Monday, January 10, 2011

Life for 2011

Tips for Better Life for 2011

1. Take a 10-30 minute walk every day and while you walk, smile.
2. Sit in silence for at least 10 minutes each day.
3. Sleep for 7 hours.
4. Live with the 3 E’s : Energy, Enthusiasm and Empathy.
5. Play more games.
6. Read more book than you did in 2010.
7. Drink plenty of water.
8. Eat more foods that grow on trees and plants and eat less food that is manufactured in plants.
9. Eat breakfast like a King, lunch like a Prince and dinner like a Beggar.

Coming soon…….

posted by dhammasami08

Saturday, January 8, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၅)

အနုရာဓပုရမြို့တော်ရှိ Tourist sites အားလုံကို လည်ပတ်ရန် နှစ်ရက်ဖြင့် လုံလောက်ပါသည်။ ယမန်နေ့ည ၉-နာရီမှာ စာရေးသူတို့အဖွဲ့ ဗောဓိပင်ဖူး သွားရောက်ခဲ့ကြသေးသည်။ ကျွန်ုပ်ကား ခရီးပန်းသည်ကတစ်ကြောင်း၊ ဗောဓိပင်ကိုလည်း သုံးကြိမ်းမက ဖူးမြော်ခဲ့ဖူးသည်က တစ်ကြောင်းကြောင့် ကျောင်းမှာကျန်ခဲ့ပေသည်။ အနုရာဓကျောင်းဆရာတော်က အားလုံးစီစဉ်ပေးခဲ့ပြီးဖြစ်၍ အဆင်ပြေစွာ ဖူးခွင့်ရကြပေလိမ့်မည်ဟု ယုံကြည်ပါသည်။ ပြုခဲ့သမျှကုသိုလ်အားလုံးကို သာဓုခေါ်ပါ၏။
ယခုအခါ စာရေးသူတို့အဖွဲ့ အနုရာဓ၀ယ် နှစ်ညအိပ်ပြီးဖြစ်၍ အပိုင်း(၁)၌ ပြောခဲ့သည့်အတိုင်း စွယ်တော်ဖူးရန်အတွက် မြတ်ဗုဒ္ဓစွယ်တော် ကိန်းဝပ်ရာ ကန္ဒီမြို့သို့ ခရီးဆက်မည် ဖြစ်သည်။ အနုရာဓကျောင်း ဆရာတော်အား ကျေးဇူးတင်စကားလျှောက်ထားပီး ဒကာ၊ ဒကာမတို့က ၀တ္ထုငွေ ဒေါ်လာ ၅၀-ဆက်ကပ်ခဲ့သည်။
ကန္ဒီမြို့သွား လမ်းခရီးတစ်လျှောက် ၀င်ရောက်လည်ပတ်သင့်သော Tourist sites များကိုလည်း သွားရောက်ကြမည် ဖြစ်သည်။ ညနေ မှောင်ခါနီးမှ ကန္ဒီမြို့အရောက်သွားပီး ကန္ဒီမြို့၊ စွယ်တော်တိုက်အနီးရှိ မြန်မာကျောင်းမှာ ညအိပ်ကာ မနက်စောစော နံနက်ဆွမ်းတော်ကပ်ချိန်မှာ စွယ်တော်ဖူးရန် စီစဉ်ထားသောကြောင့် ဖြစ်ပေသည်။
ရပ်တော်မူဘုရား (Aukana)။     ။ Aukana or Awukana (အုပ်ကန)ခေါ် ရပ်တော်မူဘုရားသို့ ပထမဆုံး သွားရောက်ဖူးမြော်ကြမည်။ အုပ်ကန-ဘုရားသည် သီရိလင်္ကာ၌ ရပ်တော်မူဘုရားများစွားအနက် အမြင့်ဆုံး၊ အကြီးဆုံးဟု ဆိုပါသည်။ အမြင့်ပေ ၃၉၊ ပုခုံးအကျယ် ၁၀-ပေ ရှိပီး ကြာရွက်အောက်ခံဖြင့် ကျောက်တောင်ကျောက်သားကို ထွင်းထုပူဇော်ထားခြင်းဖြစ်ကာ ကမ္ဘာ့အံ့ဖွယ်တစ်ပါးပင် ဖြစ်လေသည်။
  အေဒီ ၅-ရာစု၊ ဓာတုသေနမင်းလက်ထက်မှာ ပြုလုပ်ခဲ့သည်ဟု ရှေးဟောင်းသုတေသနအရ ယုံကြည်ရပေသည်။ ထို့ထက်လည်း စောခြင်စောနိုင်သည်ဟု ဆိုသည်။ စာရေးသူတို့အဖွဲ့သည် နံနက်စောစောပင် ရပ်တော်မူဘုရားရှိရာသို့ ရောက်လာခဲ့သည်။ Tourist sites ဖြစ်၍ ၀င်ခွင့်ပေးဆောင်ရလေသည်။ ရပ်တော်မူဘုရားကား နေရောင်ခြည်နုနုအောက် ဖူးတွေ့ရသည်မှာ ကြည့်နူဖွယ်ရာ အလွန်းကောင်း၍ စိတ်ကိုငြိမ်းချမ်းစေသည်။ မှန်ပေသည်။ သစ်ရွက်သစ်ခက်ကြား ထိုးကျလာသော နံနက်ခင်း နေရောင်ခြည်၏အောက်ဝယ် ကျောက်သားပင်ဖြစ်သော်လည်း ဗုဒ္ဓရုပ်ပွားတော်သည် သက်တော်ထင်ရှား ရှိနေဘိသကဲ့သို့ ထင်ရပေသည်။ နေရောင်ခြည် မြင့်လာလေလေ မြတ်ဗုဒ္ဓ၏ပါရမီတော်ကြောင့် မျက်နှာတော်ကြည်လင် သန့်ရှင်းလာလေလေဟု ခံစားမိစေသည်။ ရပ်တော်မူဘုရား၏လက်ဟန်သည် မုဒြာနှစ်မျိုးကို ညွန်းပြသည်ဟု ဆိုပါသည်။ လက်တော်ကို တစ်စောင်းဖြန့်ထားခြင်း ပုံစံသည် Asisa Mudra အာသီသမုဒြာ- မေတ္တာတော်ဖြန့်ပို့ပေးခြင်းနှင့် တစ်ခုမှာ Abhaya Mudra အဘယမုဒြာ- ဘေးရန်ကင်းခြင်း (သို့) လွတ်မြောက်ခြင်းကို ရည်ညွန်းကြောင်း ဆိုပါသည်။
စာရေးသူတို့ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်သည့်အခါ ဘုရားကို ကျောပေး၍ ဓာတ်ပုံရိုက်ခွင့် မရှိပေ။ ရိုင်းပြသောလုပ်ရပ်အဖြစ် ရှုမြင်ကြသည်။ တစ်ခြားဗုဒ္ဓဘာသာနိုင်ငံမှာ ကျောပေးကာ ဓာတ်ပုံရိုက်သော်လည်း မတားမြစ်ပါ။ ဘုရားရှိခိုးစဉ် ထိုင်သည့်အခါမှာလည်း ဘုရားဖက် ခြေထောက်ပေး(ခြေဆင်း)ကာ ထိုင်လေသည်။ တစ်ချို့လည်း ကျွန်ုပ်တို့က ဖိနပ်ချွတ်သင့်သည်ဟု ထင်မြင်ယူဆသော နေရာတို့၌ ဖိနပ်စီးထားလေသည်။ သီရိလင်္ကာသားတို့ (ရတနာသုံးပါးစသည်) ဘာသာတရားအပေါ် လေးစားရိုသေးနည်းကား အနည်းငယ်ထူးဆန်းသည်ဟု ထင်မြင်မိသည်။
ထိုနောက် အချိန်လုကာ လည်ပတ်ရသည်မို့ မြန်မြန်သုတ်သုတ်ပဲ ပြန်ထွက်လာခဲ့ကြသည်။ အလှူခံဌာနတွေ့တော့ ဒကာကြီးတို့ စုံတွဲက တည်ဆောက်နေဆဲ ကျောင်းတော်အတွက် အလှူငွေ ထည့်လေသည်။ ကျောင်းထိုင်ဆရာတော်က လဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည်။
ပေါရောနရုဝ။    ။ ထိုနောက် လင်္ကာဒီပ၏ ဒုတိယရှေးဟောင်းမြို့တော်ဖြစ်သော ပေါရောနရုဝသို့ သွားရောက်လည်ပတ်ကြသည်။ ပထမဆုံး ပေါရောနရုဝနယ်ပယ်အတွင်းဝင် ဆိဂီရိယနယ်မြေသို့ သွားရောက်ကြသည်။ (http://www.asiaexplorers.com/srilanka/polonnaruwa_travel_guide.htm)
ဆိဂီရိယ Sigiriya။        ။ ဆိဂီရိယဟူသည် ကျောက်တုံး ကျောက်တောင် (သို့) နန်းတော်ရာတစ်ခု၏ နာမည် ဖြစ်လေသည်။ ခြင်္သေ့ပုံနှင့် တူသောကြောင့် lion Rock- ခြင်္သေ့ကျောက်တုံးဟုလည်း ခေါ်သည်။
သီရိလင်္ကာ၌ Unesco၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်သော ၁။ ကန္ဒီမြို့ရှိ စွယ်တော်၊ ၂။ ဒမ္ဘူလရှိ ရွှေကျောင်း၊ ၃။ အနုရာဓပူရမြို့ရှိ အလေးအမြတ်ထားသော နေရာ။ ၄။ ပေါရောနရုဝ ရှေ့ဟောင်းမြို့တော်ရာ၊ ၅။ ဂလ္လေမြို့ဟောင်းနှင့် ခံတပ်၊ ၆။ ဆိဂီရိယရှေးဟောင်းမြို့တို့သည် ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ ဖြစ်ကြလေသည်။ ၇။ ဆင်ဟရဇ သစ်တောနှင့် ၈။ သီရိလင်္ကာ၏ ဗဟိုကုန်းမြင့်ဒေသတို့သည် သဘာဝနှင့်ဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များ အဖြစ်သတ်မှတ်ကြသည်။
အထက်ပါ ဒေသများသည် ကမ္ဘာလှည့်ခရီးသွားများအတွက် အမြဲဖွင့်လှစ်ထားပေသည်။ ဆိဂီရိယသည် ကမ္ဘာလှည့်ခရီးသွားများအတွက် လည်ပတ်စရာနေရာတစ်ခု ဖြစ်လေသည်။ ဘာသာရေးနှင့်သက်ဆိုင်သော နေရာတော့ မဟုတ်ပေ။ နန်းတော်ရာဟောင်းတစ်ခု ဖြစ်လေသည်။ တောင်ထိပ်ပေါ်မှာ နန်းစိုက်ပီး ရန်သူမင်းကို တွန်းလှန်ခုခံနိုင်ရန်အတွက် တောင်ပတ်ပတ်လည်၌ မြို့ရိုး၊ ကျုံးစသည် ကာရန်ထားလေသည်။ တောင်ထိပ်နန်းတော်အ၀င် ကျုံအနီး၌ ပြတိုက်တစ်ခုရှိကာ နန်းတွင်းဥယာဉ်တော်သည် အတော်သာယာလ၍ အပန်းဖြေသဘော လည်ပတ်သင့်ပေ၏။ ထိုကြောင့် စာရေးသူတို့အဖွဲ့မှာ ဘုရားဖူးသန့်သန့် ဖြစ်ခြင်း၊ အသက်ကြီးသော ဒကာ၊ ဒကာမတို့ပါလာ၍ တောင်ပေါ်မတက်နိုင်ခြင်းတို့ကြောင့် ဆိဂီရိယတောင်ကို မတက်တော့ဘဲ အောက်ခြေအနီး ကျုံးနံဘေး၌သာ ဓာတ်ပုံမှတ်တမ်းရိုက်ကာ တစ်ခြားသော နေရာသို့ လည်ပတ်ကြလေသည်။
(အသေးစိတ် သိလိုသူများ အောက်ပါလင့်အတိုင်း ကြည့်ကြလေကုန်။) (http://www.asiaexplorers.com/srilanka/sigiriya.htm)
ဆိဂီရိယမှ ထွက်လာပီးနောက် ပေါရောနရုဝခေတ် ပရက္ကမဗာဟုမင်း တည်ဆောက်ထားခဲ့၍ ပရက္ကမ သမုဒြာဟု ခေါ်ဆိုသော ရေကန်ကြီးပတ်လမ်းမှ ကားကို အလျှားလိုက်မောင်းလာပီး ရေကန်ကြီးအနီးရှိ ရှေးဟောင်းဗိသုကာဆိုင်ရာပြတိုက်ကို ၀င်ရောက်လေ့လာကြသည်။ နိုင်ငံခြားသားတစ်ယောက်အတွက် အမေရိကန် ၂၅-ဒေါ်လာ ပေးဆောင်ရလေသည်။ ပြတိုက်မှ ပြန်ထွက်လာပီးနောက် နေ့ဆွမ်းချိန်နီးနေသောကြောင့် ကားဆရာညွန်ပြသော ထမင်းဆိုင်တစ်ခု၌ နေ့ဆွမ်းဘုန်းပေးကြသည်။
ထိုမှတစ်ဖန် Gal Vihara ဂေါ-၀ိဟာရသို့ သွားရောက်ကြသည်။ ဂေါ-၀ိဟာရဆီ မရောက်ခင် ပရက္ကမဗာဟုမင်း၏ ကျောက်သားရုပ်ထုကို ကြည့်ခဲ့ရသည်။ ဂေါ-၀ိဟာရသည် ကျောင်းတော်ရာဖြစ်သည်။ ယခုအခါ ကျောင်းဆောင်များ မရှိတော့ပေ။ ရှေးဟောင်းလက်ရာဖြစ်သော ဗုဒ္ဓရုပ်ပွားတော် သုံးဆူသာ ကျန်ခဲ့လေသည်။ 
ရုပ်ပွားတော် သုံးဆူ၏တည်နေပုံသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ တစ်ဆူသည် ထိုင်တော်မူ မုဒြာဖြစ်ပီး၊ တစ်ဆူသည် ရပ်တော်မူ မုဒြာဖြစ်ကာ နောက်ဆုံးတစ်ဆူသည် လျှောင်းတော်မူတို့ ဖြစ်သည်။ ဘုရားသုံးဆူ၏အနေအထားနှင့် ဆိုလိုဟန်ကို ပညာရှင်များ အငြင်းပွားကြရလေသည်။ ထိုတွင် ရပ်တော်မူ မုဒြာသည် အထူးဆန်းဆုံး ဖြစ်လေသည်။ မျက်လုံးတော်အစုံကို မှိတ်ထားကာ လက်တော်ပိုက်ထားဟန် ထုလုပ်ထားသည်။ မြတ်စွာဘုရား၏မေတ္တာတော်ဖြင့် ဝေနေယျတို့အား (Blessing Posture) ကောင်းချီပေးဟန်ဟု ယူဆကြသည်။ ၎င်းရုပ်ပွားတော်များသည် ပရက္ကမဗာဟုမင်းလက်ထက်၌ ဖြစ်ပေါ်လာခဲ့ပီး သီရိလင်္ကာ၏ ကျောက်ဆက်အနုပညာဆိုင်ရာ ရှေးအကျဆုံးဟု ယူဆကြသည်။
လျှောင်းတော်မူ ရုပ်ပွားတော်၏ အောက်ဖက်ညာလက်တော်သည် အနည်းငယ် ပျက်စီးနေသည်ကို ဖူးတွေ့ရသည်။ ပေါရောနရုဝခေတ် ပျက်သုဉ်းပီးနောက် လူသူအစောင့်အရှောက် မရှိသည့်အချိန် ဘာသာခြားတို့က ရုပ်ပွားတော်များကို ဖျက်ဆီးကြသည်။ ထိုအခါ တောထဲမှ ဆင်ပြောင်ကြီးများ ထွက်လာပီး ဖျက်ဆီးသူများကို နှင်ထုတ်လိုက်၍ နောင်အခါ ကြောက်လန့်ကာ မည်သူမျှမဖျက်ဆီးဝံ့တော့ချေ-ဟု သီရိလင်္ကာ ရဟန်းတော်တစ်ပါးက စာရေးသူအား ရှင်းပြလေသည်။
ဂေါ-၀ိဟာရမှ ထွက်လာပီးနောက် ၁၂-ရာစုနှစ်၊ ပရက္ကမဗာဟုမင်း၏ နန်းတော်ရာဟောင်းကို သွားရောက်လေ့လာကြသည်။ မင်းနန်းတော်သည် ဟိုတုန်းက ဘုံခုနှစ်ဆင့်ပြသာဒ် (Vijayanta Pasada) ဟူ၍ပင် မထင်ရလောက်အောင် အလွန်ပျက်စီးနေပီ ဖြစ်သည်။ အိန္ဒိယပြည်၊ ကလိင်္ဂတိုင်းမှ ရန်သူမင်းတို့ လာရောက်တိုက်ခိုက်ကာ မီးလောင်တိုက်သွင်းခဲ့သည်-ဟု ဒေသခံတစ်ဦးက ရှင်းပြလေသည်။ အထူးခြားဆုံးမှာ ညီလာခံအစည်းဝေး ခန်းမဆောင် ဖြစ်ပေသည်။ ကျောက်တုံး၊ ကျောက်သားတို့ဖြင့် ထွင်းထုတည်ဆောက်ထားပီး ရုပ်လုံးရုပ်ကြွတို့ဖြင့် အလွန်လက်ရာ မြောက်လပေသည်။

