းစေ- သစ်ပင်များ ပေါက်ရောက်နေသောကြောင့် ကမ္ဘာမြေ စိမ်းစိုနေသည်
အလွန့်- အလွန့်အလွန်၊ အလွန်ကောင်းသည်
လောကတရား- လောကပါလတရား(ဟိရီ၊ သြတပ္ပ)
ေ၀ေန- ေ၀ေနယ်သတၱ၀ါ၊ သက္ရွိသတၱ၀ါအားလုံး
မြဲစေ- ထာဝရတည်တံ့နေ၊
ရာမို့- သက်တမ်း ရာကျော်၊ အသက်တရာကျော်၊ မို့မောက်ကျော်လွန် သက်ရာကျော်
ပို့သ- မေတ္တာအားဖြင့် ပို့သသည်၊ မေတ္တာပို့သည်
ဘ၀အမော- ဆင်းရဲဒုက္ခ
ငြိမ်းစေ- နိဗ္ဗာန်

posted by dhammasami08

Friday, December 24, 2010

ကျွန်ုပ်သိသော သီရိလင်္ကာ (အပိုင်း-၁)

သီရိလင်္ကာရှိ မြတ်ဗုဒ္ဓသမိုင်းဝင်နေရာများ

သီရိလင်္ကာနိုင်ငံကို  မြန်မာပြည်သူတို့က လင်္ကာဒီပ၊ သီဟိုဠ်ကျွန်းဟု သိရှိကြသည်။ ကျွန်ုပ်သည် ပညာရေးအတွက် ၂၀၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ-၄-ရက်နေ့မှာ သီရိလင်္ကာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပါသည်။ အခုဆိုရင်တော့ သီရိလင်္ကာသို့ ရောက်နေတာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်၏။ ပညာရေးလည်း ပြီးဆုံးသွားပြီ။ အမိမြန်မာပြည်သို့ ပြန်ဖို့ရန်လည်း ပြင်ဆင်ထားပြီးပြီတည်း။
ထိုကြောင့် သီရိလင်္ကာကို နှုတ်ဆက်ရန်အတွက် ပိုစ့်တစ်ပုဒ် အမှတ်တရ ရေးဖြစ်ရန် စိတ်ကူးလိုက်သောအခါ ကျွန်ုပ်၏ဘလော့ဂ်နှင့်လည်း လိုက်လျှောညီထွေစွာ ကျွန်ုပ်တို့ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အားလျှော်စွာ ဘလော့ဂ်သို့ လာရောက်လည်ပတ်ကြသော ဧည့်သည်တော်များအား အကယ်၍ ထိုနိုင်ငံသို့ အကြောင်းတိုက်ဆိုင်ကာ ဘုရားဖူးခရီးလာခဲ့လျှင် နိုင်ငံတစ်ဝှန်း သွားရောက်လည်ပတ်သင့်သော နေရာများကို သိရှိထားရန် ရေးသားတင်ပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

သီရိလင်္ကာနိုင်ငံ သိဖွယ်အကျဉ်း။ ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့်နေ့မှာပင် ၀ိဇယဗာဟုမင်းသားသည် လင်္ကာဒီပကျွန်းသို့ အိန္ဒိယမှ ကူးလာ၍ မင်းပြုလေသည်။ ထိုအခါမှစ၍ လူနေဒေသ ဖြစ်လာသည်။ မင်းဆက်ပေါင်း ၁၇၇- ရှိ၏။ ခရစ်-၁၅၀၅ခုနှစ် ပေါ်တူဂီလူမျိုးများ၊ ၁၆၀၂-၁၆၅၈-ခုနှစ် ဒတ်ခ်ျ(နယ်သာလန်)လူမျိုးများ၊ ၁၇၉၆-ခုနှစ် ဗြိတိသျှလူမျိုးများ၏ သိမ်းပိုက်ခြင်း ခံရသည်။ ၁၉၄၈-ခုနှစ်၊ ဖေဖေါ်ဝါရီလ-၄ ရက်နေ့မှာ ဒိုမီနိယံ လွတ်လပ်ရေးရကာ ၁၉၇၂-ခုနှစ်၊ မေလ-၂၂-ရက်မှစ၍ သီရိလင်္ကာသမ္မတနိုင်ငံ ဖြစ်လာသည်။ အနောက်တိုင်းသားများက သီရိလင်္ကာနိုင်ငံကို စီလုံ (Ceylon) ဟု ခေါ်သည်။  
(သီရိလင်္ကာသမိုင်း အကျယ်သိခြင်သူများ http://en.wikipedia.org/wiki/History_of_Sri_Lanka)

သီရိလင်္ကာနိုင်ငံသည် မြန်မာပြည်၏ အနောက်ဖက်၊ အိန္ဒိယပြည်တောင်ဖက်၊ အိန္ဒိယပင်လယ်အတွင်း၊ အိန္ဒိယဆိပ်ကမ်းမှ ၂၂-မိုင်၊ ရန်ကုန်မှ ၁၂၃၅-မိုင် အကွာအဝေးမှာ တည်ရှိပါသည်။ အလျား-၂၇၀၊ အနံ-၁၄၀-မိုင်၊ အကျယ်စတုရန်း-၂၅၃၃၂-မိုင် ရှိသည်။ သီရိလင်္ကာသည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒိယားနိုင်ငံတို့နှင်အတူ ထေရ၀ါဒဗုဒ္ဓဘာသာ ငါးနိုင်ငံတွင် ပါဝင်လေသည်။ ယခုအခါ လူဦးရေ သန်း-၂၀-ကျော်ရှိ၍ ဗုဒ္ဓဘာသာဝင် ၇၀-ရာခိုင်းနှုံး၊ ရဟန်းသံဃာ ၃-သောင်းကျော် ရှိသည်။

သာသနာ စတင်ချိန်။     ။ ဘုရားဖြစ်တော်မူပြီး ၉-လမှာ တစ်ကြိမ်၊ ၅-၀ါအရ တစ်ကြိမ်နှင့် ၈-၀ါအရမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ကြွရောက်တော်မူခဲ့ပေသည်။ သာသနာနှစ် ၂၃၇-ခုနှစ်၊ တတိယ သံဃာယနာတင်ပြီး ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ခဲ့ရာ အသောကမင်းကြီး၏သားတော် အရှင်မဟိန္ဒ၊ သမီးတော် သင်္ဃမိတ္တာထေရီမတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။ ဒေ၀ါနံပိယတိဿမင်း နန်းတက်စ ၇-လ၊ အရှင်မဟိန္ဒမထေရ် ၁၂-၀ါ အရမှာ သာသနာစတင်ပြန့်ပွားသည်။ 

မြတ်စွာဘုရားသခင် တတိယကြိမ် ကြွရောက်စဉ် နောက်ပါရဟန္တာငါးရာနှင့်တကွ သမာပတ်ဝင်စား၍ သီတင်းသုံးရာ ၁၆-ဌာနကို သမိုင်းဝင်အဖြစ် စေတီကြီး ၁၆-ဆူအထိမ်းအမှတ် တည်ထားခဲ့သည်။

