Saturday, October 16, 2010

ခရီးသည်

ပိုစ့်မတင်ဖြစ်တာ အလုပ်များနေလို့ပါ။ တစ်ပါတ်မှာ ပိုစ့်တစ်ပုဒ်တော့ တင်မယ်လို့ရည်ရွယ်ထားသည်။ သို့သော် လ၀က်ကျိုးသွားပြီ။ ဒီနေ့တော့ ပိုစ့်တစ်ပုဒ်ရေးဖြစ်သည်။ မြန်မာပြည်သို့ ပြန်သွားတဲ့ သူငယ်ချင်းတစ်ယောက် လေယာဉ်ကွင်း လိုက်ပို့ပီးအပြန်ခရီးမှာ ကောင်းကင်ကို မော်ကြည့်ရင်း ခံစားမိတဲ့အတွေးများကို ချရေးမိခဲ့သည်။ ခံစားကြည့်ပါအုံး...။
 ခရီးသည် 


ညအခါ လသာသာ၊
တိမ်ကလေးတွေ သွားနေတာ၊
ကြယ်ကလေးတွေလည်း သွားလို့သာ၊
လေညှင်းလေးလည်း တိုက်ခိုက်လာ၊
ကောင်းကင်ပြင်ကို မော်ကြည့်ကာ၊
တွေးမိတဲ့ခဏတာ၊
အော်….ငါတို့တတွေလည်း ခရီးသွားတွေပါ။

လခြမ်းလေး ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
တိမ်ကလေးများ ဘယ်ဆီသွား နုတ်မဆက်တော့ဘူးလား၊
ကြယ်ကလေးတွေ တော်တော်များ နုတ်မဆက်တော့ဘူးလား၊
လေညှင်းလေးလည်း ဘယ်ဆီများ နုတ်မဆက်တော့ဘူးလား။

နုတ်မဆက်တာ စိမ်းကားသလား၊
နုတ်ဆက်ပြန်တော့ လွမ်းကျန်မလား၊
သံယောဇဉ်များ သယ်ဆောင်မလား၊
နှောင်ဖွဲ့မှုတွေ တွယ်ကျန်သလား၊
အို…..ငါတို့ခရီးသွား..။

ဦးတည်ရာ ရည်ရွယ်ချက်တွေ ထားထားပါ၊
မလျှော့မတင်း ဇွဲမှန်မှန်ဖြင့် ဆက်သွားပါ၊
မုချတစ်နေ့ ပန်းတိုင်ဆီကို ရောက်နိုင်မှာ၊
လောကဓမ်တရား တွေ့ကြုံလာ အဲဒါ သဘာဝပါ၊
ရဲရဲတင်းတင်း ရင်ဆိုင်ပါ ခက်ခဲမှုတွေ ဆုတ်သွားမှာ၊
အားငယ်စရာ မရှိပါ အတွေ့အကြုံကို အသုံးပြုပါ၊
တစ်နေ့မုချ အောင်မြင်လာ ဘ၀အမောတွေ ပြေသွားမှာ၊
ငြိမ်းချမ်းခြင်းတို့ ရောက်လို့လာ ချမ်းသာမှုတွေထွေးပိုက်ကာ၊
လောကကောင်းကျိုး သယ်ဆောင်ပါ လူသားတို့ရဲ့တာဝန်ပါ၊
ဘ၀အနှစ်သာရများ တွေ့ရမှာ လူဖြစ်ရကျိုးနပ်သွားမှာ။

လောကကြီးဟာ ငြိမ်းအေးလာ ငါတို့ဘ၀တွေ လွတ်မြောက်ရာ၊
ခရီးကိုယ်စီ ထွက်လို့လာ ရောင်နီးဦးဆီ ရောက်ပြီကွာ။
ငါတို့များဟာ ခရီးသည်တွေမဟုတ်ပါလား…………………………..။…..။

လာရောက်မျှဝေခံစားသူများကို ကျေးဇူးအထူးတင်ပါသည်။

1 comment:

  1. ဘုန်းဘုန်းတော့ သူငယ်ချင်းပြန်သွားလို့ လွမ်းကျန်ခဲ့ပြီထင်တယ်.. ခံစားမိပါတယ် ဘုရား.. မြန်မာပြည်ပြန်ဖို့ နီးပြီလား ဘုန်းဘုန်း.. ဘုန်းဘုန်း ပြန်ရင်လည်း လင်္ကာက ဘုန်းဘုန်း သူငယ်ချင်းတွေ လွမ်းကျန်ခဲ့ဦးတော့မယ်..။

    ဘုန်းဘုန်း ကျန်းမာပါစေ။

    ရိုသေစွာဖြင့်
    ဖိုးသား

    ReplyDelete

အားလုံးအတွက် အဆင်ပြေပါစေ