ထိုနောက် စာရေးသူတို့သည် (ဒမိဠှ)ကျေးကုလားတို့ ဖျက်ဆီးသည့်ဘေးရန်ကြောင့် ကန္ဒီမြို့သို့ မပြောင်းရွေ့ခင် မူလစွယ်တော်ကိန်းဝပ်ခဲ့သော ရှေးဟောင်းစွယ်တော်တိုက်ရှိရာသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။ ရန်သူမင်းတို့ ဖျက်ဆီးခဲ့သည်အတိုင်း အပျက်အစီးတွေချည်း မြင်တွေ့ရသည်။ ထိုင်းနိုင်ငံက အယုဒ္ဓယမြို့ဟောင်းကို ပြန်လည်မြင်ယောင်မိပေသည်။ အပျက်ကို အပျက်အတိုင်း ရှေးမူလက်ရာမပျက် ထိမ်းသိမ်းထားသောကြောင့် နိုင်ငံခြားသားများ လာရောက်လည်ပတ်ကြသဖြင့် နိုင်ငံတော်ဝင်ငွေလည်း များစွာရပေမည်။ 

 
           အပျက်အစီးအတိုင်း တည်ရှိနေသော Vatadage Circular Relic House စွယ်တော်ထားခဲ့သော တိုက်ခန်း၊ Thuparama Amage House ရုပ်စုံကျောင်းတော်၊ Lata Mandapa မဏ္ဍပ်၊ ဘုံ ၇-ဆင့်ပြသာဒ်၊ ဂေါပေါတ ကျောက်စာ၊ ၀ိဇယဗာဟုမင်းလက်ထက် ပထမဆုံး စွယ်တော်တိုက် (၁၁-ရာစုနှစ်)၊ နိစ္စံကမလ္လမင်းလက်ထက် ဒုတိယ စွယ်တော်တိုက် (၁၂-ရာစုနှစ်)စသော အဆောက်အဦးတို့ကို တွေ့ရသည်။ ဘာသာဝင်များအတွက် သမိုင်းကပေးသော သင်ခန်းစာကို များစွားသံဝေဂယူပီး နှလုံးသားမှာ ဘာသာသွေးတွေ စီးဆင်းနေအောင် ကျောက်သားတံဆိပ်ရိုက်နှိပ်သကဲ့သို့ ပြုလုပ်ထားသင့်လပေသည်။

အလောကလိုဏ်ဂူ။       ။ Aluvihara ခေါ် အလောကလိုဏ်ဂူသည် မာတလေမြို့တွင် ရှိလေသည်။ မြန်မာရဟန်းတော်များအတွင်း မြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံပီးနောက်ပိုင်း သင်္ဂါယနာသမိုင်းတွင် စတုတ္ထမှတ်တိုင်၊ စတုတ္ထသင်္ဂါယနာတင်ခဲ့သော နေရာ-ဟု ထင်ရှား အသိများကြသည်။

အလောကလိုဏ်ဂူရှိရာ မာတလေမြို့သည် ကန္ဒီ၊ ဒမ္ဘူလသွားလမ်းပေါ်မှာ တည်ရှိသည်။ ပေါရောနရုဝမြို့မှ အတော်ပင်ဝေးလသည်။ ကန္ဒီမြိုနှင့်ကား ၁၇-မိုင်ခန့်ဝေးသည်။ ပေါရောနရုဝမြို့မှနေပီး ကားဆရာသည် တောင်ပေါ်လမ်းအတိုင်း မောင်းယူလာခဲ့သည်။ လဖက်ခင်းများ၊ တောတောင် သဘာဝရှုခင်းများကို ကြည့်ရှုခံစားရင်း လိုက်ပါလာခဲ့ရာ မာတလေသို့ ည ၇-ခန့်လောက် ရောက်ရှိလာခဲ့ကြသည်။ ကျောက်တုံးမဲမဲကြီးဖြင့် မှောင်မှောင်မဲမဲ မသဲကွဲမို့ ဆရာတော်များ လေ့လာရတာ မကျေမနပ် ဖြစ်နေကြသည်။ မနက်ဖြန် ကန္ဒီစွယ်တော်ဖူးပြီး အချိန်ရရင် နောက်တစ်ခေါက် ပြန်လာမည်ဟု မိန့်တော်မူသည်။

ထိုကြောင့် ကန္ဒီမြို့သို့ မနက်ဖြန် စွယ်တော်ဖူး ချီတက်ရပြန်သည်။ ၄၅-မီနစ်ခန့်ကြာပီးနောက် ကန္ဒီမြို့ မြန်မာကျောင်းသို့ ဆိုက်ရောက်လေတော့သည်။ ဆရာတော်ကို ၀တ်ပြုပီး ဆရာတော်စီစဉ်ထားသော နေရာတို့၌ အသီးသီးနေရာယူကာ ရေချိုးကြသည်။ ဆရာတော်များလည်း အနားယူကြသည်။ မနက်ဖြန် စွယ်တော်ဖူးမည်တည်း။

ဆက်လက်ဖေါ်ပြပါမည်.....

posted by dhammasami08

ကံကောင်းခြင်းလက်ဆောင်

You Are the Lucky One!

If you woke up this morning
Fairly healthy, Congratulations, because
Million people will not live to past a week.

နံနက်ခင်းမှာ ကျန်းမားရေးနှင့် ညီညွတ်မျတစွာ အိပ်ရာမှ နိုးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သက်လိုက်ပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သန်းပေါင်းများစွာသော လူတို့ဟာ ကုန်လွန်သွားခဲ့တဲ့ တစ်ပတ်လောက်ကို ပြန်လည်ရယူနိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပေသည်။

If you have never experienced the danger of war,
The loneliness of imprisonment,
The agony of torture,
Or cold and hunger,
Congratulations, you better fate than 5 million people

သင်သည် စစ်ဘေးစစ်ဒဏ် အန္တရာယ်၊ စိတ်အားငယ်စွာ တစ်ကိုယ်တည်း အထီးကျန်မှု၊ မချိတင်ကဲခံစားရမှု၊ စိတ်နှလုံးနှောက်ကြုခြင်း၊ သို့မဟုတ် အအေးလွန်းခြင်းဒဏ်၊ ဆာလောင်ခြင်းဝေဒနာများနှင့် ရင်ဆိုင်မကြုံတွေ့သေးရင် သင်ဟာ သန်းပေါင်းများစွားသော လူတို့ထက် သက်သာရာ ရနေသေးသောကြောင့် ကိုယ့်ကိုကိုယ် အားရကျေနပ်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။

If you can participate in religious activities
Without fear of harassment,
Arrest, torture, or death,
Congratulations, you have more freedom than 1.5 billion people

နှောက်ယှက်မှု ကြောက်ရွံ့မှု ကင်းကင်းဖြင့် သင်ဟာ ဘာသာရေးလှုပ်ရှားမှုတွင်း ပါဝင်ဆင်နွဲနိုင်နေသေးရင်၊ အချုပ်အနှောင်ခံရမှု နှိပ်စက်ညှင်းပန်းမှု၊ သို့မဟုတ် မသေသေးခဲ့ရင် သင့်ကိုသင် အားရကျေနပ် နှစ်သိမ့်နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ၁.၅ ဘီလျံလောက်သော လူတို့ထက် များစွာသာလွန်လျက် လွတ်လပ်မှုကို ရရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you have food,
Have clothes to wear,
There is a place to live, congratulations,
You are richer than 70% of the world

သင့်မှာ စားဖို့ အစားအစာ၊ ၀တ်ဖို့ ၀တ်ဆင်စရာနှင့် နေထိုင်ဖို့ နေစရာလေးတစ်ခု ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင်ဟာ ကမ္ဘာကြီးရဲ့ ၇၀% ထက် ချမ်းသာနေသေးသောကြောင့် ဖြစ်ပေသည်။

If you have saving in the bank,
Wallet with money,
There are some coin left, congratulations,
You are among the world's top 10% of the rich.

သင့်ဟာ ဘဏ်ထဲမှာ ပိုက်ဆံထည့်ထားတယ်၊ လက်ကိုင်အိပ်ထဲမှာလည်း ပိုက်ဆံရှိနေသေးတယ်၊ လက်ထဲမှာလည်း ငွေအချို့ ကျန်နေသေးတယ်ဆိုရင် သင့်ကိုယ်သင် ဂုဏ်ယူလိုက်စမ်းပါ၊ အားရကျေနပ် နှစ်သိမ့်လိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀-ယောက် စာရင်းထဲ သင်ဟာ တစ်ယောက်အပါအ၀င် ဖြစ်နေသောကြောင့်တည်း။

If you often looked up with a smile,
And the heart to thank God,
You are happy,
Because most people can but will not do so.