သမိုင်းဝင် ၁၆-ဌာန။      ။ ၁။ မဟိယင်္ဂဏစေတီ၊ ၂။ နာဂဒီပစေတီ၊ ၃။ ကလျာဏီစေတီ(ကလျာဏီသိမ်)၊ ၄။ စေတီပါဒစေတီ(ခြေတော်ရာတောင်)၊ ၅။ ဒိဝါဂုဟာစေတီ၊ ၆။ ဒီဃ၀ါပီစေတီ၊ ၇။ မုတိယင်္ဂဏစေတီ၊ ၈။ တိဿမဟာဝိဟာရစေတီ၊ ၉။ ဒက္ခိဏသာခါ-မဟာဗောဓိပင်၊ ၁၀။ မရီစ၀ဋ္ဋိစေတီ၊ ၁၁။ မဟာစေတီ၊  ၁၂။ ထူပါရာမစေတီ၊ ၁၃။ အဘယဂိရိစေတီ၊ ၁၄။ ဇေတ၀နစေတီ၊ ၁၅။ သိလာစေတီ၊ ၁၆။ ခီရစေတီ တို့ဖြစ်ကြသည်။
(လာမည့်ပိုစ့်များမှာ ၎င်းတို့ကို အကျယ်ရေးပါမည်။)
မှတ်ချက်။        ။ ပါရာဇိကဏ် အဋ္ဌကထာဝယ် (၁-၃-၆-၇-၉--၁၁-၁၂)ဟူသော ၇-ဌာနသာ ဖေါ်ပြသည်။

မြန်မာပြည်သားများ ဘုရားဖူးသွားရောက်လေ့ရှိသော နေရာများ။    ။

၁။ မြတ်ဗုဒ္ဓစွယ်တော်။    ။ မြန်မာများ အဓိကဖူးမြော်လေ့ရှိသော စွယ်တော်မြတ်ကို သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ကန္ဒီမြို့မှာ ကိန်းဝပ်ပူဇော်ခံထားလေသည်။ ကန္ဒီမြို့သည် ကိုလံဘိုမြို့တော်မှ ၁၁၅-ကီလိုမီတာခန့် ဝေး၍ ကိုယ်ပိုင်ကားဖြင့် ၃-နာရီလောက် မောင်းရလေသည်။ စွယ်တော်ဖူး မြန်မာများသည် ကန္ဒီမြို့ရှိ မြန်မာဘုန်းကြီးကျောင်း (Burmese Rest) မှာ တည်ခိုးပြီး ဘုန်းကြီး၏ညွန်ကြားချက်အတိုင်း စွယ်တော်ဖူးပါက အဆင်ပြေလွယ်ကူစွာ ၀င်ရောက်ဖူးမြော်ခွင့်ကို ရကြပေလိမ့်မည်။ လှုဘွယ်ဝတ္ထုကိုင်ကာ အဖြူရောင်ဝမ်းဆက် ဆင်တူဝတ်၍ စွယ်တော်မြတ်ကို ၀င်ရောက်ဖူးမြော်ခြင်းဖြင့် ယုံကြည့်မှုအပြည့် ကြက်သီးဖြန်းဖြန်းထလောက်အောင် ရင်မှာပီတိဖြစ်ရပြီး တောင်းဆုလိုရာ ဆုမွန်ချွေသင့်လပေသည်။
မြတ်ဗုဒ္ဓစွယ်တော်ကို လေးနှစ်တစ်ကြိမ် စွယ်တော်ထည့်ရာကြုပ်ကိုဖွင့် လှစ်ဟပြသပြီး ခန်းနားကြီးကျယ်စွာ လှည့်လည်ပူဇော်ခံခြင်း၊ နှစ်စဉ်နှစ်တိုင်း စွယ်တော်ကြုပ်ကို ပိတ်လျှက် အခန်းအနားဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် နေ့စဉ်နေ့တိုင်း မနက်ဆွမ်းတော်တင်ချိန်၊ နေ့ဆွမ်းကပ်ချိန်တို့၍ စွယ်တော်ကိမ်းဝပ်ရာ ကျောင်းဆောင်ကို လှစ်ဟပေးခြင်းဖြင့် နိုင်ငံရပ်ခြားဘုရားဖူးများ ဖူးမြော်ခွင့်ရကြလေသည်။

သီရိလင်္ကာရောက် မြတ်ဗုဒ္ဓစွယ်တော် သမိုင်း။      ။
အရှင်ခေမာ ရဟန္တာမထေရ်သည် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် မီးပူဇော်ချိန် မီးသွေးပုံထဲမှ မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်မြတ်ကို ကောက်ယူပူဇော်ထားလေသည်။ ထိုနောက် ကလိင်္ဂတိုင်း၊ ဒန္တမြို့ကို အုပ်ချုပ်သော ဗြဟ္မဒတ္တမင်းကို ပူဇော်ရန် ပေးအပ်ခဲ့လေသည်။ နှစ်များစွာကြာပြီးနောက် ဂုဟသီဝမင်းလက်ထက်ဝယ် ပါဋလိပုတ်ပြည်သခင် ပဏ္ဍုမင်းက စွယ်တော်နှင့်တကွ ဂုဟသီဝမင်းကို ဖမ်းဆီးရန်ကြိုးပမ်းသောအခါ သမီးတော် ဟေမမာလာနှင့် သူမ၏ခင်ပွန်း ဒန္တမင်းသားတို့အား သူ၏ငယ်ချင်း မင်းလုပ်အုပ်ချုပ်နေသော လင်္ကာဒီပကျွန်းသို့ စွယ်တော်ယူပီး ထွက်ပြေးကြရန် ညွန်ကြားခဲ့လေသည်။ ဂုဟသီဝမင်း အသတ်ခံရချိန်မှာပင် သမီးတော်နှင့် မင်းသားတို့သည် လင်္ကာဒီပကျွန်းသို့ စွယ်တော်နှင့်အတူ ရောက်ရှိလာခဲ့ပေသည်။
ပေါရောနရုဝခေတ်ကာလတစ်လျှောက် ဗုဒ္ဓမြတ်စွယ်တော်ကို ပေါရောနရုဝမြို့တော်၌ ကိုယ်းကွယ်ပူဇော်ထားရှိပြီး ကိတ္တိသီရိ မေဃ၀ဏမင်းလက်ထက်ဝယ် ကျေးကုလား(ဒမိဠ)တို့၏ ဘေးရန်းကြောင့် ယခုလက်ရှိ ကန္ဒီမြို့သို့ ပြောင်းရွေ့ပူဇော်ထားလေသည်။ ယခုခေတ် တိုင်းဂါးသူပုန်တို့ကလည်း မြတ်ဗုဒ္ဓစွယ်တော်နှင့် ဗောဓိပင်ကို ဖျက်ဆီးရန် အမျိုးမျိုးကြိုးပမ်းကြလေသည်။ ၂၀၀၉-ခုနှစ်မှစ၍ တိုင်းဂါးသူပုန်တို့ လုံးဝချုပ်ငြိမ်းသွားပီတည်း။ ဗုဒ္ဓဘာသာဝင် သီရိလင်္ကာပြည်သူတို့သည် ထိုမြတ်ဗုဒ္ဓစွယ်တော်နှင့် ဗောဓိပင်ကို အသက်နှင့်ထပ်တူ မြတ်နိုးပူဇော်ကာ ကာကွယ်ထိမ်းသိမ်းခဲ့ကြသည်။
မြတ်ဗုဒ္ဓစွယ်တော် လေးဆူရှိရာ လက်ဝဲအောက်စွယ်တော်မြတ်ကို ယခု သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့၌ ကိန်းဝပ်ပူဇော်ခံထားရပြီ၊ နဂါးပြည်မှာ တစ်ဆူ၊ နတ်ပြည်စူဠာမဏီစေတီမှာ တစ်ဆူနှင့် တရုတ်ပြည်မှာ တစ်ဆူတည်ရှိသည်ဟု- သိမှတ်ရလေသည်။
 ဆက်လက်ဖေါ်ပြပါမည်။

(မကုဋရာမမြန်မာကျောင်း၊ ၂၈၄-ဒေမတဂေါတလမ်း၊ ကိုလံဘို-၀၉၊ သီရိလင်္ကာနိုင်ငံ)
posted by dhammasami08

Saturday, December 18, 2010

ရန်မူကင်းဝေး နှလုံးအေး

The way of making Nobleman!

