Sunday, October 31, 2010

အဖေ့မှာတမ်း


အဖေ့မှာတမ်း
“ရောက်တဲ့အရပ်မှာ  ပျော်အောင်နေ။
တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း။
ရတဲ့ဟာနဲ့ ၀အောင်စား။
ရှိတာလေးနဲ့ လှအောင်ဝတ်။
ခွေးဟောင်တိုင်း ထမကြည့်နဲ့
အထက်ပါ ဆိုရိုးစကားလေးသည် မည့်သည့်ပညာရှင် မည်သူ၏မူပိုင်နှုတ်ထွက်စကားတော့ စာရေးသူ မသိပါ။ သို့သော် စာရေးသူဘ၀မှာ လက်တွေကျင့်သုံးခဲ့သော အဆိုအမိန့်များ ဖြစ်ခဲ့ပါသည်။ ဤအဆိုအမိန့်လေးကို စာရေသူ၏ အဖေက မြို့ပေါ်သို့ ပညာသင်သွားရောက်မည့် အကျွန်ုပ်အား သွားခါနီး မှာကြားလိုက်သည်ကိုတော့ ယနေ့တိုင် ကြားယောင်နေမိပါသည်။ အဖေ့မှာကြားချက်အတိုင်း လက်တွေ့လည်း ကျင့်သုံးနေမိခဲ့ပါသည်။ အဖေတစ်ယောက်၏ မေတ္တာ၊ ကရုဏာ၊ အဖေတစ်ယောက်ရဲ့စေတနာများစွာဖြင့် ကြင်ကြင်နာနာဂရုတစိုက် မှာကြားခဲ့၊ ဆုံးမခဲ့သည်ကိုတော့ ကျွန်ုပ် အကြွင်းမဲ့ ယုံကြည်နေမိသည်။
ထိုအချိန်က ကျွန်ုပ်သည် အသက် ၁၆-နှစ်သာသာ ရှိပေသေးသည်။ ၁၉၉၂-နှစ်မှာ တစ်ခါမှမရောက်ဘူးသော အဖေါ်တစ်ယောက်နှင့်အတူ စာရေးသူသည် ရန်ကုန်မြို့ကြီးသို့ စတင်ရောက်ရှိလာခဲ့ပါ၏။ ကျွန်ုပ်အကြောင်းကို ဒီမှာတင် ရပ်လိုက်ကြပါစို့။ စာဖတ်သူများ စာရေးသူ၏အကြောင်းကို ဖတ်ရလျှင် ငြီးငွေ့သွားပါလိမ့်မည်။ နောက်ပိုင်းမှာ ခရီးသွားဆောင်းပါးရှည် ပိုစ့်များရေးဖို့ ရည်ရွယ်ထားပါသည်။ အခုတော့ အချိန်နှင့် နေရာ အတည်မကျသေး၍ စာဖတ်သူများ သည်းခံစောင့်စားပါရန် မေတ္တာရပ်ခံပါသည်။
ပညာသင်သွားမည့် သားတော်မောင်အား ပညာကြိုးစားသင်အောင် မမှာကြားဘဲ ဘ၀နေထိုင်နည်းကိုသာ အဖေမှာကြားခဲ့သည်။ ထို့ကြောင့် ပညာသည် လူတစ်ဦးတစ်ယောက်အတွက် ဘ၀မှာ အရမ်းလိုအပ်နေပြီး အဓိကနေရမှာ ရှိနေပါသလား….။ အဖေသည် အဖေ့မှာ ပညာဘယ်လောက်ရှိသည်ကို ကျွန်ုပ် မသိပါ။ သို့သော် အဖေမှာလိုက်သော နောက်ဆုံးစကား “ရည်ရွယ်ချက်တွေ မပျောက်စေနဲ့” ကို ဟိုတုန်းက နားလည်သလိုလိုနှင့် အပြည့်အ၀ သတိမထားးခဲ့မိပါ-ဟု ၀န်ခံရပေမည်။ ပညသင်ပြီး ဘွဲ့၊ ဒီဂရီများပိုင်ဆိုင် ရရုံမျှဖြင့် လောကမှာ အောင်မြင်းတဲ့သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပီလား…။ လက်တွေ့ဘ၀မှာ ပျော်ရွင်ချမ်းမြေ့စွာ နေနိုင်ဖို့ လူမှုဘ၀ ပေါင်းသင်းဆက်ဆံနည်းနှင့် ဘ၀နေထိုင်နည်းကိုလည်း လေ့လာမှတ်သား လိုက်နာကျင့်သုံးရပေအုံးမည်။ ထို့ပြင် လူအများကြီးနှင့် သိကျွမ်းမိတ်ဆွေဖွဲ့ပီး ပေါင်းသင်းဆက်ဆံနေရုံမျှဖြင့် ဘ၀မှာ အောင်မြင်သွားပီလား…။ စီးပွါးရေး ဒလဟောတိုးတက်လာပီး စည်းစိမ်ဥစ္စာများ ပြည့်စုံလျှံအပယ်ဖြစ်လာလျှင် ဘ၀မှာ အောင်မြင်သွားပြီလား…။ ပန်းတိုင်ဆိုတာ ရှိရပါသည်။ ရည်ရွယ်ချက် ရှိရှိ မဖြစ်ဖြစ်အောင်၊ မရောက် ရောက်အောင် သွားရမည့် ပန်းတိုင် ရှိရပါမည်။ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ နှလုံးသွင်းထားရမှာက “ငါ ဒီတောင်ကို ကျော်နိုင်တယ်” ဆိုတာပါပဲ။
ထိုပန်းတိုင်ကို ရောက်ဖို့ သွားနေစဉ်မှာ သူများယောင်လို့ ကိုယ်မယောင်မိဖို့လည်း သတိရှိရသည်၊ ဂရုစိုက်ရပေမည်။ ယောင်ရင် ကြောင်မည်။ ကြောင်ရင် ပန်းတိုင် ပျောက်ပြီ။ ထိုကြောင့် “ခွေးဟောင်းတိုင်း ထမကြည့်နဲ့” ဟု အဖေက ဥပမာနှင့် ဆုံးမမှာကြားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဥပမာက ရိုင်းတယ်လို့ မမှတ်ယူစေခြင်ပါ။ အီဒီယမ်အသုံးအနှုံးဟု မှတ်ယူသင့်ပါသည်။ ညညဆို အိပ်ကောင်းတုံး ခွေးဟောင်ပါက အိပ်ရေးပျက်သည်။ သူများက ဟိုသင်တန်း တက်ပီတဲ့” ဟိုကောင်းက ဘယ်ဘာသာ ပြောင်းယူသတဲ့”စသည်စသည် သူများယောင်လို့ လိုက်ပြီးတော့ ယောင်တောင်တောင် မလုပ်ဖို့ ဆိုလိုပါသည်။ အခုအချိန်မှာတော့ ဟိုအဖွဲ့ မဲပေးပါလား၊ ဒီပုဂ္ဂိုလ်ပဲ မဲထည့်သင့်တယ်”စသည် ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ ယုံကြည်ချက် ယောင်တောင်တောင် ဖြစ်နေသလိုမျိုးကို ဆိုလိုပါသည်။ အင်္ဂလိပ် အီဒီယမ်မှာ go to the dog= ငါးပါးမှောက်တယ်၊ ပျက်စီးသည်။ dog eat dog= ဇာတ်တူသားစားသည်။ dog days=တစ်နှစ်တာ အပူဆုံးကာလ။ not have a dog’s chance= မျှော်လင့်ချက်မဲ့၊ အခွင့်အလမ်းပျောက်။ ထိုကြောင့် သူများယောင်လို့ လိုက်မယောင်ပဲ ရည်ရွယ်ထားသော ပန်းတိုင်သို့ တည့်တည့်မတ်မတ် ခရီးဆက်ဖို့ပင် ဖြစ်ပါသည်။ ဆိုလိုသည်မှာ “ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ပါ” ဟု တိုက်တွန်းခြင်ပါသည်။
ကိုယ့်မှာ မပြည့်စုံသေးသည့်ကာလ ဥပမာ ပညာသင်နေချိန်၊ စီးပွါးစလုပ်ချိန်၊ စတင်အရင်းအနှီးထည့်ဝင်ချိန် စသည့်အချိန်များ၌ စားစရာ၊ ၀တ်စရာ နေစရာ ဆင်းရဲနိုင်ပါသည်။ ထိုကာလမျိုးမှာ ရှိတာလေးနဲ့ လှအောင် ၀တ်တတ်၊ ဆင်တတ်၊ ပြင်တတ်ရပေမည်။ “လူမှာအ၀တ်၊ တောင်းမှာ အကွပ်” ဆိုသည့်အတိုင်း အသစ်အဆန်း၊ မလှပသည့်တိုင် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်တတ်ပါက သူတစ်ပါး အထင်အမြင် သေးခြင်းမှ ရှောင်လွဲနိုင်ပါသည်။ သူများအထင်မသေးသည့်အတွက် စိတ်ဓာတ်တွေလည်း ခိုင်မာလာကာ ယုံကြည်ချက်အတိုင်း ဆုံးဖြတ်နိုင်သဖြင့် အောင်မြင်သောသူတစ်ယောက်အဖြစ် လမ်းစပွင့်စေသည်။