သင်ဟာ မကြာမကြာ ဘုရားသခင်ရဲ့ ကျေးဇူးတော် နှလုံးသားနှင့် အပြုံးပန်းဆင်ပီး ကိုယ့်ကိုကိုယ် ကြည်ညိုနေနိုင်သေးရင် သင်ဟာ ပျော်ရွင်တဲ့ဘ၀ပိုင်ရှင်ပဲ။ ဘာကြောင့်လည်းဆိုတော့ လူများစွာတို့ဟာ သူတို့ စွမ်းဆောင်နိုင်သလောက် လက်တွေ့ လုပ်နိုင်လိမ့်မည် မဟုတ်သောကြောင့်ပင် ဖြစ်သည်။

If you are able to hold someone's hand,
Or give them a hug,
Or pat them on the shoulder,
Congratulations, because you are with the ability to heal people's hearts

သင်ဟာ တစ်စုံတစ်ယောက်ရဲ့လက်ကို ဆုပ်ကိုင်နိုင်တဲ့ စွမ်းအားရှိနေသေးရင်၊ သို့မဟုတ် သူတို့ကို နွေးထွေးစွာ ပွေ့ဖက်နိုင်စွမ်း ရှိနေသေးရင်၊ သို့မဟုတ် သူတို့ရဲ့ဖခုံးကို ဖွဖွလေး ဆုတ်ကိုင်နိုင်တဲ့ စွမ်းအားမျိုး ရှိနေသေးရင် သင့်ကိုယ်သင် အားရကျေနပ် နေလိုက်စမ်းပါ၊ ဂုဏ်ယူလိုက်စမ်းပါ။ ဘာကြောင့်လည်းဆိုတော့ သင့်မှာ လူတို့ရဲ့ နှလုံးသားများကို ကုစားနိုင်တဲ့စွမ်းရည် အရည်အချင်း ရှိနေသေးသောကြောင့် ဖြစ်ပေသည်။

If you can read this article
That is double fortunate:
Some people think of you as a friend,
And there are 1.5 billion people illiterate

သင်ဟာ ယခုလို့ ကံအားလျှော်စွာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ ပြန်ထားသော ဒီစာစုကို ဖတ်နိုင်စွမ်း ရှိနေရင် ကမ္ဘာပေါ်မှာ စာမတတ်သူ ဦးရေ ၁.၅ ဘီလျံ ရှိတဲ့အထဲ လူတစ်ချို့က သင့်ကို သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ကြမှာပါ။ 

You probably never think of
How lucky you are now!

သင်ဟာ သေချာသလောက်ပဲ တကယ်ပါပဲ သင် ဘယ်လောက် ကံကောင်းသလဲဆိုတာ 
ဘယ်တော့မှ မစဉ်းစားဘူးလေ။

Wellness And Happiness is always with You!
ထာဝရ ကျန်းမာ ပျော်ရွင်နိုင်ပါစေ

posted by dhammasami08

Thursday, January 6, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၄)


