Wednesday, October 20, 2010

ပညာရှိ ဖြစ်ချင်သည်


ပညာရှိ ဖြစ်ချင်သည်

I know that is I know nothing
    ၁၉-၁၀-၂၀၁၀- ရက်နေ့က “ဦးပေါ်ဦးလျှောက်ထုံး” အမည်ရှိ စာအုပ်လေးတစ်အုပ် ဖတ်လိုက်ရသည်။ “ဦးပေါ်ဦး”ဆိုသည်မှာ ရှေးဘုရင်မင်းများလက်ထက်က အထင်ကရ ပညာရှိအမတ်ကြီးတစ်ဦးဖြစ်ကြောင်း စာဖတ်သူများ သိရှိကြပြီး ဖြစ်ပါသည်။ ၎င်းစာအုပ် စာမျက်နှာ (၂၄၉)၌ မိုးတားစားအမတ်ကြီးနှင့် ပတ်သက်၍ ဦးပေါ်ဦး၏လျှောက်ကြားချက်သည် မှတ်သားဖွယ်ရာဖြစ်သည်။
          တရံသောအခါ ဘ၀ရှင်မင်းတရားကြီးသည် အမတ်ကြီးဦးပေါ်ဦးအား မိန့်ကြားသည်မှာ “မင်းကြီး.. မိုးတားစားအမတ်ကြီးသည် ပညာဂုဏ်ဖြင့် လွန်စွာမာန်စွယ်ပြသည်-ဟု ထင်တော်မူတယ်။”ဟု မိန့်တော်မူ၏။ ထိုအခါ အမတ်ကြီးဦးပေါ်ဦးက တင်လျှောက်သည်မှာ “ဘုန်းတော်ကြောင့် ဘုရားကျွန်ဝန် တင်ဦးအံ့၊ မိုးတားစား၌ ပညာတည်းဟူသော အမြီးပေါက်ခြင်းသည် ဥပမာဆိုသော် ခွေးများမှာ ပေါက်သောအမြီးနှင့်တူ၏။ အခြားသူတို့၌ ပေါက်သော ပညာတည်းဟူသော အမြီးမှာ ဆင်၊ မြင်း၊ ခြင်္သေ့စသော သတ္တ၀ါတို့၌ ပေါက်သော အမြီးနှင့်တူ၏။ အဘယ်ကြောင့်နည်း ဟူမူကား- ဆင်၊ မြင်း စသည်တို့၌ ပေါက်သောအမြီးသည် မှက်၊ ခြင်၊ ယင်တို့ကိုလည်း ခြောက်ရသည်။ မိမိတို့၏အဂါင်္စပ်ကိုလည်း ဖုံးလွှမ်းရသည်။
          ခွေး၌ပေါက်သော အမြီးမှာ မှတ်၊ ခြင်၊ ယင်စသည်တို့ကိုလည်း မခြောက်ရ၊ မိမိအင်္ဂါစပ်ကိုလည်း မဖုံးလွှမ်းရ၍ မလုံဘဲ ရှိချေသည်။
          ထို့အတူ မိုးတားစားသည် ပညာဖြင့် လုံလောက်သူမှန်ပါလျက် မိမိအရှက်ကိုလည်း မဖုံးလွှမ်း၊ သူတစ်ထူးတို့မှ လာလတ္တံ့သော အရေးကိုလည်း ကာကွယ်တာဆီးခြင်းကို မပြုနိုင်သည့်အပြင် ခွေး၏အမြီးကဲ့သို့ ပညာတည်းဟူသော မာန်မြီးကို တထောင်ထောင်နှင့် နေခြင်းသည် ပညာရှိတို့ ရယ်ဘွယ်ရာသာ ဖြစ်ပါကြောင်းကို ရှိခိုးသံတော်ဦးတင်ပါသည်ဘုရား” ဟူ၍ တင်လျှောက်လျင် ဘ၀ရှင်မင်းတရားကြီးနှင့် တကွသော မင်းပရိသတ်တို့သည် လွန်စွာရယ်မောကြကုန်၏။
ဤသည်ကား စာအုပ်ပါစာသားအတိုင်း ကော်ပီရေးပေးလိုက်ပါသည်။ အထက်ပါ ဦးပေါ်ဦး၏ လျှောက်လဲချက်များသည် ယခုခေတ်ပညာတတ်ဟု ဆိုသူများ၊ တစ်နည်းအားဖြင့် မိမိမူရင်းနာမည်နောက်တွင် B.A, M.A, Ph.D, လင်္ကာရ၊ ဘိဝံသ၊ ဓမ္မာစရိယဘွဲ့၊ ဒီဂရီအသီးသီး ချိတ်ဆက်ထားသူများ သတိထားဖွယ်ရာ၊ မှတ်သားဖွယ်ရာ အလွန်ပင်ကောင်းပေသည်။