အစားအသောက်အတွက်လည်း အာရုံစိုက်ရသည်။ အဟာရမပြည့်ဝလျှင် အားနည်းသဖြင့် စိတ်ထင်တိုင်း မလုပ်နိုင်။ သဗ်ဗေ သတ္တာ အဟာရဋ္ဌိတိကာ= သတ္တ၀ါတိုင်း အဟာရပေါ်မှာ မှီခိုနေရပါသည်။ သို့သော် “ဥစ္စာဖြို စားဖိုက” ဟူသော ဆိုရိုးစကားအတိုင်း ပိုက်ဆံကနည်းနည်း စားချင်တာက Hotel food ဟိုတယ်စာ ဆိုတော့ ဟိုစရိတ် ဒီစရိတ် ပေးရတာနှင့် မလောက်ငှပဲ ဗျာများတတ်သည်။ ထိုကြောင့် ရှိတာလေးနဲ့ ၀အောင်စားပီး ယခုရောက်ဆဲ မိမိဘ၀ကို ကျေနပ်နှစ်သိမ့်ရပေမည်။ မပြည့်စုံသေးတဲ့အချိန်မှာ နှလုံးသွင်းရမှာက “ဘာပဲ ဖြစ်ဖြစ် စိတ်မညစ်နဲ့” ဆိုတာပါပဲ။
လူမှုဘ၀သည် တစ်ဦးတစ်ယောက်တည်း ရုန်းကန်လှုပ်ရှား၍ အဆင်မပြေနိုင်ပေ။ နေ့စဉ်ဘ၀မှာ တစ်နည်းနည်းဖြင့် ပေါင်းသင်းဆက်ဆံနေထိုင်ကြရပေသည်။ ထို့ကြောင့် တွေ့တဲ့သူနှင့် အဆင်ပြေအောင် ပြောဆိုဆက်ဆံရပေသည်။ မိမိဘက်ကတော့ ရိုးသားရပေမည်။ ကိုယ်တိုင်ပေါင်းကြည့်မှ သိတတ်သည်။ သို့သော် သူ့စည်းကိုယ့်စည်း ရှိတတ်သည်။ သူငယ်ချင်းဆိုပေမယ့် သူ့ဂွင်ကို ကွက်ကျော်မရိုက်မိဖို့ စောင့်ထိမ်းတတ်ရသည်။ အသိပေးသင့်တာကို သိစေသည်မှတပါး ကိုယ့်ရည်းစားဆိုပြီး သူများကို လိုက်ကြွားရန် အခွင့်အရေးမရှိပေ။ ပေါင်းသင်းဆက်ဆံနည်း စာအုပ်များလည်း ဖတ်ရမည်။ ဥပမာအားဖြင့် (ဒေးလ်ကာနက်ဂျီ၏ စားအုပ်၊ ဦးနု ဘာသာပြန်) မိတ္တဗလဋီကာသည် လူမှုဘ၀ဆက်ဆံရေးအတွက် ကောင်းမွန်သောနည်းစနစ်များ ပါရှိသည်။ အများနှင့် ဆက်သွယ်တဲ့အခါမှာ “ရိုးသားခြင်းရဲ့ ဂုဏ်သိက္ခာကို ငွေနဲ့ဝယ်လို့မရ”ဆိုတာကို သတိရပေးပါ။
ရောက်တဲ့အရပ်မှာ ပျော်အောင်နေတတ်ဖို့ အရမ်းကို အရေးကြီပါသည်။ အများအားဖြင့် မိသားစုနှင့်အတူ အနေများသူကား အကြောင်းကြောင်းကြောင့် အဝေးတစ်နေရာမှာ တစ်ယောက်တည်းဖြစ်စေ၊ အစုအဖွဲ့နှင့်ဖြစ်စေ နေနေရပြီဆိုရင် အိမ်လွမ်းဝေဒနာ ခံစားရတတ်သည်။ အပေါင်းအဖေါ် သူငယ်ချင်းများနဲ့ အနေများသူများကလည်း သူငယ်ချင်းများကို လွမ်းနာကျတတ်သည်။ အဆိုးဆုံးကတော့ မိမိချစ်သူနှင့် အစိမ်းလိုက် ခွဲလိုက်ရတဲ့ နှလုံးသားဒဏ်ကို မခံနိုင်အောင် ဖြစ်ရတတ်သည်။ ထိုကဲ့သို့အခြေအနေမျိုးမှာ ပျော်အောင်နေဖို့ဆိုတာကိုတောင် မေ့နေတတ်သည်။ မိမိကိုယ်တိုင်ပျော်နေမှ အရာအားလုံးဟာ လှပနေမှာဖြစ်သလို လုပ်သမျှဟာလည်း လွယ်ကူစွာအောင်မြင် ပြီးမြောက်နိုင်မှာပါ။ ပျော်အောင်နေတတ်ဖို့ဆို “အကောင်းမြင်ဝါဒ” ရှိရပါသည်။ အရာရာကို အကောင်းဖက်က မျော်လင့်ထားရသကဲ့သို့ အဆိုးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။ လုပ်သလို မဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်တတ်ရပေမည်။ ဖြစ်သလိုလုပ်တယ်-ဆိုတာက ဖြစ်ကတတ်ဆန်း ပေါက်တတ်ကရလုပ်ခြင်းကို မဆိုလိုပါ။ လုပ်နိုင်သမျှ အမှားအယွင်း နည်းနိုင်သလောက်နည်းအောင် လုပ်ခွင့်ရှိတဲ့ အချိန်လေးမှာ အကောင်းဆုံးလုပ်သွားဖို့ ဆိုလိုခြင်း ဖြစ်ပေသည်။ မိမိအလုပ်အပေါ် စိတ်ဝင်းစားနေခြင်းသည်လည်း ဘယ်နေရာရောက်ရောက် ပျော်အောင်နေတတ်ခြင်း ဆေးတစ်နည်းပင် ဖြစ်သည်။ အဓိကနှင့် သာမညကို ခွဲခြားနားလည်ထားရပေမည်။ မလုပ်မနေရ၊ လုပ်မှဖြစ်မယ့်အရာသည် အဓိက-ဟု ဆိုနိုင်သည်။ တစ်နည်းအားဖြင့် မိမိရည်မှန်းထားသည် ပန်းတိုင်သည် အဓိကနေရာမှာ ပါဝင်ပါသည်။ လုပ်သင့်မှ လုပ်၊ မလုပ်ဘဲ နေလို့ရနိုင်သေးတဲ့ အရာများကား သာမညအလုပ်များ ဖြစ်ပေသည်။ အရေးမကြီသောအလုပ်၊ အချိန်ပိုရှိပါက ပန်းတိုင်နှင့် လမ်းလွဲနေသောအလုပ်များကို ၀ါသနာအလျှောက် လုပ်နိုင်ပါသည်။ ဆရာတ်ေကြီးတစ်ပါး ဆုံးမဖူးသည်။ “အများနဲ့အတူနေစဉ်မှာ တစ်ယောက်တည်း နေတတ်အောင် လေ့ကျင့်ထားရတယ်ကွ၊ သို့မှသာလျှင် တစ်ယောက်တည်း နေထိုင်ရတဲ့အခါ နေတတ်သွားပီ”။ တစ်ယေက်တည်း နေတိုင်း အထီးကျန်တယ်လို့ မဆိုနိုင်ပေ။ အများက ကိုယ့်ကို ကျဉ်ဖယ်ထား၍ အများထဲနေသော်လည်း အဖက်လုပ်မယ့်လူ မရှိမှသာ အထီးကျန်ခြင်းဟု ဆိုနိုင်ပါသည်။ ထိုကြောင့် တစ်ယောက်တည်း နေတဲ့အချိန်မှာ နှလုံးသွင်းရမှာက “အောင်မြင်မှုတွေ ရလာရင်၊ ပင်ပန်းမှုတွေ ပျောက်သွားမှာ” ဟူ၍ ဖြစ်ပါသည်။
တစ်ချိန်က အဖေဆုံးမခဲ့သော စကားလုံးများကို စိတ်ထဲမှာပေါ်လာသော အတွေးလေးအတိုင်း စာဖတ်သူများအား မ၀ံ့မရဲချပြလိုက်ခြင်း ဖြစ်ပါသည်။ အထက်ပါတင်ပြချက်များနှင့် ပတ်သက်၍လည်း လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါသည်။ အမှားတစ်စုံတရာပါကလည်း ဝေဖန်ထောက်ပြ အကြံပြုနိုင်ပါသည်။ စာဖတ်သူများအနေဖြင့် ပါလိပါဒ်သား အထောက်အထားမပါသဖြင့် ဆားမပါသော ဟင်းကဲ့သို့ စာဖတ်ရတာ ပေါ့သွပ်သွပ်မလေးနက်ဘဲ ရှိချင်ရှိပေလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ အချိန်ပေးကာ လာရောက်လည်ပတ်သော စာဖတ်ပရိတ်သတ်အား အတွေးတစ်စုံတရာ ပြန်ပါသွားရင်ဖြင့် ကျေနပ်နေမှာပါ။ အားလုံးကို ကျေးဇူးတင်လျက်………….။
 
posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