နေ့ဆွမ်းစားပီး၍ အနားယူအပန်းဖြေပီးနောက် ၂-နာရီလောက်မှာ ဘုရားဖူး စထွက်ကြပြန်ပါသည်။ မဟာဗောဓိပင်ကို ည ၉-နာရီမှ ၀င်ဖူးကြရမည်။ ပထမဦးစွာ အ၀တ်အစားရောင်းသော စတိုးရ်ဆိုင်သို့ အရင်သွားသည်။ စာရေးသူတို့အဖွဲ့မှာ လူပုဂ္ဂိုလ်ငါးယောက်ဖြစ်သော်လည်း ကျန်းမာရေးကြောင့် ဒကာမ သားအမိနှစ်ယောက်သည် ကိုလံဘိုမှာ ကျန်ခဲ့ပေသည်။ ထို့ကြောင့် အခုလက်ရှိ သုံးယောက်အတွက် မဟာဗောဓိပင်ကို အနီးကပ်ဖူးမြော်ခွင့်ရရန် အဖြူရောင်အ၀တ်အစား ၀ယ်ရပေမည်တည်း။ အ၀တ်ရောင်းဆိုင်မှ ဆိုင်လုပ်သား ဒကာမများသည် ဘုန်းဘုန်းများဝင်လာသောကြောင့် ပြူးပြဲကာ ၀ိုင်းကြည့်ကြလေသည်။ မှန်ပေသည်။ သီရိလင်္ကာဗုဒ္ဓဘာသာဝင်များသည် ရဟန်းတော်များ အသားငါးဝယ်ခြင်း၊ ဆေးလိပ်ဝယ်ခြင်းစသည့်အပြင် မသင့်တော်သောနေရာ၌ တွေ့ခဲ့လျှင် ဘာမှမပြောသည့်တိုင် မကြိုက်မနှစ်သက်ချေ။ တော်ပေသေး၏။ ကားသမားက အ၀တ်အစားလိုက်ဝယ်ပေးသောကြောင့် စာရေးသူတို့မှာ ဒကာမများအကြား မတိုးမဝှေ့ရတော့ချေ။ ဤအနုရာဓပူရမြို့ကား ဘာသာရေးဆိုင်ရာ အစဉ်အလာကြီးမားသော မြို့ဖြစ်ခဲ့ပေသည်။
အရှင်မဟိန္ဒတောင်၊ မိဿကတောင်ခေါ် စေတီယတောင်။ ။
သီရိလင်္ကာနိုင်ငံ၏ ဗုဒ္ဓဘာသာသမိုင်းကို ပြောမည်ဆိုလျှင် အရှင်မဟိန္ဒမထေရ် မပါရင် မပီးချေ။ အရှင်မဟိန္ဒမထေရ် လင်္ကာဒီပသို့ ကြွရောက်လာပုံ အလုံးစုံကိုလည်း ပါရာဇိကဏ်အဋ္ဌကထာ၌ ဖေါ်ပြပါရှိပြီး ဖြစ်သည်။
ကျွန်ုပ်တို့အဖွဲ့ အ၀တ်အစားများ ၀ယ်ယူပီးနောက် စေတိယတောင်သို့ ဆက်လက်ထွက်ခွါလာခဲ့သည်။ ၎င်းတောင်သည် အနုရာဓမြို့မှ အရှေ့မြောက် ၈-မိုင်အကွာ၌ တည်ရှိလေသည်။ သံနှင့်ကျောက်နှစ်မျိုး ရောစပ်နေ၍ မိဿကတောင်ဟုလည်း ခေါ်ပေသည်။ မဟိန္ဒလေဟုလည်း အရှင်မဟိန္ဒမထေရ်ကို ဂုဏ်ပြုခေါ်ဝေါကြသည်။ တောင်တက်လမ်းကို ကျောက်သားလှေကားထက်ပေါင်း ၂၀၀၀-ရှိသော စောင်းတန်းနှင့် ဘေးဖက်ချက်မှာ တရုတ်စံကားပင်များ အစီအရီစိုက်ပျိုးထားရာ တက်ရောက်လာသူအဖို့ စိတ်အပန်းဖြေ ကြည်နူးဖွယ်ရာပင် ဖြစ်သည်။
ဤတောင်ဝန်းကျင်တစ်ဝိုက် ဟိုတစ်ချိန်က အရှင်မဟိန္ဒမထေရ် သာသနာတည်စေပြီးနောက်ပိုင်း ကျောင်းတိုက်ကြီးများ၊ ရဟန်းတော်များ၊ တရားအားထုတ်ရာ လိုဏ်ဂူများဖြင့် ခြံရန်တည်ရှိနေပေသည်။ ယခုအခါမှာကား ရဟန်းသံဃာအနည်းငယ်နှင့် အစောင့်အရှောက်များသာ ရှိလေတော့သည်။ ထိုခေတ်က စား၊ ၀တ်၊ နေထိုင်မှုပုံစံ တစ်မူထူးခြားဟန်ကို ကျန်ရစ်သော အထောက်အထားများက သက်သေပြနေပေသေးသည်။ ကမ္ဘာလှည့်ခရီးသွားများကို မဆွဲဆောင်နိုင်သော်လည်း ဗုဒ္ဓဘာသာဝင်များအနေဖြင့် အများဆုံးလာရောက် လည်ပတ်ကုသိုလ်ယူကြသည်ကို တွေ့ရှိရလေသည်။ နိုင်ငံခြားသားများမှာ အခွန်ဆောင်ပီးမှ တောင်ပေါ်တက်ခွင့်ရလေသည်။
စာရေးသူတို့ ပထမဆုံး အရှင်မဟိန္ဒမထေရ် တရားထိုင်နေကျ ကျောက်တောင်သို့ သွားရောက်ကြည်ညိုကြသည်။ ကျောက်တောင်ဆိုသော်လည်း ထိုနေရာသည် ကျောက်တုံးကြီးတစ်ခုဖြစ်ကာ အလယ်တည့်တည့်၌ လူတစ်ယောက် ထိုင်လောက်သောနေရာတစ်ခု ရှိပေသည်။ ထိုနေရာ၌ မဟိန္ဒမထေရ် တရားထိုင်ခဲ့သည်ဟု ဆိုပါသည်။ ထိုနေရာသို့ရောက်ရန်အတွက် တောင်အောက်သို့ အနည်းငယ် မီနစ် ၂၀-ခန့်ဆင်းသွားရသည်။ စာရေးသူတို့အဖွဲ့တွင် အသက် ၇၀-ကျော် ဒကာ၊ ဒကာမကြီးစုံတွဲပါလာသဖြင့် တစ်ဖြေးဖြေးပင် ဆင်းရသည်။ ထိုဌာနအကြောင်းအရာကို ပြောပြရန်နှင့် အကူအညီးရရန် ဂိုတ်တစ်ယောက်ကိုလည်း ခေါ်ထားလိုက်သည်။ ထိုဂိုတ်၏အကူအညီဖြင့် တကာမကြီးသည် တရားထိုင်သောနေရာသို့ လွယ်ကူစွာရောက်လာပေသည်။ စာရေးသူတို့လည်း မဟိန္ဒမထေရ် တရားထိုင်ခဲ့သောနေရာ၌ မထေရ်နှင့် တရားတော်ကို ပူဇော်သောအားဖြင့် တရားထိုင်ကြသည်။ ဓာတ်ပုံမှတ်တမ်းလည်း တင်ကြသည်။ ဤမဟိန္ဒလေတောင်၌ သိမှတ်ဘွယ်ရာ များစွာပင် ရှိလေသည်။
၎။ သိလာစေတီ။         ။ သီလာစေတီသည် မြတ်ဗုဒ္ဓ လင်္ကာဒီပကျွန်းသို့ တတိယအကြိမ်ကြွရောက်စဉ် သမာပတ်ဝင်စားခဲ့သောနေရာ၌ တည်ထား၍ သမိုင်းဝင် ၁၆-ဌာန၀ယ် ပါဝင်သောစေတီတစ်ဆူ ဖြစ်လေသည်။ ယင်းစေတီတော်တွင်း၌ မြတ်စွာဘုရားရှင်၏ ဥဏ္ဏလုံမွေးရှင်တော်ကို ထည့်သွင်းဌပနာထားသည်ဟု ဆိုပါသည်။ အမ္ဗတ္ထလစေတီ၏ အနောက်ဖက် တောင်ပေါ်၌ တည်ထားလေသည်။
ထိုပြင် ဒေ၀ါနံပိယတိဿမင်းနှင့် အရှင်မဟိန္ဒမထေရ်တို့ စတင်တွေ့ဆုံ ဖူးတွေ့ရသော သရက်ပင်ပေါက်သော ကုန်းမြေကို အမ္ဗတ္ထလဟု ခေါ်၍၊ ထိုကုန်းမြေနေရာကို အရှင်မဟိန္ဒမထေရ် သာသနာနှစ် ၂၈၄-ခုနှစ်မှာ ပရိနိဗ္ဗာန်ပြုပီးနောက်ပိုင်း ဒေ၀ါနံပိယတိဿမင်း၏ညီတော် ဥတ္တိယမင်းက အရိုးဓာတ်တော်များကို စေတီတည်ထား၍ အမ္ဗတ္ထလစေတီဟုလည်း ခေါ်သည်။ (အမ္ဗတ္ထလ၊ အမ္ဗ-သရက်ပင်၊ ထလ-ကုန်းမြေ)
 (ဓာတ်ပုံကြည့်ပါ) ထိုပြင် ၎င်းတောင်၌ အရှင်မဟိန္ဒမထေရ် သီတင်းသုံးတော်မူခဲ့သော ကျောင်းတိုက်၊ နေ့သန့်စင်ရာ လိုဏ်ဂူ၊ နတ်ဗြဟ္မာများ တရားနာလာရန် သုမနသာမဏေ ကြွေးကြော်ဖိန့်ကြားရာနေရာ တောင်ထိပ်များ ရှိလေသည်။
စာရေးသူတို့အဖွဲ့သည် မဟိန္ဒမထေရ်တရားထိုင်ရာ နေရာမှ တောင်ပေါ်ကို ပြန်တက်လာသည့်အခါ အဆိုပါ အမ္ဗတ္ထလကုန်းမြေသို့ ရောက်ရှိလာပေသည်။ ထိုနောက် သုမနသာမဏေ နတ်ဗြဟ္မာတို့အား တရားနာရန် ဖိတ်ကြားလေ့ရှိသော ကျောက်တောင်ထိပ်ပေါ်သို့ တက်ကြည့်ကြလေသည်။ ကျောက်တောင်ထိပ်၌ လေတိုက်တာပြင်ထန်သည် မှတ်မှတ်ရပ်တည်နေဖို့ ခက်သည်။ ပေါ်စီးမှကြည့်ရသော ရှုခင်းများ သာယာလှပပေသည်။ မြင့်မြင့်ရောက်ရင် များများမြင်သည်-ဟူသော စကားကို သတိရမိသည်။ အမြင့်ရောက်ရင် လေတိုက်ခံရသည်-ဟူသော စကားသည် ဤနေရာ၌ မှန်လသည်။ ဓာတ်ပုံလည်း ရိုက်ကြသည်။  အသက် ၇၀-ကျော် ဒကာကြီးတို့ စုံတွဲကား ဆင်းလိုက်တက်လိုက်မို့ အတော်မောသွားဟန်တူပေသည်။ သုမနကျောက်တောင်ပေါ်သို့ မတက်နိုင်တော့ချေ။ သိလာစေတီတောင်သို့ တက်ဖို့ရန်ကား ပိုဆိုးတော့မည်။
ထိုကြောင့် စာရေးသူတို့သည် သိလာစေတီရှိရာ တောင်ပေါ်သို့ ဆက်လက်မတက်တော့ဘဲ တောင်ခြေမှပင် ဖူးမြော်ကာ ပြန်ဆင်းလာခဲ့ကြလေသည်။ တောင်ခြေရောက်တော့ အမောပြေအောင် အုန်းနုရေ သောက်ကြသည်။ ထိုနောက် အချိန်ရှိတုန်း အခြားခြားသော သမိုင်းဝင်ဌာနများသို့ သွားရောက်ကြလေသည်။