“He abused me, he ill-treated me, he got the better of me, he stole my belongings;” 
the enmity of those harbouring such thoughts cannot be appeased.

ဤမည်သူကား၊ ငါ့အားဆဲရေး၊ နှိပ်စက်သေး၏၊ ဤထက်မျက်သို၊ နိုင်လိုမင်းထက်၊ စည်းစိမ်ပျက်အောင်၊ လုယက်ယူငင်၊ အသင်လူသား၊ ယုတ်လှတကား-ဟု၊ ရန်ငြိုးထားလျှင်၊ ဘယ်ခါရန်ငြိုး၊ မပြေမိုးမြေ၊ ငြိမ်းငြိမ်း၏တည်း။

“He abused me, he ill-treated me, he got the better of me, he stole my belongings;” 
the enmity of those not harbouring such thoughts can be appeased.

ဤမည်သူကား၊ ငါ့အားဆဲရေး၊ နှိပ်စက်သေး၏၊ ဤထက်မျက်သို၊ နိုင်လိုမင်းထက်၊ စည်းစိမ်ပျက်အောင်၊ လုယက်ယူငင်၊ အသင်လူသား၊ ယုတ်လှတကား-ဟု၊ ရန်ငြိုးမထား၊ ထိုသူများသာ၊ ရန်သူကင်းပ၊ ငြိမ်းလေခတည်း။

Hatred is, indeed, never appeased by hatred in this world. 
It is appeased only by loving-kindness.

လူ့ပြည်ထိုထို၊ ရန်ကိုရန်ခြင်း၊ တုံ့ပြန်ရှင်းက၊ ကာလဘယ်မှာ၊ ငြိမ်းပါမည်နည်း။ လောကတံထွာ၊ ဓမ္မတာကား၊ ရန်ကိုတား၍၊ ရန်အားရန်ခြင်း၊ မတုံ့လျှင်းမှ၊ ငြိမ်းအေးစွာ-ဟု၊ ဗုဒ္ဓမြတ်စွာ၊ ဟောထွက်လာသတည်း။

 People, other than the wise, do not realize, “We, in this world, must all die.” 
 (and not realizing it continue their quarrels). 
The wise realize it and thereby their quarrels cease.

အသိကင်း၍၊ မိုက်တွင်းနက်သူ၊ များဗိုလ်လူကား၊ အဆုံးတစ်နေ့၊ မုချသေမျိုး၊ မသိရိုးမို့၊ ခိုက်ရန်ပွါးလျှက်..၊ မြင်ညာဏ်ရှင်း၍၊ လျှော်ကန်ကောင်း-ဆိုး၊ သိသူမျိုးမှာ၊ ရန်မူငြိမ်းအေး..၊ ကျိုး-ကြောင်းပေးကာ၊ မြတ်စွာဗုဒ္ဓ၊ ဟောဖော်ပြသည်၊ ရန်ငြိုးခပင်း ငြိမ်းစေသောဝ်။

(ဓမ္မပဒ၊ ဂါထာ-၃၊ ၄၊ ၅၊ ၆)

posted by dhammasami08

Wednesday, December 15, 2010

အိမ်ရှင်မနှင့် တလတာ ဘတ်ဂျက်

စာရေးသူ၏ ဇာတိမြို့က ဘုရားဖူးဧည့်သည်များ ရောက်လာသဖြင့် ဘုရားဖူးလိုက်ပို့ရင်း ၇-ရက်ခန့် ဘလော့ဂ်နှင့် ကင်းကွာနေရသည်။ အခုတော့ ဧည့်သည်တော်များ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွါသွားပီဖြစ်၍ အချိန်ရခိုက် အီးမေးလ်အား ၀င်ရောက် စစ်ဆေးဖတ်ရှုမိခဲ့သည်။ အောက်ပါ ပို့စ်သည် မလေးရှားက ဒကာမလေး ရှလင်တန် ပေးပို့လိုက်သော မေးလ်ကို ဘာသာပြန် ဖေါ်ပြလိုက်ပါသည်။ ခံစားကြည့်ပါအုံး..။

သူတို့ပေးစာ

ယူကေမှာ အလုပ်လုပ်နေသော ယောက်ျားက အိန္ဒိယမှာ ကျန်ခဲ့သောဇနီးသည်အား အီးမေးလ်ဖြင့် စာရေးလိုက်သည်မှာ…..
 
ချစ်စွာသော သုနိတရေ...
ငါ ဒီလအတွက် မင်းဆီ ငွေမပို့နိုင်တော့ဘူး။ ဘာကြောင့်လဲဆိုတော့ ငါတို့ အလုပ်လုပ်နေတဲ့ ကမ္ဘာ့ဈေးကွက် ကုမ္ပဏီဟာ ကမောက်ကမဖြစ်ကာ ကပ်ဆိုက်နေတယ်လေ။ ဒါကြောင့် ငါတို့လည်း စီးပွါးပျက်ကုန်တယ်။
ဒါကြောင့်လေ ငါ မင်းအတွက် အနမ်းပွင့် တစ်ရာ(၁၀၀)ပဲ ပို့လိုက်ပါတယ်။ မင်းဟာ ငါ့ရဲ့ အသဲနှလုံးပါကွာ။ ကျေးဇူးပြု၍.... နားလည်ပေးပါနော်……။
မင်းရဲ့ချစ်လှစွာသော ခင်ပွန်း ..
Tuna Singh
……………………………………………………………………

ထိုအခါ ဇနီးသည်က သူမခင်ပွန်းဆီ စာပြန်ရေးလိုက်သည်မှာ….
TINKU KE PAPPA, တင်ကုကေ ပပရေ