ပညာမာန-ပညာတည်းဟူသောမာန်သည် လူသားတို့အား အလွန်းပင် အန္တရာယ်ပေးသည့်အပြင် ထိုသူတို့အတွက် အလွန်လည်း ကြောက်စရာကောင်းပေသည်။ ပညာရှိ လူမိုက်နှင့် ပေါင်းသင်းဆက်ဆံရခြင်းသည် ပစ္စည်းဥစ္စာ ပိုင်ဆိုင်မူများသာ ဆုံးရှုံးနိုင်ပြီး၊ ပညာမတတ် လူမိုက်များနှင့် အကျွမ်းဝင်သူများကား အသက်ပါဆုံးရှုံးခြင်းသို့ ရောက်နိုင်သည်။ သို့သော် အထက်ပါ ပုဂ္ဂိုလ်နှစ်မျိုးလုံးနှင့် ပေါင်းသင်းဆက်ဆံမည့်အစား ပညာတတ် မာန်ဟုန်တက်နေသော ပုဂ္ဂိုလ်နှင့် အကျွမ်းဝင်ထားပါက တော်ပေသေး၏။ ဆရာတော်တစ်ပါက ပြောဖူးသည်။ “ဟေး..လောကမှာ ပညာတတ်မှကွ။ ပညာမတတ်ရင် ဥစ္စာရှိရမယ်ကွ။ သို့မဟုတ် အာဏာရှိရမယ်ကွ။” ဆိုလိုသည်မှာ အထက်ပါ သုံးမျိုးထဲမှ တစ်ခုခုတော့ ရှိရမည်။
အာဏာဘယ်လောက်ပင် ရှိရှိ ပညာတတ်ကို မှီခိုအားကိုးရသေးသည်။ ထို့အပြင် ဥစ္စာမည်သို့ပင် ရှိပစေ ပညာနည်းပါးခဲ့လျှင် ပစ္စည်းဥစ္စာတို့သည် ကြာမြင့်စွာ မတည်မြဲနိုင်ပေ။ ပညာသည် အခရာဖြစ်သည်။ ပညာသည် ပေါင်းကူးပေးသည်။ အာဏာတည်မြဲအောင်၊ ဥစ္စာတိုးပွါးအောင် ပညာဖြင့် ထိမ်းချုပ်ရသည်။ ထို့ကြောင့် ထင်ပါသည် ပညာတတ်များဟာ အလွန်ခေါင်းမာသည်-ဟု ဆိုကြသည်။ သုံးမျိုးတွင်းမှ တစ်ပါးပါး ယွင်းခဲ့သော် ထိတ်တန်းမှာ မရပ်တည်နိုင်ပေ။
ထို့ကဲသို့ အလွန်ပင် အရေးပါသောကြောင့် မည်သူမဆို ပညာရှာရလေသည်။ “ပညာရွှေအိုး လူမခိုး” ဟုပင် ဆိုရိုးရှိသည်။ “ပညာရဲရင့် ပွဲလယ်တင့်” “ပညာလို အိုသည်မရှိ” ပညာရှာ ပမာသူဖုန်းစား” စသည့်စသည် ပညာရှာခြင်းနှင့်စပ်လျှဉ်း၍ ဆိုရိုးစကား အများအပြားပင် ရှိပေသည်။ ပညာကို ရွှေအိုးနှင့် တင်းစားသည်။ ထိုကြောင့် ပညာသည် ဥစ္စာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာတည်းဟူသော ဥစ္စာကို လုယက်ခိုးယူ၍ မရ-ဟုဆိုသည်။ သို့သော် ထိုပညာ ခိုးယူမည့်သူကား ရှိနေသည်။ မည်သူနည်း။ မာန်မာနတရားပင် ဖြစ်ပေသည်။ ပညာရှိဖြစ်လျှက် မာနဟုန် လျှံတက်က ရှက်ဖွယ်ရာ ဖြစ်ကြောင်း ဦးပေါ်ဦးက ဥပမာနှင့်တကွ ပြောခဲ့သည်။