၅။ ထူပါရာမစေတီ။       ။ ထူပါရာမစေတီသည် မြို့တောင်ဖက် မဟာစေတီ၏မြောက်ဖက်၌ တည်ရှိ၍ ဒေ၀ါနံပိယတိဿမင်း ကောင်းမှုဖြစ်သည်။ သမိုင်းဝင် ၁၆-ဌာန၀ယ် အပါအ၀င်ဖြစ်ပီး ၎င်းစေတီသည် အမြင့်သံတောင် ၃၀-ခန့်၊ လုံးပတ် ၁၂၁ တောင်၊ တမိုက်ရှိကာ ဘုရားရှင်၏ဓာတ်တော် တသပိတ်နှင့် လက်ျာညှပ်ရိုးတော်ကို ဌပနာထားလေသည်။ ထိုပြင် ကကုသန်၊ ကောဏာဂုန်၊ ကဿပဘုရား သုံးဆူတို့၏ ရေစစ်၊ ခါးပန်း၊ ရေသနုပ်တော်များကိုလည်း ဌပနာ ထားသည်။ စာရေးသူတို့လည်း သက်တော်ထင်ရှား မြတ်စွာဘုရားကို အာရုံပြုလျှက် ထူပါရုံစေတီတော်အား ဖူးမြော်ကြသည်။
ထိုစေတီတော်အနီး ဟိုတစ်ချိန်က နာမည်ကျော်ကြားသော မဟာဝိဟာရနှင့်စပ်လျှက် ထူပါရုံကျောင်းတော်ကြီးလည်း တည်ရှိပေသည်။ ယခုအခါ စာရေးသူတို့ ဘုရားဖူးချိန်မှာကား ၁၃-ပေခန့် အမြင့်ရှိသော ကျောက်တိုင်များသာ ကျန်ရှိနေပေတော့သည်။ စွယ်တော်တိုက်၊ သင်္ဃမိတ္တာ ရဟန္တာထေရီမကြီး၏ ကျောင်းတိုက်နှင့် အရိုးစေတီတို့သည်လည်း ထိုနည်းအတူပင် ကပ်ဘေးများကြောင့် နဂိုရ်ပုံစံ မတွေ့နိုင်တော့ချေ။ ဖြစ်ပီးရင် ပျက်စီးရသည့် သင်္ခါရများပေတည်းဟု သံဝေဂပွားမိပေသည်။
၆။ ဇေတ၀နစေတီ။       ။ ထိုနောက် စာရေးသူတို့သည် နောက်ထပ်သမိုင်းဝင်ဖြစ်သော စေတ၀နစေတီတော်ကို သွားရောက်ဖူးမြော်ကြသည်။ စေတီတော်ကြီးသည် လုံးပတ်ပတ်လည် ပေ-၁၁၀၀နှင့် ညာဏ်တော်အမြင့် ၂၃၁-ပေ ရှိသည်ဟု ဆိုသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်များ ထည့်သွင်းဌပနာခဲ့သည်ဟု ယုံကြည်ကြသည်။ ယခုအခါ စေတီတော်ကြီးကို ပြန်လည်ပြုပြင်နေသည်။
အေဒီ ၂၃၇-၃၀၄၊ ဝေါဋ္ဌာဘယ၏သားငယ် မဟာသေနမင်းသည် ပထမတွင် မိတ်ဆွေဆရာယုတ် သံဃမိတ္တနှင့် သောဏအမတ်တို့ကို အမှီးပြု၍ မဟာဝိဟရနှင့် အဘယဂီရိကျောင်းတိုက်ကြီးကို သိမ်းယူဖျက်ဆီး၍ သံဃာတော်များအား ဆွမ်းမလောင်းရန် အမိန့်ထုတ်ခဲ့သည်။ ထိုနောက် မိတ်ဆွေကောင်း အမတ်ကြီးနှင့်တွေ့ပီး ပြန်လည်ကြည်ညိုလာ၍ အဆိုပါ ဇေတ၀နစေတီတော်နှင့် ကျောင်းတိုက်ကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပေသည်။ သာသနာသည် တိုင်းပြည်အုပ်ချုပ်သူ၏ သဘောထားအပေါ် များစွာတည်မှီနေပေသည်။
အဘယဂီရိကျောင်းနှင့် စေတီ။    ။ ၀ဋ္ဋဂါမဏိမင်းလက်ထက် (သာသနာ ၄၅၅)တွင် အဘယဂီရိကျောင်းတိုက်နှင့် စေတီတော်ကို တည်ဆောက်ခဲ့သည်။ မူလက မဟာဝိဟာရဂိုဏ်းဝင် ဖြစ်သော်လည်း ဒကာ၊ ဒကာမများနှင့် ရောနှောနေသဖြင့် ဂိုဏ်းမှထုတ်ပယ်ရာမှ အဘယဂီရိဂိုဏ်း ဖြစ်သွားသည်။ နောင်အခါ မဟာယာနစသော အယူဝါဒများလွမ်းမိုးလာပီး လုံးဝပျက်စီးသွားသည်။
မင်းကြီး စစ်ပြေးစဉ်းက ထမင်းကျွေးဖူးသော ကျေးဇူးကိုထောက်၍ အရှင်မဟာတိဿမထေရ်အား စတင်ကျောင်းလှူခဲ့သည်။ လုံပတ်ပေ ၉၀၀၊ ညာဏ်တော်အမြင့် ၂၃၅-ပေရှိ အဘယဂီရိစေတီတော်ကြီးကိုလည်း တည်းထားခဲ့သည်။ ယခုအခါ စေတီပတ်ပတ်လည်မှာ မြက်ပင်များ ပေါက်ရောက်နေပီး အတော်ယိုယွင်းပျက်စီးနေပေသည်။ ပြန်လည်ပြုပြင်ဖို့လည်း ပြင်ဆင်နေကြသည်ကို တွေ့ရှိရပေသည်။
ဣဿရမုနိ(Isurumuniya)။     ။ ထိုနောက် စာရေးသူတို့သည် နိုင်ငံခြားသားများ အများဆုံးလာရောက်လည်ပတ်လေ့ရှိသော Isurumuniya ခေါ် ဣဿရမုနိကျောင်းနှင့် စေတီသို့ သွားရောက်ဖူးမြော်ကြသည်။ ဒေ၀ါနံပိယတိဿမင်းကြီး၏ ကောင်းမှုတော်ဖြစ်ပီး အရှင်မဟိန္ဒထံ ရဟန်းပြုလာသော မင်းမျိုးမင်းသား ရဟန်းတော်ငါးရာ သီတင်းသုံးခဲ့သော ကျောင်းတော်ဖြစ်လေသည်။ ကျောက်တောင်ပေါ်မှာ စေတီငယ်တစ်ဆူနှင့် မြတ်စွာဘုရား၏ခြေတော်ရာကိုလည်း တည်ထားသည်။ ကျောင်းဝင်းအတွင် ပြတိုက်နှင့် ရေကန်ငယ်တစ်ခုလည်း ရှိပေသည်။ ဗုဒ္ဓဘာသာဝင်မဟုတ်သော နိုင်ငံခြားသားတို့က Isurumuni Lovers ခေါ်သော ရှေးဟောင်းကျောက်ရုပ်ထုလက်ရာနှင့် သမိုင်းကို စိတ်ဝင်စားကြသည်။
ထိုပြင် ရေကန်ညီနောင် (Twin pond or Kuttampokuna)နှင့် လခြမ်းပုံစံရှိ၍ အရုပ်ကလေးများ ထည့်သွင်းပုံသွန်းထားသော ခြေနင်းခုံ- Moonstone-ဟုခေါ်သော နိုင်ငံခြားသားအများစု လာရောက် လေ့လာကြည့်ရှုကြသော ထင်ရှားသော နေရာများသို့လည်း သွားရောက်လည်ပတ်ကြသည်။ ဤကဲ့သို့သောနေရာများသည် ဘုရားဖူးသီးသန့်များအတွက် အရေးမပါသော်လည်း ဗိသုကာပညာရှင်များအတွက်မူကား ရှေးဟောင်းဗိသုကာ လက်ရာများကို လေ့လာရသည့်အတွက် တန်ဖိုးမဖြတ်နိုင်သော လာရောက်လည်ပတ်မှုပင် ဖြစ်ပေသည်။
ထိုနောက် စာရေးသူတို့အဖွဲ့သည် လက်ရာအားဖြင့် အလွန်ရှေးကျ၍ (Samadhi Buddha) သမာဓိဗုဒ္ဓ-ဟုခေါ်သော မြတ်စွာဘုရား တရားထိုင်သည့် ပုံတော်ရုပ်ထုကို သွားရောက်ဖူးမြော်ပီး မရိစိဝဋ္ဋိစေတီနှင့် လံကာရာမစေတီတို့ကို သွားရောက်ဖူးမြော်ကြသည်။ ယခုဖူးမြော်ပီးသော စေတီတော်များအားလုံး၏ပုံစံသည် တစ်ပုံစံတည်း တူသယောင်ယောင် ရှိသည်ဟု အမြင်အားဖြင့် ထင်ရပေသည်။ မှန်ပေသည်။ လင်္ကာဒီပတစ်ကျွန်းလုံးရှိ စေတီပုံစံများသည် ယခုတွေ့ရသော ပုံစံအတိုင်း လက်ရာမပြောင်းလဲမူ၍ ယနေ့တိုင်အောင် ရှေးမူမပျက်တည်ထား ကိုးကွယ်ကြသော လင်္ကာဒီပသားများအတွက် ဂုဏ်ယူစရာ ကောင်းလပေသည်။ 
အနုရာဓမြို့ဝယ် လည်ပတ်စရာလည်း အတော်စုံသွားပြီဖြစ်၏။ ကားဆရားက ရေကန်တစ်ခုကို လိုက်ပြသေး၏။ ရေကန်က အလွန်ကြီးသောကြောင့် ဆင်ရေကန်-ဟုခေါ်ကြောင်း ရှင်းပြလေသည်။ အချိန်အားဖြင့်ကား မိုးချုပ်နေပီးတည်း။ ဓာတ်ပုံရိုက်သော်လည်း မှောင်မဲနေသောကြောင့် ဘာမှမမြင်ရတော့ပေ။ အချို့နေရာတို့ကား သမိုင်းသာရှိ၍ မျက်မှောက်မှာ သက်ဝင်လှုပ်ရှားမှု မရှိသောကြောင့် စာရေးသူက အသေးစိတ်ကို မဖေါ်ပြတော့ပါ။
ထိုည ၉-နာရီမှာ ဗောဓိပင်ကို သွားရောက်ဖူးမြော်ဖို့ အစီစဉ်ရှိသေးသည်။ ထိုကြောင့် ကားဆရားအား ကျောင်းသို့ပြန်ရန် ညွန်ကြားလိုက်လေတော့သည်။
ဆက်လက်ဖေါ်ပြပါမည်….
posted by dhammasami08