မင်းရဲ့ အနမ်းပွင့်များစွာအတွက် ကျေးဇူးတင်ပါတယ်နော်..။ ပို့လိုက်သော မင်းရဲ့အနမ်းပွင့်များကို ငါ ဘယ်လို အသုံးပြုလိုက်သလဲဆိုတော့……….
၁။ နွားနို့လာပို့တဲ့ ကောင်းလေးကို တစ်လစာအတွက် အနမ်းပွင့် ၂-ပွင့် ပေးလိုက်ပါတယ်။
၂။ လျှပ်စစ်ပြင်တဲ့ ကောင်းလေးကိုတော့ မီးမဖြတ်ဖို့အတွက် အနမ်းပွင့် ၇-ပွင့်နဲ့ သဘောတူညီမှု ရခဲ့တယ်လေ။
၃။ အိမ်ငှါးပိုင်ရှင်ကတော့ လစဉ်ကြေးအစား အနမ်းပွင့် ၂-ပွင့်၊ သုံးပွင့် ယူဖို့ နေ့တိုင်း လာတယ်ရှင့်။
၎။ ဒါပေမယ့် စူပါမားကတ်ပိုင်ရှင်ကတော့ အနမ်းပွင့်ကို ယူဖို့ ငြင်ပယ်နေတယ်လေ။ ဒါကြောင့် တစ်ခြားလိုအပ်တာကိုပဲ ပေးလိုက်တယ်။ ရှင်နားလည်မယ်လို့ မျော်လင့်ပါတယ်။
၅။ အထွေထွေကုန်ကျစရိတ်အတွက်တော့ အနမ်းပွင့် ၄၀-ကို အသုံးပြုပါတယ်။
ကျမအတွက် စိတ်မပူနဲ့နော်။ ကျမမှာ အနမ်းပွင့် ၃၅-ပွင့် ကျန်ပါသေးတယ်။ ဒီတစ်လ အသုံးစရိတ်အတွက် အသက်ဆက် ရပ်တည်နေနိုင်တယ်လို့ မျော်လင့်မိပါတယ်။
ဒါလင်ရေ… နောက်လမှာလည်း ဒီအစီစဉ်ကို ဆက်လက်ကျင့်သုံး သင့်ပါ့မလား။
မင်းရဲ့ သက်လျာ….
 Sunita
…………………
I would like to give you the message that is NEVER MESS WITH WOMEN!

 posted by dhammasami08

Thursday, November 25, 2010

ကိုယ်ပိုင်ကာကွယ်ရေး


Made protect by yourself
အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ဘာသာတစ်ခုမဟုတ် တစ်ခုခုကိုတော့ ကိုးကွယ်ဆည်းကပ်ကြစမြဲ ဖြစ်ကြသည်။ အဓိကထင်ရှားသော ဘာသာကြီးလေးရပ် ရှိပေသည်။ ၎င်းတို့မှာ လူဦးရေအများဆုံးမှ စရေတွက်လျှင် ၁။ ခရစ်ယန်ဘာသာ၊ ၂။ မွတ်ဆလင်ဘာသာ၊ ၃။ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့ ဖြစ်ကြသည်။ ဆိုင်ရာကျမ်းဂန်တို့၏အဆိုအရ ဘာသာတရားတိုင်းသည် သူဟာနှင့်သူ ကောင်းမွန်သန့်ရှင်းကြလေသည်။ ဘာသာဝင်များက ဘာသာရေးခေါင်းဆောင်များကို ယုံကြည်ကြသကဲ့သို့ ဟောပြောချက်များကိုလည်း လိုက်နာကျင့်ကြံကြလေသည်။ သို့သော်လည်း အခုမျက်မှောက်မှာတော့ ကနဦးတည်ထောင်သူ ဘာသာရေးခေါင်းဆောင်သည် မည်သည်ဘာသာတွင်းမှ မရှိတော့ပေ။ ကွယ်လွန်သွားကြပီး ဖြစ်ကြလေသည်။
ဘာသာတရားကို စတင်ကိုးကွယ်ဆည်းကပ်ခြင်း၏အစသည် အကြောက်တရားပင် ဖြစ်သည်။ အကြောက်တရားကြောင့် အားကိုးရာ ရှာသည်။ အာရာမရုက္ခစေတယျာနိ မနုဿာ ဘယတဇ္ဇိတာ- လူသားတို့သည် အကြောက်တရားလွမ်းမိုးခံရသောကြောင့် အာရာမ်၊ သစ်ပင်၊ တောတောင်နှင့် စေတီတို့အား ကိုးကွယ်ဆည်းကပ်ကြလေသည်-ဟု မြတ်စွာဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။
ရှေးခေတ်က လူသားတို့သည် လျှပ်စီး၊ မိုးကြိုး၊ မုန်တိုင်းကျသည်ကို ကြောက်သည်။ မီးကို ကြောက်သည်။ စွန်ကြီး၊ သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီးများကို ကြောက်ရွဲ့ကြသည်။ ထိုအရာများကို ကိုးကွယ်ရာ အားကိုးရာအဖြစ် သတ်မှတ်ကြသည်။ အခုခေတ်လည်း အရပ်ဒေသအချို့မှာ ကိုးကွယ်ပသ ပူဇော်နေကြတုန်းပင် ဖြစ်သည်။
ဘုရားရှင်ပွင့်တော်မမူခင် အထက်ပါကိုးကွယ်မှုများအပြင် ဟိန္ဒူဘာသာသည် အိန္ဒိယတစ်ခွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ဘီစီ-၆ရာစုမှာ ကျွန်ုပ်တို့ မြတ်စွားဘုရားပွင့်တော်မူ လာခဲ့သည်။ ထို့နောက် ခရစ်ယန်ဘာသာ၊ ထို့နောက်မှ မွတ်ဆလင်ဘာသာ အစဉ်အတိုင်း ပေါ်ပေါက်လာကြသည်။ (မှတ်ချက်။ ။ သမိုင်းကို တင်ပြမည် မဟုတ်သောကြောင့် ခုနှစ်သက္ကရာဇ်များ မထည့်တော့ပါ။)
စာဖတ်သူများ နည်းနည်းတော့ မျက်စိလည်သွားမည် ထင်ပါသည်။ ဘာကို တင်ပြချင်တာလဲ… စဉ်းစားနေတော့မည်။
