Saturday, October 16, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၃)


လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (အပိုင်း-၃)
ဘယ်အရာမဆို (အတွေးအခေါ်၊ အပြော၊ အလုပ်၊ =(ကံ-၃ ပါး) တစ်ဖက်စွန်းရောက်သွားလျှင် အလုံးစုံးပျက်သုံးခြင်းသို့ ရောက်လေတော့သည်။ ဂီတာကြိုးကဲ့သို့ တင်းလွန်းလျှင် ပြတ်တောက်သွားနိုင်သည်။ လျှော့ရဲရဲ ဖြစ်နေလျှင်လည်း လိုအပ်သော အသံ၏ပြည့်စုံခြင်းကို မရနိုင်ပေ။ အရမ်းကို ကြိုးစားလွန်းတော့ ၀ိရိယအားကောင်းသည်-ဟု ဆိုသည်။ ၀ိရိယချည်း ဘယ်လောက်ပဲအားကောင်းကောင်း သမာဓိ=စိတ်တည်ငြိမ်မှု မရလျှင် ပန်းတိုင်ကို မရောက်ပေ။ သမာဓိချည်း အရမ်းအားကောင်းတော့လည်း နှေးကွေးသည်။ မြန်မြန်ထက်ထက် မပြီး။ ထို့ကြောင့် ၀ိရိယနှင့် သမာဓိ ချိန်ခွင်လျှာ မျှတဖို့ လိုအပ်ပါသည်။ တွန်းအားနှင့် စူးစိုက်မှု ပေါင်းစပ်ဖို့ လိုအပ်ပါသည်။
အရှင်နန္ဒမထေရ် အရိယာပုဂ္ဂိုလ်ဖြစ်ခဲ့ပုံကို လေ့လာဆန်းစစ်ကြည့်လျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့ကြောင့် ရှာဖွေတွေ့ရှိမည် ဖြစ်ပေသည်။ Emotion- စိတ်ခံစားမှုချည်း အားသာချက်ရှိနေလျှင် အရိယာပုဂ္ဂိုလ်ဖြစ်ဖို့ပင် ခဲရင်းသလို လူထွက်သည့်အထိ အကျိုးသက်ရောက်သွားနိုင်သည်။ Intellect အသိညာဏ်ပညာဖြင့် ထိမ်းချုပ်ကာ မျှမျှတတ အားထုတ်တော့ အယူမှားစွဲခြင်းနှင့် သံသယတရားတွေ လွင့်ပျယ်ကုန်သည်။ အရှင်နန္ဒမထေရ်သည် သာမာန်ပုထုဇဉ်ဘ၀မှ အဆင့်ရှိသော အရိယာဘ၀သို့ တိုးတက်ဖွံ့ဖြိုးသွားခဲ့ရသည် ဟု ဆိုထိုက်သည်။ Emotion ကိုယ်စားပြု Compassion ကရုဏာတရားနှင့် Intellect ကိုယ်စားပြု Wisdom ပညာတရားများလည်း ထပ်တူ ဖွံ့ဖြိုးတိုးတက် သွားလေတော့သည်။
မှန်ပေသည်။ အကယ်၍ သူတို့နှစ်ခုသည် ညီညွတ်မျှတစွာ ဖွံ့ဖြိုးတိုးတက်မှု မရှိခဲ့လျှင် ကျွန်ုပ်တို့သည် လက်ရှိဘ၀၊ နောင်နောင်ဘ၀တွေမှာပါ ကောင်းမွန်သာယာလှပသော life style ကို မရရှိနိုင်ပေ။ ကရုဏာတရားမပါဘဲ ညဏ်ပညာချည်းသာ တိုးတက်ဖွံ့ထွားနေလျှင်လည်း ကျွန်ုပ်တို့သည် အတ္တကြီး ကိုယ်ကျိုးရှာသောပုဂ္ဂိုလ်များ ဖြစ်သွားပေလိမ့်မည်။ တစ်ဖန် အသိညဏ်ပညာမပါဘဲ ကရုဏာတရားချည်းသာ တိုးတက်ဖြစ်ထွန်းခဲ့လျှင်လည်း အကျွန်ုပ်တို့သည် ဘ၀တစ်လျှောက်လုံး ကိုယ့်ကိုယ်တိုင် ပျော်ရွင်နိုင်သလို ထိုအခိုက်မှာပဲ လောကကြီးကိုလည်း