Wednesday, January 5, 2011

ကြီးမြတ်သူတို့စကား

 
(မြတ်ဗုဒ္ဓ)
 မမေ့မလျော့ သတိရှိသူသည် နိဗ္ဗာန်ရောက်ကြောင်းတည်း။

မေ့လျော့သူသည် သေရခြင်း အကြောင်းတည်း။

မမေ့မလျှော့ သတိရှိသူသည် သေသည် မမည်။ 
မေ့လျော့သူသည်ကား ရှင်လျှက် သေသူမည်၏။

(ပလေတို)
စိတ်ထားပြည့်ဝ ကောင်းမွန်းသောသူ၌ မနာလို စိတ်မရှိ။

(ရစ်ချယ်လူ)
မြှောက်ပင့် ပြောဆိုသူများသည် အဆိုးရွားဆုံး သစ္စာဖေါက်များ ဖြစ်ကြသည်။

(ရူးဆိုး)
ဆင်ဆင်ခြင်ခြင်နေထိုင်ခြင်းနှင့် အလုပ်လုပ်ခြင်းသည် 
လူသားတို့၏ အကောင်းဆုံး ဆရာဝန်နှစ်ဦးပင် ဖြစ်လေသည်။

(ပရက်စ်ရစ်တယ်လာ)
အလွန်စဉ်းစားသူသည် အနည်းငယ်သာ ပြုလုပ်ပြီးစီးလိမ့်မည်။

(ဂျိန်းပေါလ်ဆတ်)
လူသည် ပြုမှုဆောင်ရွက်ရန်အတွက် လွတ်လပ်သည်။ 
သို့သော် လွတ်လပ်ရန်အတွက် ပြုမှုဆောင်ရွက်ရမည်။

posted by dhammasami08

Sunday, January 2, 2011

ကျွန်ုပ်သိသောသီရိလင်္ကာ (အပိုင်း-၃)