မှန်ပေသည်။ ဘာသာရေးခေါင်ဆောင်မရှိတော့သည်က တစ်ကြောင်း၊ နှစ်တွေကြာလသည်က တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် ဘာသာတရားတစ်ခု၏ မှန်ကန်မျှတခြင်းကို ဘယ်လိုပေတံဖြင့် တိုင်းတာကြမည်နည်း။ စဉ်းစားပေးကြပါ။ မည်သည့် စံနှုံးဖြင့်တိုင်းတိုင်း အဓိကမှာ ကိုယ်တိုင်သုတေသနလုပ်ကြည့်ဖို့ပင် ဖြစ်ပေသည်။ ဘာသာတရားကို စတင်တည်ထောင်သူမရှိ၍ ဒီဘာသာတရားကို တိုင်းတာဖို့က ၎င်းကိုယ်တိုင် ဟောကြားခဲ့သော တရားသည် ဒေါက်တိုင်၊ ချိန်ခွင်၊ မှန် ဖြစ်လေသည်။
မြတ်စွားဘုရားဟောကြားခဲ့သော တရားတော်များကို အဘိဓမ္မာသင်္ဂဟကျမ်းလာအတိုင်း ခွဲခြမ်းကြည့်မယ်ဆိုရင် လောကီတရားနှင့် လောကုတ္တရာတရားဟူ၍ နှစ်မျိုးနှစ်စား တွေ့ရမည် ဖြစ်လေသည်။ လောကီတရားဟူသည်မှာ တရားထူးကို မရသေးသူ၊ ထိုသူတို့အတွက် တရားထူးရရှိရန် ဟောဖော်ညွန်ပြ ဆိုဆုံးမထားခဲ့သော ဒေသနာတော်များ ဖြစ်ပေသည်။ တနည်းအားဖြင့် ပုထုဇဉ်နှင့် သက်ဆိုင်သော သဘာဝဖြစ်စဉ်နှင့် ဒေသနာစဉ်များ ဖြစ်ကြသည်။ လောကုတ္တရာတရားဟူသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် ဒေသနာစဉ်အားဖြင့် သက်ဆိုင်သော်လည်း သဘာဝဖြစ်စဉ်အားဖြင့် သာလွန်မြင့်မြတ်သောကြောင့် အရိယာပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုသော သဘာဝဖြစ်စဉ်များ ဖြစ်ကြလေသည်။
ထိုထုပုဇဉ်ပုဂ္ဂိုတို့သည် လောကီဘောင်ထဲတွင်နေထိုင်ပြီး ကိစ္စအ၀၀ကို ဆောင်ရွက်ရတတ်လေသည်။ ထိုအခါ အကြောက်တရားသည် မသိမသာ၊ သိသိသာသာပင် လွမ်းမိုးခံနေရတတ်ပေသည်။ ထိုအခါ လူသားတို့သည် အကြောက်ကင်းပီး ချမ်းသာစွာနေနိုင်ရန် အားကိုးရာတစ်ခုခုကို ဘာသိဘာသာ လက်ခံလိုက်ရတတ်သည်။
ဘာသိဘာသာလက်ခံထားသောကြောင့် ဘာသာဘာဝပဲ နေကြသည်။ နှစ်နှစ်ကာကာ စွဲစွဲလန်းလန်း သက်ဝင်ယုံကြည်မှု မရှိပေ။ ဤကဲ့သို့ ဘာကြောင့်ဖြစ်လေသနည်း ဟူသော်…. အကျိုးတရားကို မခံစားရသေးကြောင့်ဟု ယေဘုယျဆိုရပေမည်။ အကျိုးခံစားရလေအောင်း အကြောင်းတရားကိုကော လုပ်သလား။ ကျွန်ုပ်တို့ စဉ်းစားခန်း ၀င်သင့်ပီတည်း။
ဘာကိုလုပ်ရင် ဘာတွေဖြစ်မလဲ။ မသိသောကြောင့် မလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘာသာတရား၏ စစ်မှန်ခြင်းကို တိုင်းတာဖို့ဆိုရင် ကိုယ်တိုင် သုတေသနလုပ်ဖို့ လိုအပ်ပါသည်-ဟု အထက်မှာ တင်ပြခဲ့ပြီး ဖြစ်လေသည်။ တရားထိုင်ချင်သူများ တရားထိုင်ပေါ့။
ကဲ့.. လက်တွေ့သုတေသနလုပ်ရအောင် စာရေးသူက အပေါ်ဆုံးမှာ ဂါထာစုဏ္ဏိယပါဠိလေး ပေးထားပါသည်။ ပြန်ကြည့်လိုက်ပါအုံး။ မြတ်စွာဘုရားနုတ်တော်ထွက် တရားသားစစ်စစ်ဖြစ်ပါ၏။
အခါတစ်ပါး မြတ်စွာဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်ခြေ အရိပ်အ၀ါသကောင်းသော နေရာဝယ် ခေါက်တုံ့ခေါက်ပြန် စကြံလျှောက်တော်မူနေသည်။ ထိုအခါ ဒေ၀ဒတ္တ(ရဟန်း)သည် ဘုရားရှင်ကို သေစေရန် ဂိဇ္ဈကုဋ်တောင်ထိပ်ကနေ၍ ကျောက်တုံးကြီးဖြင့် လှိပ့်ချကာ လုပ်ကြံလေသည်။ သို့သော် မြတ်စွားဘုရားပေါ်သို့ ကျောက်တုံးကြီး မကျလာခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စွန်းကြီးနှစ်ခု ထွက်လာကာ ကျောက်တုံးကြီးကို ကာကွယ်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။ ဒါပေမယ့် ထိုနှင့်ထိခိုက်မိကာ ပဲ့ထွက်လာသော ကျောက်စကျောက်နကလေးတစ်ခုသည် မြတ်စွာဘုရာ၏ခြေတော်အား လာထိခိုက်သဖြင့် ခြေတော် သွေးချည်အုသွားခဲ့သည်။ ထိုအခါ မြတ်စွဘုရားသည် တောင်ပေါ်မျှော်ကြည့်တော့ ဒေ၀ဒတ်ကို တွေ့သွားသည်။ ထိုအခါ မြတ်စွာဘုရားက.. (မောဃပုရိသ)အလကားကောင်.. သင်သည် ဘုရားရှင်အား သွေးစိမ်းတည်စေသော မကောင်းမှုကို လုပ်လိုက်ပီ။ ငါ့ကို သေစေခြင်သော်လည်း ငါ မသေ.ဟု မိန့်တော်မူသည်။ ထိုအကြောင်းကို ရဟန်းတော်များ သိကြသောအခါ မြတ်စွာဘုရားအား စောင့်ရှောက်ရန် ပရိတ်ရွတ်သူရွတ်၊ ပတ်ဝန်းကျင် လှည့်လည်စင်္ကြ့လျှောက်နှင့် ဆူညံနေလေသည်။ မြတ်စွာဘုရား ကြားသိတော်မူ၍ အာနန္ဒာမထေရ်အား ရဟန်းတော်များကို ခေါ်ခိုင်းတော်မူသည်။

ရဟန်းတော်များရောက်လာသောအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ.. အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။ (ဧတေန သစ္စ၀ဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ)
အဓိပ္ပါယ်ကား… ချစ်သားရဟန်းတို့ သူတစ်ပါးလုံးလပယောဂဖြင့် ဘုရားရှင်တို့အား အသက်ဆုံးရှုံးရခြင်းမှာ ထုံးစံမရှိ၊ အခွင့်မရှိ၊ မဖြစ်နိုင်၊ မြတ်စွာဘုရားရှင်တို့မည်သည် သူတစ်ပါးလုံးလကင်း၍ ပရိနိဗ္ဗာန်ဝင်စံမြဲ ထုံးစံတည်း။ (ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အချိန်ပြည့် ဘုရာရှင်ကဲ့သို့ ဖြစ်ပါစေ) ဟူ၍ ဖြစ်၏။

အထက်ပါဘုရားစကားတော်ကို စာရေးသူသည် စာသင်သားဘ၀ကပင် အလွတ်ကျက်ပီး အိပ်ရာဝင်တိုင်း၊ ခရီးထွက်တိုင်း ရွက်ဖတ်သရဇ္ဈာယ်လေ့ ရှိပါသည်။ ညအိပ်ခရီးထွက်ရင်လည်း အိပ်ပျော်နေရင် မရွတ်မိမှာစိုး၍ လွယ်အိပ်မှာ ဘောလ်ပင်ဖြင့် ရေးထားသေးသည်။ ကြောက်တတ်လိုက်သည်မှာ လွန်ပါ၏။
အထက်ပါ ပါဠိကို မရွတ်တတ်လျှင် နေပေ့စေ၊ စာရွက်လေးမှာ ရေးထား၍ ဆောင်ထားရုံဖြင့် လေယာဉ်ပျက်ကျသော်လည်း အသက်မသေဘဲ လွတ်မြောက်လာသူအကြောင်းကိုလည်း ဖတ်မှတ်ဖူးပေသည်။
ယခုခေတ်ဝယ် အန္တရာယ်အလွန်များလသည်။ ကာ၊ ရထား၊ လေယာဉ်ပျံ၊ အသေခံဗုံးခွဲစသည်ဖြင့် နေရာမရွေး၊ အချိန်မရွေး တွေ့ကြုံနိုင်ပေသည်။ သို့သော်လည်း သမုဒ္ဒရာ၊ ၀မ်းတစ်ထွာမို့ မကြောက်အား မလန့်အား ရုန်းကန်လှုပ်ရှား စီးပွားရှာရသည်။ သို့သော် စိုးရိမ်ထိန့်လန့်မှုကား မပျောက်သွားပေ။ မည်သို့ဆိုပါစေ မိမိတို့မှာ အားကိုးရာ၊ ကိုးကွယ်ရာ တစ်ခုခု (ဥပမာ-ရတနာသုံးပါစသည်) ရှိထားပါက စိတ်သက်သာရာ ဖြစ်နေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်-ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ထားမှ ဘေးကြုံလာသောအခါ သက်သာရာ ရပေမည်။ မကြုံလာခဲ့သော်… ဤသို့ကား ကံသေကံမ မပြောနိုင်ပေ။ လုပ်သမျှတော့ ကုသိုလ်ရနေပေသည်။ ကုသိုလ်များများထုံလာခဲ့လျှင် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
ထိုကြောင့် စာဖတ်သူများအား ကျွန်ုပ်ပေးလိုသော မစ်ဆေ့စ်မှာ.. ဘုရားရှင်၏တရားတော်များ အားလုံးအစွမ်းထက်တာချည်းပင် ဖြစ်ပါသည်။ သို့သော် ကိုယ်နှင့်သဟဇာတ လိုက်ဖက်သော ကျင့်ဝတ်တစ်ခုခုကိုတော့ လက်လွတ်မခံဘဲ ကျင့်သုံးသင့်ပါကြောင်း..။

နိဗ္ဗာန်မရခင်စပ်ကြား ဘေးအန္တရာယ်ကင်း၍ လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ။


posted by dhammasami08

Sunday, November 21, 2010

အားကျမိသည်

 
အားကျမိတယ်

(I RESPECT HIM)

ရှင်တော်လက်ထက်၊ သမယချိန်ခါ၊
ဝဿာန်ကာလ၊ ဒီအချိန်မှာ၊
မိုးဖွဲ့ဖွဲ့ရွာ၊ အမိုးကာမရှိ၊
အထီးတည်းဖြင့်၊ အခင်းတစ်ခု၊
ကိုယ်ရုံတစ်ထည်၊ စိတ်အားမငယ်၊
တောင်ခြေနားပေါက်၊ သစ်ဝါးတစ်ပင်၊
ရင်ခွင်အောက်မှာ၊ မရှိချမ်းအေး၊
ပန်းပွင့်လေးဟု၊ လောကဓမ္မာ၊
စိတ်မှာမထား၊ သတိတရားဖြင့်၊
ရင်ငွေ့ပွေ့လျှက်၊ သူမွှေ့လျှော်၏။

 
ထိုနောက်တစ်ခါ၊ ရသီပြောင်းလည်း၊
ဟေမာန်ဆောင်းတွင်း၊ အမှီကင်းလျှက်၊
တောတွင်းနေရာ၊ ကျေးငှက်သရကာ၊
သံသာသီတေး၊ မကြားဘိသို့၊
တစ်နေ၀င်လျှက်၊ တစ်လထွက်ကာ၊
တစ်ဂူသို့ဝင်၊ တစ်စိတ်တည်းမို့၊
ဆိတ်ငြိမ်ရာဝယ်၊ မျက်လွှာမှိတ်လျက်၊
အဖေါ်ကင်းသော်၊ သူမွှေ့ပျော်၏။
တစ်ဖန်ရွှေ့လာ၊ နွေဦးကာလ၊
ဂိမှာန်ခတော့၊ လွင်တီးကြပ်မြေ၊
ပွန်းတီးပူလောင်၊ ဤသူတစ်ယောက်၊
မမှုလောက်ဘဲ၊ ရေအေးမကူ၊
ရေပူမကမ်း၊ စိတ်ဝယ်လန်းလျက်၊
ငြိမ်းအေးကာယ၊ တေဇာဟူက၊
မြူကဲ့သို့ထင်၊ သူ့ရင်ခွင်ဝယ်၊
ဓမ္မရေစင်၊ ခိုဝင်သွတ်သွင်း၊
ဒီဝင်းကိုဖြင့်၊ ဒီနှစ်မရက၊
နောင်နှစ်ဆက်ကာ၊ တစ်သက်တာလုပ်၊
နောက်မဆုတ်တမ်း၊ ခရီးလမ်းမျှော်၊
ဆိုးပြစ်သံသရာ၊ ကျွတ်လွှတ်ရာကို၊
မျှော်ကာမှန်းသည့်၊ အို…..ဘယ်ရဟန်း….။
ငြိမ်း ချမ်း လေစွ…ငြိမ်း ပေစွ……………

(ဒီဘ၀ ဒီခန္ဓာကို စွန့်ခြင်သည်)

posted by dhammasami08

Saturday, November 13, 2010

ကံကြမ္မာ

ကမ္မာပရာဓသတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။

အနယော နယရူပေန၊ ဗုဒ္ဓိမာကမျ တိဋ္ဌတိ။

Destiny

 ကံအဟုန်ညံ့က၊ ညာဏ်အစုံလည်း ကန်းရပ၊
ကံကြမ္မာ ဂြိုလ်စီးခဲ့လို့၊ ပျက်စီးဖို့လည်း နီးကပ်တာ၊
လမ်းမှန် လမ်းမှား ၀ိုးတ၀ါး၊ ဓားသွားပေါ်က ပျားရည်အလား၊
တားမရ ဓမ္မတာ၊ ငရဲခန်း တံခါးပွင့်လာ။
သို့ဖြစ်ပါ၍ သတိနှင့်ဆင်ခြင်ခါခါ၊
ကံညံ့ရင် ကံပြင်ပေါ့၊ ကုသိုလ်ပြုအခါခါ၊
ကံအဟုန်တောက်လာက၊ ညာဏ်အစုံးလည်း လန်းလာပ၊
အောင်ပန်းဆွတ်အခါခါ၊ အကျဉ်းစံဘ၀ လွတ်မြောက်တာ၊
ကိုယ့်ဘ၀ဟာ ကိုယ့်နှောင်အိမ်ပါ၊ ဖန်ခါခါ သိစမ်းကွယ်လေး။
နှောင်အိမ်ဘ၀ ရုန်းထွက်ကာ၊ ရှာစမ်းပေါ့ ဓမ္မကွယ့်လေး။
တက်လှမ်းပေါ့ မဂ်လမ်းမူ နိဗ္ဗူတိုင်ထိလေး..။

သတ္တ၀ါအားလုံး ဘ၀နှောင်အိမ်မှ ရုန်းထွက်နိုင်ကြပါစေ.....