မန်လည်ဆရာတော်ဘုရားကြီးကလည်း “ပိဋကတ်အစွယ်ထောင်လျှင် အပါယ်ဘောင် ဆင်းရလိမ့်လေး”ဟူ၍ ဒွေးချိုးကြီးဖြင့် ဆုံးမခဲ့သည်။ အစွယ်သည် မာန်မာနတရားကို ဆိုလိုပါသည်။ ပိဋကတ်တတ်သည်။ ဘုရားအဆုံးအမများ ကျင့်သုံးသည်။ သို့သော် ပညာမာန်ဟုတ် တောက်နေသော်ကား အဘယ်မှာ ကျင့်သုံးလေသနည်း။ အဘယ်ကဲ့သို့ ပိဋကတ်စာပေ တတ်ကျွမ်းသနည်း။ စဉ်စားသင့်ပေသည်။ “စာမှာမတတ်၊ ကိုယ်မှာတတ်၊ ဂဟကိုက်တတ်သည်” ဟူသော အဆိုလေး ကြားဖူးပါသည်။ ပညာမတတ်ဘဲ သညာသိဖြင့် တတ်မြောက်ခြင်းကား တဏှာ၊ မာန၊ ဒိဋ္ဌိတရားများ လွမ်းမိုးခံရပြီး သူတစ်ပါး အော့နှလုံးနာခြင်းကို ခံရတတ်သည်။ အဆံပြည့်သော ဆန်စပါးသည် အောက်သို့ ညွတ်ကျနေသည်။ ထို့အတူ ပညာတတ်၍ အနှစ်ပြည့်သော ပညာရှိသည် မိမိကိုယ်ကိုယ် နှိမ့်ချကြသည်။ ရေမပြည့်သော အိုသည် ဘောင်ဘင်ခတ်လေသည်။ ထို့အတူ ပညာတတ်ယောင်ကားသူတို့သည် မာန်အဟုတ်အစွမ်း ပြခြင်ကြလေသည်။ ပိဋကတ်တော်လာ ”အဓိမာန“သည် တရားလုပ်နေသော ယောဂီများအတွက် အလွန်ပင် အန္တရာယ်ပေးပါသည်။ အဓိမာနဟူသည်မှာ မိမိကိုယ်ကိုယ်အလွန်အကဲ အထင်ကြီးခြင်းကို ဆိုပါသည်။ မိမိ၌ မဂ်၊ ဖိုလ်မရသေးဘဲ ရနေပြီဟု အထင်ရောက်တတ်သည်။ ထိုကြောင့် တရားအားထုတ်သော ယောဂီသည် အလွန်ရိုးသား၍ ကြိုးစားရန် လိုအပ်ပါသည်။
မာနသည် မကောင်းမှုအကုသိုလ်တွင် အကျုံးဝင်ပေသည်။ မာနဟူသည်မှာ- မှတ်ထင်းခြင်း၊ အထင်ရောက်ခြင်း၊ ခက်ထန်ခြင်း သဘောရှိပေသည်။ မာနသည် နှိုင်းယှဉ်တတ်သည်။ ချိန်ခွင်သည် အလေး၊ အပေါ့ ချိန်ဆသကဲ့သို့ မာနသည် ဂုဏ်တု ဂုဏ်ပြိုင်တတ်သည်။ အင်္ဂုတ္တရနိကာယ၊ ဆက္ကနိပါတ၊ အရဟတ္တ၀ဂ္ဂ၊ အရဟတ္တသုတ်၌ မာန (၆)မျိုးကို ဘုရားရှင် ဟောတော်မူခဲ့သည်။ ၎င်းတို့မှာ (၁)မာန- ဇာတ်အနိမ့်၊ အမြင့်ခွဲခြားခြင်း၊ (၂) သြမာန- သူတစ်ပါးကို နိမ့်ချမှတ်ထင်ခြင်း၊ (၃)အတိမာန- မိမိကိုယ်ကို လွန်ကဲစွာအထင်ကြီးခြင်း၊ (၄)အဓိမာန- မရသည်ကို ရနေသယောင် အထင်မှားခြင်း၊ (၅)ထမ္ဘမာန- အမြစ်ဒေါသသဘောပါသော ခက်ထန်ကြမ်းကြုမ်ခြင်းနှင့် (၆)အတိနိပါတမာန- မိမိနိမ့်ကျသည်ကို စိတ်အားငယ်ခြင်း တို့ဖြစ်ကြသည်။
ထိုမာနကို သောတာပန်၊ သကဒါဂါမ်အရိယာပုဂ္ဂိုလ်များသည် မပယ်သတ်နိုင်သေးပေ။ အနာဂါမ်၊ ရဟန္တာပုဂ္ဂိုလ်များသာ ပယ်သတ်နိုင်ပေသည်။