၂။ ဇယသီရိမဟာဗောဓိ။ ။ သီရိလင်္ကာနိုင်ငံ၊ အနုရာဓပုရမြို့ရှိ ဗောဓိပင်ကို သီရိလင်္ကာသားတို့က ဇယသီရိမဟာဗောဓိ-ဟု အမြတ်တနိုးခေါ်ကြလေသည်။ (http://srimahabodhi.org/fernando.htm) သီရိလင်္ကာရောက် ဒက္ခိဏသာခါ-ဗောဓိပင်သမိုင်းနှင့် ပတ်သက်၍ ပါရာဇိကဏ်အဋ္ဌကထာ(၀ိ၊ ဋ္ဌ၊ ၁၊ ၆၈-၇၅)မှာ အပြည့်အစုံ ဖေါ်ပြပါရှိပေသည်။ ဤပို့စ်မှာကား အကျဉ်းချုပ်ပဲ ဖေါ်ပြနိုင်ပေမည်။
B.C.244 ဘီစီ-၂၄၄-ခုနှစ်မှာ အသောကမင်းတရား၏ သမီးတော်၊ အရှင်မဟိန္ဒမထေရ်၏ ညီမတော်ဖြစ်သော ဘိက္ခူနီ သင်္ဃမိတ္တာထေရီမသည် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှ လင်္ကာဒီပကျွန်းသို့ ဗောဓိပင်ပျိုကို ပင်ဆောင်လာခဲ့ပီး အနုရာဓမြို့၏တောင်ဖက် မဟာမေဃမင်းဥယာဉ်တော်မှာ အခန်းအနားဖြင့် စိုက်ပျိုးခဲ့ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓဂယာရှိ ဘုရားဖြစ်တော်မူသော မူလမဟာဗောဓိပင်မှ ပွားယူလာသောကြောင့် သီရိလင်္ကာသားတို့က ၎င်းပင်ပွားဗောဓိပင်ပျိုကို သက်တော်ထင်ရှား မြတ်စွာဘုရားရှိနေဘိသကဲ့သို့ အသက်နှင့်ထပ်တူ မြတ်နိုးပူဇော်ကြလေသည်။ အခုဆိုရင် ဗောဓိပင်၏သက်တမ်းသည် နှစ်ပေါင်း ၂၂၀၀- ကျော်နေပီ ဖြစ်၏။ ထိုကြောင့် ဗုဒ္ဓဘာသာဝင်များသည် အိန္ဒိယရှိ မဟာဗောဓိပင်ကို ဖူးမြော်သွားရောက်ကြသကဲ့သို့ သီရိလင်္ကာနိုင်ငံရှိ ဗောဓိပင်ကိုလည်း လာရောက်ဖူးမြော်သင့်လပေသည်။ နေ့နေ့ညည စွယ်တော်နှင့် ဗောဓိပင်ဘုရားဖူး အထူးပင်စည်ကားလပေသည်။ သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်တို့၏ ကြည်ညိုအားထား လေးစားပုံကား ကြက်သီးထလောက်အောင်ပင် ဖြစ်ရသည်။ သီရိလင်္ကာရှိ ဗုဒ္ဓဘာသာဝင်တို့၏ အသဲနှလုံးမှာ စွယ်တော်နှင့် ဗောဓိပင်တို့ပင် ဖြစ်လေသည်။
မြန်မာပြည်သားတို့ကား ကဆုန်ညောင်ရေသွန်းပွဲကာလတွင်မှ ဗောဓိပင်ကို ရေတော်သွန်လောင်း ပူဇော်လေ့ရှိပေသည်။ ဘုရားဖြစ်တော်ပြီးနောက် ဗောဓိပင်ကို မမှိတ်မသုန် မျက်လုံးတော်စုံဖြင့် ၇-ရက်တိုင်တိုင် ကြည့်ရှုတော်မူကာ အရိုအသေပေးခဲ့ပေသည်။ ဘာသာဝင်တို့ ဗောဓိပင်ကို အလေးထား၍ မြတ်နိုးပူဇော်ခဲ့ကြရန် ရည်သန်တော်မူပေသည်။ ဘုရားရှင် သက်တော်ရှိစဉ်က ကျောင်းတော်သို့ ဒကာ၊ ဒကာမများ ပူဇော်ဖွယ်ရာများဖြင့် ဘုရားဖူးလာကြသည်။ ဘုရားဖူးရပြီးလည်း တင်းတိမ်းအားရမူမဖြစ်၊ တမ်းတမ်းတတဖြင့် လွမ်းဆွတ်ကာ ပြန်ကြရလေသည်။ မဖူးလိုက်ရသူများကား သောကပူဆွေး ၀မ်းနည်းပီး ပြန်ကြရပေမည်။ ထိုအကြောင်းကို မြတ်စွာဘုရား သိတော်မူသောအခါ အရှင်အာနန္ဒာအား မူလမဟာဗောဓိပင်မှ ပွားယူ၍ ဗောဓိပင်ကို မြတ်ဗုဒ္ဓကိုယ်စား စိုက်ပျိုးထားရှိရန် တိုက်တွန်းတော်မူလေသည်။ အရှင်အာနန္ဒာမထေရ်သည် ဗောဓိပင်ပျိုကိုယူပီး အနာထပိဏ်သူဋ္ဌေး၏ အကူအညီဖြင့် ဇေတ၀န်ကျောင်းတော်အတွင်း မြတ်စွာဘုရားရှင် ဒေသစာရီကြွချီနေချိန် လရောက်ကြသောဘုရားဖူးတို့အတွက် စိုက်ပျိုးတော်မူခဲ့ပေသည်။ ထိုကြောင့် ဗောဓိပင်သည် မြတ်ဗုဒ္ဓ၏ ကိုယ်ပွားတော် ဖြစ်လေသည်။
ဗောဓိပင်ကို သီရိလင်္ကာသားတို့ အသက်နှင့်ထပ်တူထားကာ မြတ်နိုးပူဇော်ကြသောကြောင့် အစောင့်အကြပ်ထူထပ်စွာချ၍ မသမာသူတို့၏ ဖျက်ဆီးမည့်ဘေးရန်မှလည်း ကာကွယ်ထားကြလေသည်။ မြတ်ဗုဒ္ဓထပ်တူ ရိုသေလေးစား တန်ဖိုးထားသောကြောင့်လည်း အမြင်မတော်ဝတ်စား ဆင်ယင်ထားသူများ ဗောဓိပင်အနီးဖူမြော်ခွင့်ကို မရရှိနိုင်ပေ။ လှူဖွယ်ဝတ္ထုများနှင့်အတူ အဖြူရောင်ဝမ်းဆက် ၀တ်ထားသူများသာ ဗောဓိပင်အနီး ဖူးမြော်ခွင့်ကို ခွင့်ပြုလေသည်။ ဖူးမြော်ခွင့်ရပြန်သော်လည်း အချိန်အကြာကြီး မနေရပေ။ ဗောဓိညောင်ရွက် ကောက်ယူပူဇော်လျှက် လက်ယာတစ်ပတ်လှည့်ကာ ပြန်ဆင်းလာကြရလေသည်။
မြန်မာကျောင်းဆရာတော်က ထိုအကြောင်းအရာကို သိရှိနေသောကြောင်း စာရေးသူတို့ကို အကြံပြုလေသည်။ ဒီနေ့မနက် ဗောဓိပင်ဖူးလို့ရပေမယ့် အနီးကပ်ဖူးခွင့် မရနိုင်။ ည ၉-နာရီးမှ ဖွင့်ပေးလိမ့်မည်။ အားလုံးအဆင်ပြေအောင် ရင်းနှီးသော ဗောဓိပင်တာဝန်ရှိဆရာတော်ကို ဖုန်းဆက်အကူအညီတောင်း ပေးမည်။ အဖြူရောင်အ၀တ်အထည်များသာ ၀ယ်ယူထားပါ။ မနက်ပိုင်း ဗောဓိပင်ကို ခဏ၀င်ဖူး၍ တစ်ခြားဘုရားများ လှည်ပတ်ဖူးမြော်ပီး ပြန်လာခဲ့။ ညပိုင်းမှ ဗောဓိပင်သန့်သန့် အချိန်ယူဖူးကြလေ-ဟု အကြံပြုလေသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် နံနက်စားဘုန်းပေးပီး ဗောဓိပင်ဖူး ထွက်ကြလေသည်။ မြန်မာဘုန်းကြီးကျောင်းမှ ဗောဓိပင်သို့ ဖြတ်လမ်းဖြင့် ၁၀-မီနစ်ခန့်သာ လမ်းလျှောက်ရလေသည်။ နံနက်ခင်းဖြစ်သော်လည်း ဘုရားဖူးများဖြင့် စည်ကားလပေသည်။ ဆီမီးပူဇော်ခြင်းကို ဗောဓိပင်နှင့်ဝေးသော တံတိုင်း၏တစ်ခြားတစ်ဖတ်မှာသာ ခွင့်ပြုလေသည်။ ဗောဓိပင်တစ်ဝိုက် တရားထိုင်သူ၊ ပန်း၊ ရေချမ်းပူဇော်သူတို့ဖြင့် ကြည်နူးဖွယ်ရာ တွေ့ရှိရလေသည်။ ကျွန်ုပ်တို့လည်း ဗောဓိပင်ကို အဝေးမှပင် ဖူးမြော်ကာ ညောင်ရွက်ကောက်ပီး ပြန်လာခဲ့ကြသည်။