 posted by dhammasami08

တစ်နေ့တာ အနားယူခြင်း


(Put the glass down!)
နေ့တစ်နေ့အဖွင့်စာမျက်နှာမှာ နေမင်းကြီးသည် ပထမဆုံး အလုပ်သမား ဖြစ်လေသည်။ အကျင်ပုဂ္ဂိုလ်သည် နေမင်းကြီး ထွက်မလာသေးခင် ဦးစွာပထမ အိပ်ရာထ၏။ သို့သော် ထိုပုဂ္ဂိုလ်အား နေ့တစ်နေ့၏ ပထမဆုံး အလုပ်သမားဟူ၍ မဆိုနိုင်သေးပေ။ ဘာကြောင့်လည်းဆိုတော့ နေမင်းကြီးသည် အနားယူ-မအိပ်စက်မူ၍ စင်္ကြ၀ဠာတစ်ဝန်း သက်ရှိ၊ သက်မဲ့တို့အား အလှည့်ကျ အလင်းရောင်ပေးကာ အလုပ်အကြွေးပြုနေသောကြောင့် ဖြစ်ပေသည်။
လူသားတိုင်းသည် စား၊ ၀တ်၊ နေရေးနှင့် ကျမ်းမာရေးအတွက် တစ်ခုမဟုတ်တစ်ခု မပျက်မကွက် နေ့စဉ်နေ့တိုင်း လုပ်နေရပါသည်။ ကျန်းမာရေး ဒေါင်ဒေါင်မြည်သူပင် အနည်းဆုံးကတော့ ကျန်းမာရေးအတွက် အိမ်သာတက်ရပါသေးသည်။ ဥပမာ ရိုင်းသွားရင် ခွင့်လွတ်ပါ။ သက်ရှိသတ္တ၀ါတိုင်း လုပ်လေ့ရှိသည်မှာ ၎င်းလေးခုမှလွဲပီး တစ်ခြားမရှိတော့ပေ။ အလုပ်လုပ်သည့်အခါ အမြဲတမ်း အဆင်ပြေလသည်ဟု မရှိပေ။ အမြဲတမ်း အဆင်မပြေဟူ၍လည်း မဟုတ်ပါ။ အမြဲတမ်း သက်တောင့်သက်သာဖြင့် လုပ်ရသည်ဟူ၍လည်း မဖြစ်နိုင်သလို အမြဲတမ်း ခက်ခဲကြမ်းထမ်းစွာ လုပ်ကိုင်နေရတယ်-ဆိုသော်လည်း မမှန်ပါ။ ဖိအားတွေ၊ တွန်းအားတွေနှင့် စိတ်ဖိစီးလာသည့်အခါ အလုပ်ရှင်တိုင်းနီးပါး ငြီးညူမိကြပေလိမ့်မည်။
ထိုကြောင့် တစ်နေ့တာ ကျော်ဖြတ်ခဲ့သော လုပ်ငန်းခွင်၏ဖိစီးမှုတွေကို ဘယ်လို ဖြေသိမ့်၊ အနားယူ၍ စိတ်လက်ပေါ့ပါးစွာ ကျော်ဖြတ်ကြမလဲ၊ ဘာကို ကျင့်သုံးကြမလဲ။ နည်းလမ်းတစ်ခုတော့ လိုအပ်လာသည်။ မှန်ပေသည်။ တစ်နေ့တာ ပင်ပန်းမှုဒဏ်ကို ထို့နေ့၏အလုပ်သမား နေမင်းကြီး မကွယ်ပျောက်ခင် ကုစားဖို့ ဆေးမြီးတို လိုအပ်လာပေသည်။ “ဆေးမြီးတို”ဟု ဆိုရသည်မှာ ထိုတစ်နေ့အတွက်ကို ရည်ရွယ်ပါသည်။ နောက်တစ်နေ့အတွက်လည်း ဖြစ်ပါသည်။ တစ်သက်လုံးလည်း ထိုဆေးမြီးတိုကို သုံးရင်သုံးရမည်။ ဆေးမြီးတို ဆိုတာက ညဏ်ရှိသလို သုံးရသည်။
ကဲ..ပြောနေတာ ကြာတယ်။ ဆေးမြီးတို ပေးလိုက်မယ်။ ဘာလဲဆိုတော့ “လက်ထဲမှာ ကိုင်ထားတဲ့ ဖန်ခွက်ကို လွှတ်ချလိုက်ပါ”တဲ့။ ဟာ..ဘာကြီးလဲ။ ဖန်ခွက်လွှတ်ချရင် ကွဲမှာပေါ့။ စာဖတ်သူရဲ့ အမြင် မှန်ပါသည်။ ဖန်ခွက်တစ်လုံး ဆုံးရှုံး သွားပေမည်။ မူရင်းစာသားက ဒီမှာပါ။ When you leave office today, put the glass down today!
ဆိုလိုသည်မှာ the glass သည်  ဖိစီးမှုဒဏ်၊ စိတ်ဖိစီးမှု၊ ကိုယ်ပင်ပန်းမှုတွေပင် ဖြစ်ပါသည်။ ဒါတွေကို စိတ်ထဲထားမနေနဲ့။ ဒီနေ့ ပြဿနာ ဒီနေ့လုပ်တဲ့ ရုံးခန်းမှာပဲ ထားခဲ့တော့။ အလုပ်ချိန်ပြည့်၍ ရုံးခန်းက ထွက်သည်နှင့် သယ်ဆောင် မလာပါနဲ့။ အိမ်ကို ဒီအရှုပ်အထုတ်ကြီး ယူမသွားဘဲ လွှတ်ချ ထားခဲ့တော့-ဟုဆိုလိုပါသည်။ လွှတ်ချရတာ လွယ်ပါသည်။ မည်သူက အလေးခံပီး သယ်မှာလဲ။ ပင်ပန်းတာပေါ့။ လွှတ်သာ ချထားခဲ့။ ပေါ့ပေါ့ပါးပါး အိမ်ပြန်သွားပါ။ ရုံးကိစ္စတွေ၊ အလုပ်စာရွက်တွေပါလာရင်လည်း ဖန်ခွက်က မကျသေးဘူးနော်။ ရဲရဲကြီးလွတ်ချလိုက်ပါ။ စိတ်လက်ပေါ့ပါးသွာမည်မှာ မြေကြီးလက်ခတ် မလွဲပါဘူး။
ကောင်းပြီလေ။ စိတ်ဝင်စားရင် ဒီပုံတိုလေးကို ဖတ်ကြည့်ပါအုံး။… တစ်ခါက တက္ကသိုလ်တစ်ခု၏ စာသင်ခန်းထဲမှာ ပါမောက္ခတစ်ဦး သူ၏ကျောင်းသားများအား အပြန်အလှန် မေးမြန်း ဖြေဆိုနည်းဖြင့် စာသင်နေလေသည်။ ပါမောက္ခက ဖန်ခွက်တစ်လုံးကို ကိုင်မြောက်ပီး စာသင်ခြင်းကို စတင်လိုက်သည်။ ဖန်ခွက်ထဲတွင် ရေ အနည်းငယ် ထည့်ထားသေးသည်။ ကျောင်းသားအားလုံး မြင်နိုင်စေရန်လည်း ဖန်ခွက်ကို ကိုင်မြောက်ထားလေသည်။ ပါမောက္ခက ကျောင်းသားတို့အား မေးခွန်းစတင်ထုတ်လိုက်သည်။
မေး။  ဟောဒီ..ဖန်ခွက်ရဲ့ အလေးချိန် ဘယ်လောက်ရှိတယ်လို့ မင်းတို့ ထင်သလဲ။