ဖျက်ဆီးရာရောက်နေပေလိမ့်မည်။ ကျွန်ုပ်တို့သည် ရုပ်ဝါဒီသမားများ ဖြစ်လာနိုင်စရာ ရှိပေသည်။ ထိုကရုဏာနှင့် ပညာ နှစ်မျိုးစလုံးကို အသုံမချတတ်သူများအတွက် အရမ်းကို အန္တရာယ်ကြီးမားလွန်းပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဘ၀မှာ ကရုဏာနှင့် ပညာနှစ်ခုစလုံး အလွန်ပင်အရေးတကြီးညီညွတ်မျှတဖို့ လိုအပ်ကြောင်း ရှု့မြင်သင့်ပါသည်။
အထက်ပါ ကရုဏာနှင့်ပညာများ သင့်လျှော်စွာ တိုးတက်ဖွဲ့ဖြိုးဖို့ရန် လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဖြင့် ချိန်ထိုးကြည့်ရမည်ဟု ဗုဒ္ဓ၀ါဒက ဆိုပါသည်။ လွတ်မြောက်ခြင်းလမ်းစဉ်နှစ်မျိုးဟူသည်မှာ-(၁) စေတောဝိမုတ္တိနှင့် (၂) ပညာဝိမုတ္တိတို့ပင် ဖြစ်ကြသည်။
စေတောဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော စိတ်တစ်မျိုးပင် ဖြစ်ပါသည်။ ထိုစိတ်ကို ရဟန္တာများသာလျှင် ပိုင်ဆိုင်နိုင်ကြသည်။ ပညာဝိမုတ္တိဆိုသည်မှာ ကိလေသာအညစ်အကြေးတို့မှ လွတ်မြောက်သော အသိညာဏ်ပညာတစ်မျိုးပင် ဖြစ်သည်။ ထိုပညာကိုလည်း ရဟန္တာပုဂ္ဂိုလ်များသာလျှင် ပိုင်ဆိုကြပေသည်။ စာပေအနက်တိုက်ရိုက်ပြန်ဆိုလျှင် စေတောဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်စိတ်။ ပုဂ္ဂိုလ်အနေဖြင့် ရဟန္တာကို ယူရသည်။ ပညာဝိမုတ္တိဟူသည်မှာ စိတ်၏ကိလေသာတို့မှ လွတ်မြောက်ပြီးသော အရဟတ္တဖိုလ်ပညာ။ ပုဂ္ဂိုလ်အားဖြင့် ရဟန္တာကိုပင် ယူရသည်။ မှန်ပေသည်။ လွတ်မြောက်ခြင်းဆိုသည်မှာ စင်ကြယ်မှုမရှိလျှင် မဖြစ်နိုင်ပေ။ ထိုကြောင့် အကျွန်ုပ်တို့ လွတ်မြောက်ဖို့က ပထမဦးစွာ မိမိစိတ်ကို စင်ကြယ်အောင်ပြုလုပ်ရပေမည်။ ၀ိသုဒ္ဓိ=စင်ကြယ်ပြီးသော ရဟန္တာပုဂ္ဂိုလ်များကိုသာလျှင် ၀ိမုတ္တိ=လွတ်မြောက်သူဟု ဆိုရပေသည်။
ပထမ ၀ိမုတ္တိသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေပြီး ဒုတိယ၀ိမုတ္တိသည် Intellectual aspectနှင့် နီးကပ်စွာ ဆက်စပ်ပတ်သက်နေပေသည်။ ဘာဝနာနှစ်မျိုးတွင် သမထထိုင်နည်းကို လေ့လာကြည့်လျှင် ဥပမာအားဖြင့် မေတ္တာဘာဝနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ဗုဒ္ဓါနုဿတိ..စသည်..အမျိုးအစားများစွာသည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ၀ိပဿနာပွါးနည်းကို လေ့ကျင့်မည်ဆိုလျှင် ဥပမာအားဖြင့် ခန္ဓာငါးပါး၊ အနိစ္စ၊ ဒုက္ခနှင့် အနတ္တစသည် လက္ခဏာယဉ်သုံးပါစသည်…များစွာသည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။