  သီရိလင်္ကာသားတို့ ဗောဓိပင်အား ရှိခိုးပူဇော်သော ဂါထာ
ယဿ မူလေ နိသိန္နောဝ၊ သဗ္ဗာရိ ၀ိဇယံ အကာ၊
ပတ္တော သဗ္ဗညုတံ သတ္ထာ၊ ၀န္ဒေ တံ ဗောဓိပါဒပံ။
ဣမေ ဧတေ မဟာဗောဓိ၊ လောကနာထေန ပူဇိတံ၊
အဟမ္ပိ တေ နမဿာမိ၊ ဗောဓိရာဇံ နမတ္ထု တေ။

"I worship this Bodhi-tree seated under which the Teacher attained omniscience by overcoming all enemical forces (both subjective and objective). I too worship this great Bodhi-tree which was honoured by the Leader of the World. My homage to thee, O King Bodhi." (http://srimahabodhi.org/bodhi-puja.htm)

အဓိပ္ပါယ်ကား- ဗောဓိပင်အောက်ဝယ် ထိုင်တော်မူရင်း ရန်ဟူသမျှကို အောင်မြင်တော်မူ၍ သမ္ဗညုတညာဏ်တော်ကို ရတော်မူသော မြတ်စွာဘုရားသခင်၏ ခြေတော်ကို ပူဇော်ရှိခိုးပါ၏။
ဤကဲ့သို့ ဗောဓိညာဏ်ကို ရတော်မူပြီးသော မြတ်စွာဘုရားသခင်ကို နတ်လူတို့၏ ကိုယ်းကွယ်အားထားရာအဖြစ် ပူဇော်ဆည်းကပ်သကဲ့သို့ ငါသည်လည်း ထိုဗောဓိပင်မင်းကို ရှိခိုးပါ၏။
 
 ၃။ မဟာစေတီ။ ။ Swarnamali Vihara (Ruwanvelisaya)ခေါ် မဟာစေတီသည် ဗောဓိပင်၏တောင်ဖက်အရပ်မှာ ရှိလေသည်။ သုံးဖာလုံ-တပြလောက်ပဲ ဝေးလေသည်။ ဗောဓိပင်နှင့် မဟာစေတီသို့ သွားရာလမ်းဝယ် လောဟပါသာဒ(ကြေးပြသာဒ်)ရှိလေသည်။ ဗောဓိပင်နှင့် ကားလမ်းသာ ခြားလေသည်။ ကြေးပြသာဒ်ကိုလည်း ဒုဋ္ဌုဂါမဏိမင်း တည်ဆောက်တုန်းက ဘုံ ၉-ဆင့်ဖြစ်လေ၏။ တည်ဆောက်ပီး မကြာမီပင် မီးခ၍ ညီတော် သဒ္ဓါတိဿမင်းကပင် ဘုံ ၇-ဆင့်ချုံးကာ ပြန်လည်တည်ဆောက်ခဲ့သည်။ မြတ်စွာဘုရား ပထမအကြိမ်ကြွရောက်၍ သမာပတ်ဝင်စားသော နေရာ၌ တည်ဆောက်ထားခြင်း ဖြစ်သည်။ အောက်ခြေတိုင်လုံးကို ကျောက်တိုင်တို့ချည်း ထည့်သွင်းတည်ဆောက်ထားပီး ၁၂-ပေခန့်ရှိသော ကျောက်တိုင်အတန်းပေါင်း ၄၀-အတိအကျရှိ၍၊ တစ်တန်းလျှင် တိုင်ပေါင်း ၄၀-စီရှိရာ စုစုပေါင်း ကျောက်တိုင် ၁၆၀၀-တိုင် ရှိလေသည်။
ကျွန်ုပ်တို့ ဘုရားဖူးအဖွဲ့သည် ဗောဓိပင်မှ ထွက်လာပီးနောက် ကြေးပြသာဒ်ကို ကြည့်ရှုကြလေသည်။ ယခုအခါ ကြေးပြသာဒ်သည် ကျောက်တိုင်းလုံးများသာ ထိုးထိုးထောင်ထောင်ဖြင့် တည်ရှိနေလေတော့၏။ စစ်ဘေးအန္တရာယ်၊ သာသနာ့ရန်စွယ်တို့၏ လက်ချက်ကြောင့် သာသနိကအဆောက်အအုံများ ပျက်စီးရကာ အရုပ်ဆိုးအကျဉ်းတန်လှသဖြင့် ကြည့်မြင်မိသောဘာသာဝင်တို့၏ ရင်ထဲမှာ နာကျင်စွာ ခံစားမိလေသည်။ ကြေးပြသာဒ်၏မျက်နှာဆိုင် လမ်းတစ်ဖက်မှာ သင်္ဃမိတ္တာထေရီမက ဒေ၀ါနံပိယတိဿမင်းအား ဗောဓိပင်ပျိုကို လှမ်းပေးတော်မူနေသော ကျောက်ရုပ်ထုကို တွေ့ရှိရလေသည်။ 
ကြေးပြသာဒ်ကို ကြည့်ပီးနောက် တောင်ဖက်ကို အနည်းငယ်လမ်းလျှောက်သွားရင် မဟာစေတီကို လှမ်းမြင်ရလေသည်။ မဟာစေတီသည် သမိုင်းဝင် ၁၆-ဌာနတွင် တစ်ဌာနပါဝင်သော စေတီဖြစ်လေသည်။ 
(ဘီစီ-၁၀၁-၇၇)ဒုဋ္ဌုဂါမဏီမင်း လှူဒါန်းတည်ဆောက်ခဲ့သော်လည်း သူ့လက်ထက်၌ မပြီးမူ၍ ညီတော် သဒ္ဓါတိဿမင်း (၁၃၇-၁၁၉ ဘီစီ) လက်ထက်ကျမှ ပြီးစီးအောင်မြင်လေ၏။ မြတ်စွာဘုရားရှင်၏ ဓာတ်တော်မွေတော်ကိုလည်း ထည့်သွင်းဌပနာထားသည်ဟု ဆိုပါသည်။ စေတီတော်၏အမြင်ပေမှာ ၃၃၈-ပေရှိလေသည်။ မဟာစေတီကို Ruwanveli Seya- ဟု ဒေသသားတို့က ခေါ်ဆိုသည်။ အခြားအခြားသော စေတီတော်များထက် မဟာစေတီ၌ ဘုရားဖူးများဖြင့် စည်းကားလေသည်။
စေတီတော်အ၀င် ရှေ့မျက်နှာနှင့် အရှေ့တောင်ရှိ ထိုင်တော်မူဘုရားနှစ်ဆူမှာ ပြည်မာ့လက်ရာဖြစ်ပီး မြန်မာပြည်သား ဘုရားဒကာ ဖြစ်လေသည်။ ထီးတော်ကိုလည်း မြန်မာပြည်မှပင် လှူဒါန်းထားလေသည်။ စေတီရင်ပြင်သည် အတော်ကျယ်ဝန်းလပီး ကျောက်ချပ်ကြီးမျာဖြင့် သေသပ်စွာ ခင်းထားလေသည်။ ရင်ပြင်ကျောက်ပြားပေါ်ထိုင်ကာ ဘုရားဖူးရတာ ကြည်နူးဘွယ်ရာ ကောင်းလသည်။ အချိန်ယူကာ အားပါးတရ ဖူးလိုက်သည်။
မဟာစေတီမှ ထွက်လာပီးနောက် စာရေးသူတို့အဖွဲ့ ကားဆီသို့ ဦးတည်သွားခဲ့သည်။ ဘယ်ဆီကို ဆက်သွားရမည်မသိသေးပေ။ နေ့ဆွမ်းစားချိန်လည်း နီးကပ်နေပီတည်း။ ကားပေါ်ရောက်တော့ ခရီးစဉ် စီစဉ်သူ ဦးဥတ္တမသာရ၏ ညွန်ကြားချက်ကို စောင့်နေကြသည်။ ထိုအချိန်မှာပင် အနုရာဓကျောင်းဆရာတော်ဆီမှ ဖုန်းသံမည်လာ၏။ ဦးဥတ္တမသာရက ဖုန်းပြောပီး ကားဆရာအား ကျောင်းသို့အမြန်မောင်းရန် ညွန်ကြားလိုက်လေတော့၏။ အကြောင်းမှာ ဆရာတော်က ဆွမ်းစားဖို့ အားလုံးက စောင့်နေကြကြောင်း၊ ပြန်လာခဲ့တော့ဟု မိန့်တော်မူသောကြောင့် ဖြစ်ပေသည်။

ဆက်လက်ဖေါ်ပြပါမည်။
posted by dhammasami08