ဖြေ။ ၁၅၀-ဂရမ်…. ၁၀၀-ဂရမ်… ၁၂၅-ဂရမ်..စသဖြင့် ကျောင်းသားများ အလုအယက် အဖြေပေးကြသည်။
ထိုအခါ ပါမောက္ခက… “ငါကိုယ်တိုင် ဖန်ခွက်ရဲ့ အလေးချိန်းကို မသိပါဘူး။ ဒါပေမယ့် ငါရဲ့မေးခွန်းကတော့…အဲဒီလို မီနစ်ပိုင်းလောက် ဖန်ခွက်ကို ကိုင်မြောက်ထားရင် ဘာတွေဖြစ်လာမလဲ..ဆိုတာပဲ..ဟု မေးပြောပြောလေသည်။
ထိုအခါ ကျောင်းသားများက.. “ဘာမှ မဖြစ်ဘူး“ဟု ၀ိုင်းအော်ကြသည်။ ကောင်းပီ။ တနာရီးလောက် ဒီအတိုင်း ကိုင်မြောက်ထားရင်ကော..ဟု ပါမောက္ခက ထပ်ဆင့်မေးခွန်းထုတ်လိုက်သည်။ အားလုံး တိတ်ဆိတ်သွားလေသည်။ ဤတွင် တစ်ယေက်သော ကျောင်းသားက..ဆရာရဲ့ လက်မောင်းတွေ ကိုက်ခဲနာကျင် လာမှာပေါ့..ဟု ထပြောလေသည်။ မင်း မှန်တယ်..ဟု ပါမောက္ခသည် ထိုကျောင်းသားအား ဂုဏ်ပြုစကားဆိုသည်။ နောက်တစ်ခါ ပါမောက္ခက မေးပြန်သည်။
မေး။ ဒီဖန်ခွက်ကို ငါ တစ်နေ့လုံး ကိုယ်မြောက်ခဲ့ရင်ကော ဘာဖြစ်လာမလဲ။
ဖြေ။ ဆရာရဲ့ လက်မောင်းဟာ ထုံကျင်ကိုက်ခဲပီး အကြောသေသွားနိုင်သလို လက်မောင်းကြွက်သားတွေလည်း ဒဏ်ဖိစေနိုင်တယ်။ ပီးတော့ မလှုပ်မယှက် သွတ်ချာပါဒလိုက်သွားမယ်။ နောက်ဆုံးတော့ ဆေးရုံတက်ရမှာ သေချာပါတယ်။ ..ဟု တစ်ခြားကျောင်းသားတစ်ယောက်က အရဲစွန့်ပီး ဖြေလိုက်သောအခါ ကျောင်းသားအားလုံး ၀ိုင်ရည်(ရယ်)ကြသည်။
သို့သော် “အလွန်ကောင်းတယ်” ဟု ပါမောက္ခက စိတ်မဆိုးဘဲ ချီးမွမ်း စကားဆိုလေသည်။ ဒါပေမယ့် ကိုင်ထားတဲ့ အချိန်အတောအတွင် ဖန်ခွက်အလေးချိန် ပျောင်းလဲမှုရှိလား..ဟု ပါမောက္ခက စပ်းသပ်မေးပြန်သည်။ အဖြေကား….နိုး..ဟူ၍သာ ထွက်လာသည်။ တစ်ဖန် ပါမောက္ခက
မေး။ လက်မောင်း ထုံကျင်ခြင်း၊ လက်မောင်းဒဏ်ဖိခြင်းရဲ့ အကြောင်းရင်းခံက ဘာဖြစ်မလဲ..ဟု မေးသောအခါ ကျောင်းသားများ ဇဝေဇ၀ါ ဖြစ်ကုန်သည်။
မေး။ ၎င်းနာကျင်မှု၊ ဖိစီးမှုတွေကို ပယ်ထုတ်ဖို့ ထွက်သွားစေဖို့ ငါ ဘာလုပ်သင့်လဲ..ဟု ပါမောက္ခက ထပ်ဆင့်တစ်ဖန် မေးခွန်းထုတ်လိုက်သည်။ ထိုအခါ ကျောင်းသားတစ်ယေက်က ..
ဖြေ။ Put the glass down! ဖန်ခွက်ကို လွှတ်ချလိုက်ပေါ့..ဟု ဖြေလိုက်သည်။ ထိုအခါ ပါမောက္ခက.. မှန်လိုက်တာ။ ”မင်း ညဏ်ကောင်းတယ်” ဟု ချီးမွမ်းလေသည်။ ထိုနောက် ပါမောက္ခသည် ဖန်ခွက်ကို ကိုင်မြောက်ထားရင်း ကျောင်းသားတို့အား ရှင်းပြလေသည်။
“လူ့ဘ၀ ပြဿနာတွေဟာလည်း ဒီအတိုင်းပဲ”။ မီးနစ်ပိုင်းလောက် ကိုင်ထားရုံနဲ့ ဘာမှမဖြစ်သေးဘူး။ အဆင်ပြေတယ်လို့ ထင်ရတယ်။ စဉ်းစားကြည့်…….။ အချိန်အကြာကြီး ကိုင်ထားရင် ထုံကျင်လာမယ်။ ထိုထက်မက ကြာလာရင် သွက်ချာပါဒလိုက်မယ်။ နောက်ဆုံးတော့ ဘာဆိုဘာမှ မလုပ်နိုင်တဲ့ ဘ၀ ရောက်သွားမယ်။ အဲဒါ အရမ်းကို အရေးကြီးတယ်။ မင်းတို့ဘ၀မှာ နေ့တစ်နေ့ရဲ့ နောက်ဆုံး မင်းတို့ အိပ်ရာမ၀င်မီတိုင်အောင် ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို အောက်သို့ချထားဖို့၊ မေ့ပျောက်ခေါက်ထားဖို့ အလွန်ကို အရေးကြီးပါတယ်။ ဒီနည်းလမ်းအတိုင်း ကျင့်သုံးရင် မင်းတို့ဟာ ဖိစီးမှု မရှိဘဲ အိပ်ရာဝင်နိုင်မယ်။ နံနက်တိုင်း ဖိစီးမှု မရှိမူ၍ အိပ်ရာမှ နိုးထနိုင်မယ်။ နံနက်ခင်းရဲ့ လေကောင်းလေသန့် စိတ်ရွင်လန်း ပေါ့ပါစွာ ခံစားနိုင်မယ်။ တစ်နေ့တာ၏ အလုပ်ခွင်မှာ စိတ်လက်ချမ်းသာစွာ ဆောင်ရွက်နိုင်မယ်”။
ဒါကြောင့် စာဖတ်သူများ တစ်နေ့တာရဲ့ လုပ်ငန်းခွင် ပီးဆုံးချိန်မှာ သတိတရ ရှိရမှာကတော့ “ဖန်ခွက်ကြီးကို လွှတ်ချထားခဲ့ပါ”ဆိုတာပါပဲ။ ထပ်ဆင့်အကြံပြုလိုသည်မှာ အောက်ပါ စာသားလေးကို စာရွက်လေးမှာ ရေးပြီး ရုံးခန်းရဲ့ မြင်သာတဲ့နေရာမှာ ကပ်ထားသင့်ပါ၏။
“When you leave office Today, Remember to Put the glass down Today!”

အားလုံး ဘ၀အမောတွေ ပြေပါစေ…………။



posted by dhammasami08