အချုပ်မှာ အကျွန်ုပ်တို့သည် ဘာဝနာတရားများကို ပွားများခဲ့လျှင် မိမိစိတ်များ စင်ကြယ်လာမည်။ စင်ကြယ်သန့်ရှင်းပါက လွတ်မြောက်မှု အရသာကို ခံစားရမည် ဖြစ်ပေသည်။
တစ်ခြားတစ်ဖက်မှာ အလယ်အလတ်အဆင့်အနေဖြင့် ဈန်၊ အဘိညာဉ်တန်ခိုးစွမ်းအင်ကို လေ့လာသင့်ပေသည်။ ဈန်အဘိညာဉ်နှင့်ပြည့်စုံသူကို စွမ်းအားရှင်ဟု ခေါ်ဆိုသည်။ ယခုခေတ်၌ Supermanဟု ခေါ်ဆိုသော စွမ်းအားရှင်သည် မြေလျှိုးမိုးပျံနိုင်၊ သူတစ်ပါးတို့၏စိတ်ကို သိနိုင်သည်။ ရှေ့ဘ၀၊ နောက်ဘ၀ကို သိနိုင်သည်။ သို့သော် ထိုစွမ်းအားရှင်သည် ၀ိသုဒ္ဓိဖြစ်ခြင်မှ ဖြစ်မည်။ ၀ိမုတ္တိဖြစ်ခြင်မှ ဖြစ်မည်။ ကိလေသာအညစ်အကြေးကင်းစင်သူ ရဟန္တာပုဂ္ဂိုလ် ဖြစ်ခြင်မှ ဖြစ်မည်။ အချို့သောရဟန္တာပုဂ္ဂိုလ်များသည် တန်ခိုးစွမ်းအားကို မရပေ။ ကိလေသာကင်းစင်သူ အမည်သက်သက်သာ ရရှိပေသည်။ စက္ခုပါလမထေရ်ကဲ့သို့သော ရဟန္တာပုဂ္ဂိုလ်သည် အဘိညာဉ်တန်ခိုး မရှိပေ။ ၄င်းကို သုက္ခ၀ိပဿကပုဂ္ဂိုလ်ဟု ဆိုသည်။ တစ်ချို့ကား တန်ခိုးဈာန်အဘိညာဉ်ရရှိထားသော်လည်း ကိလေသာစင်သောရဟန္တာပုဂ္ဂိုလ် မဖြစ်သေးပေ။ နမူနာအားဖြင့် အရှင်သာဂတမထေရ်ကဲ့သို့သောပုဂ္ဂိုလ်မျိုး၊ ဒေ၀ဒတ္တမထေရ်ကဲ့သောပုဂ္ဂိုလ်မျိုးတို့ကို ပိဋကတ်၌ လေ့လာတွေ့ရှိနိုင်ပေသည်။
အမှန်စင်စစ် ဈာန်အဘိညာဉ်အဆင့်မှာ ၀ိသုဒ္ဓိ မဖြစ်နိုင်သေးသကဲ့သို့ ၀ိမုတ္တိအစစ်လည်း မဟုတ်သေးပေ။ ပထမဈာန်ဝယ် ဈာန်အင်္ဂါ(၅)ပါးရှိရာ ၁-၀ိတက္က thinking၊ ၂-၀ိစာရ discursive thinking၊ ၃-ပီတိ repture၊ ၄-သုခ happiness၊ ၅- ဧကဂ္ဂတာ one pointedness တို့ဖြစ်ကြသည်။ ထိုငါးပါးတွင် ၀ိတက်နှင့် ၀ိစာရနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Intellectual aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ပီတိနှင့် သုခနှစ်ပါးသည် လူသားတို့၏စိတ်ပိုင်းဆိုင်ရာတိုးတက်မှုစွမ်းရည် Emotional aspectနှင့် ဆက်စပ်ပတ်သက်နေသည်။ ဤဈာန်အဆင့်မှာတောင် လူသားတို့၏စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည် Emotional aspectကို မပယ်ထုတ်နိုင်သေးသောကြောင့် ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်ပြီဟု မဆိုနိုင်ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓ၀ါဒအရ လူသားတို့၏စရိုက်များကို လေ့လာခွဲစိတ်ကြည့်က Emotional aspectသည် ရာဂစရိုက်နှင့် ဆက်စပ်ပတ်သက်ပြီး Intellectual aspectသည် ဒေါသစရိုက်နှင့် ဆက်စပ်ပတ်သက်နေသည်။ အထက်ပါ သဘောတရားနှစ်ခု လူသားတို့မှာ ချိန်ခွင်လျှာညီညွတ်စွာ တိုးတက်ဖွံ့ဖြိုးမှု မရခဲ့လျှင် အကျွန်ုပ်တို့သည် လူလောက၌ လောဘ-လိုချင်မှုအားကြီးသူ၊ ဒေါသ- ရန်လိုအားပြင်းထန်သူများကို မြင်တွေကြရမည် ဖြစ်ပေသည်။ အဆိုပါ သဘောတရားနှစ်ခုသည် တစ်ခုက တစ်ခုကို အင်အားပြင်းလွမ်းမိုးသွားခဲ့လျှင် လူလောကကို ဘေးဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကျွန်ုပ်တို့ကို မြတ်ဗုဒ္ဓသည်  လောဘစရိုတ်မှတစ်ဆင့် compassion-ကရုဏာအဆင့်သို့တိုင်၊ ဒေါသစရိုတ်မှတစ်ဆင့် wisdom-ပညာအဆင့်သို့တိုင်အောင် ပေါင်းဖက်ညီညွတ်စေလျှက် တိုးတက်ဖွံ့ဖြိုးစေသင့်ကြောင်း လေးဆယ်ငါးဝါပတ်လုံး သင်ကြားပြသခဲ့ခြင်း ဖြစ်ပေသည်။
မြတ်ဗုဒ္ဓကို ကရုဏာ၊ ပညာအားဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိပြီးသောပုဂ္ဂိုလ်ဟု အသိအမှတ်ပြုထားခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အရှင်ဗုဒ္ဓဃောသသည် ၀ိသုဒ္ဓိမဂ်အဖွင့်၌ “ကရုဏာသီတလဟဒယံ- The Buddha is the hard worker who is bone by compassion, ပညာပဇောတ၀ိဟတမောဟတမံ- He had destroyed the darkness of ignorance though wisdom, သနားကြင်နာမှုတရားဖြင့် အေးမြတော်မူသော၊ အသိညာဏ်ပညာဖြင့် မသိမှုအမိုက်မှောင်ကို ဖြိုခွင်းတော်မူပြီးသော မြတ်ဗုဒ္ဓ”ဟူ၍ ရိုသေလေးမြတ်စွာ ရှိခိုးသည်။
အမှန်စင်စစ် ယခုခေတ်သစ်ကမ္ဘာမှာကား ကရုဏာ၊ ပညာတရားများ ရှေးခေတ်ကလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိ”ဟု ဆိုရမည်။ ထို့ကြောင့် အကျွန်ုပ်တို့လည်း ကရုဏာ၊ ပညာအရာ အနိုင်းမဲ့ဖြစ်တော်မူသော မြတ်ဗုဒ္ဓကို တိုင်တည်ရှိခိုးလျှက် အထွတ်အထိပ်ဖြစ်သော လူသားတို့၏ စိတ်ပိုင်းဆိုင်ရာခံစားမှုစွမ်းရည်ကို မြင့်တင်ပြီးကာ ကိလေသာစင်ကြယ်၍ လွတ်မြောက်သော အဆင့်သို့ရောက်အောင် ကြိုပမ်းအားထုတ်သင့်ပါကြောင်း။ 
ကရုဏာပညာ၊ မြင့်မားသာလွန်၊ မြတ်မွန်ဘျားအား၊ ယခုရေးသား၊ ပို့စ်တရားဖြင့်၊ ညွတ်တွားပူဇော်၊ ကျိုးမြော်ကောင်းဆု၊ ပန်ပါ၏။ ။

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