မာနသည် ပုထုဇဉ်ပုဂ္ဂိုလ်များအနေဖြင့် ထားသင့်သော မာန၊ မထားသင့်သော မာနဟူ၍ နှစ်မျိုး ရှိလေသည်။ ထားသင့်သောမာနမှာ “ငါသည် မကောင်းမှုကို မလုပ်၊ ငါလို ပညာတတ်၊ သိက္ခာရှိတဲ့သူ၊ အမျိုးမြတ်သူက အဘယ်ကြောင့် မကောင်းတာလုပ်မည်နည်း” စသော မာနသည် ထားသင့်သော သူတော်ကောင်းဆန်သောမာန ဖြစ်သည်။ မထားသင့်သောမာနမှာ- “သူကြင်မှ ကိုယ်ကြင်မယ်၊ ဂျင်းစိမ်းနှင့် မိဿလင်လိုပ၊ ဒို့က သူများမိုးခါးရေသောက်တော့ ဘာလုပ်တော့မလဲ လိုက်သောက်ရုံပေါ့”စသော စိတ်ဓာတ်မျိုးကား မထားသင့်သောမာနတရားများ ဖြစ်ကြပေသည်။ ပညာမာန်သည် လူသားတို့အား အလွန်ပင် ဒုက္ခပေးလေသည်။ ပညာရှိတို့၏သဘောမှာ မိမိပညာရှိကြောင်းကို မပြတတ်။ တီးမှ မြည်သော စည်ကဲ့သို့ ပြဿနာပေါ်လာမှ ပညာရှိကြောင်းကို သိစေသည်။ မိမိကိုယ်ကိုလည်း ပညာဖြင့် တင့်တယ်စေသည်။ သူတစ်ပါးတို့၏ အခက်အခဲကိုလည်း ပညာဖြင့် ဖြေရှင်းပေးနိုင်၍ လောကတစ်ခွင် သာယာစေသည်။
ပညာသည် သုံးမျိုးရှိလေသည်။ သုတမယပညာ၊ စိန္တာမယပညာ၊  နှင့် ဘာဝနာမယပညာတို့ ဖြစ်ကြသည်။  ကြားဖူးနားဝ၊ လေ့လာလိုက်စားသင်ကြား တတ်မြောက်ထားသော အတတ်ပညာသည် ပထမအဆင့် သုတမယပညာ ဖြစ်လေသည်။ သင်ကြားသမျှတွေကို အဖန်ဖန်ကြံစည်တွေးတောကာ သုံးသပ်သိရှိနားလည်သော အတတ်ပညာသည် ဒုတိယအဆင့် စိန္တာမယပညာ အဆင့်ဖြစ်လေသည်။ ကိုယ်တိုင်လုံးလ ကြိုးကုတ်အားထုတ်၍ ရလာသောအတွင်းသိဖြစ်၍ တတိယအဆင့် အဆင့်မြင့်သော ပညာသည် ဘာဝနာမယပညာ ဖြစ်ပါသည်။ ရှေးပိုင်း သုတမယပညာနှင့် စိန္တာမယပညာတို့သည် သညာသိဖြင့် တတ်မြောက်ထားသောကြောင့် ကိုယ်တိုင်ကိုယ်ကျ အထဲထဲဝင် မသိရှိပေ။ ကိုယ်ပိုင်မဟုတ်ပေ။ ဘာဝနာမယပညာသည်သာ ကိုယ်တိုင်ကိုယ်ကျ အားထုတ်ရ၍ အသိညာဏ်ထဲ မယွင်းမဖေါက် သဘာဝကျကျ သိထားသဖြင့် ကိုယ်ပိုင်ဆိုင်သော ပညာအစစ်သာ ဖြစ်လေသည်။ ထို့ကြာင့် ကိုယ်တိုင်ကိုယ်ကျ အသိညာဏ်တွင် ထဲထဲဝင် မသိသေးသမျှ ပညာရှိမဖြစ်နိုင်ပေ။ ဘာဝနာမယပညာကို ရရှိအောင် အားထုတ်ပြီးလျှင်ကား ပညာရှိအစစ် ဖြစ်လေတော့သည်။ မာန်မာနတည်းဟူသော အကုသိုလ်တရားများလည်း ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိတော့ပေ။ အကုသိုလ်အားလုံးကိုလည်း ပယ်သတ်နိုင်မည် ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့လည်း ကိုယ်ပိုင်အသိဖြစ်အောင် ကျိုးစားအားထုတ်၍ ကိုယ်ပိုင်အသိမရသေးခင်မှာလည်း မိမိ၊ သူတစ်ပါး အကျိုးများသော နောက်ဆက်တွဲ ဘွဲ့၊ ဒီဂရီများ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း……………။

posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