မြတ်ဗုဒ္ဓစွယ်တော်ကို ဖူးမြော်ပူဇော်ပီး ပြန်ရောက်လာကြသော စာရေးသူတို့ ဘုရားဖူးအဖွဲ့သည် ၀မ်းသာပီတိအဟုန်ကြောင့် သဒ္ဓါတရားများပေါ်ထွက်လာကာ မကုဋရာမမြန်မာကျောင်းနှင့် လင်္ကာဒီပကျွန်းအနှံ့ သီတင်းသုံးနေထိုင်နေကြသော မြန်မာသံဃာတော်များအတွက် ဒေါ်လာ ၄၀၀-ကို နေ့ဆွမ်းတစ်နပ်အတွက် ဆက်ကပ်လှူဒါန်းလေသည်။
ထိုကြောင့် စာရေးသူတို့လည်း ခရီးရောက်ရောက်ချင်းပင် ဆွမ်း၊ ဟင်းချက်ပြုတ်ရန် ပြင်ဆင်ရပြန်ပါသည်။ ယခုအချိန်ကား စာသင်သံဃားများ တက္ကသိုလ်အသီးသီးမှာ စာမေးပွဲ ဖြေဆိုနေချိန် ဖြစ်နေသည်မို့ ဆွမ်းဟင်းချက်ပြုတ် ဝေယျာဝေစ္စလုပ်ဖို့ အင်အားနည်းပါးနေပေသည်။ သို့သော်လည်း ဒကာ၊ ဒကာမများ၏ စေတနာသဒ္ဓါတရားအစွမ်းကြောင့် နေ့ဆွမ်းအလှူတစ်ခု ပြီးစီးအောင်မြင်သွားပေသည်။
အလှူရှင်(အလှူငွေ) နည်းပါးလသည့်အပြင် ကုန်ကျစရိတ်များပြားလသော သီရိလင်္ကာရှိ မြန်မာစာသင်သား သံဃာတော်များအတွက် ဒီလိုမျိုးနည်းများမဆို (နေ့ဆွမ်းတထပ်) အလှူဒါနမျိုးသည် သံဃိကဒါနမြောက်၍ အင်မတန် မွန်မြတ်လပေသည်။ သာဓုခေါ်ထိုက်လပေသည်။
နေ့ဆွမ်းစားပီးနောက် အနားယူအပန်းဖြေကာ ၂-နာရီးလောက်မှာ ကိုလံဘိုမြို့တော်နှင့် မဝေးလသော ကလျာဏီသိမ်သို့ သွားရောက်ဖူးမြော်လည်ပတ်ကြပြန်ပါသည်။
ကလျာဏီစေတီ(သိမ်)။ ။ ကလျာဏီစေတီသည် ကလျာဏီမြစ်နံဘေး၌ တည်ရှိပီး ကိုလံဘိုမြို့တော်မှ ၆-မိုင်ခန့်သာ ဝေးပေသည်။ ကလျာဏီးမြစ်သည် စေတီပါဒတောင်(ခြေတော်ရာတောင်)မှ မြစ်ဖျားခံကာ စီးဆင်းလာသည်ဟု ဆိုပါသည်။
ကလျာဏီစေတီတော်သည် သမိုင်းဝင် ၁၆-ဌာနတွင်း တစ်ဌာနပါဝင်ပီး မြတ်စွာဘုရားသခင် ၈-၀ါအရမှာ နောက်ဆုံးနှင့် တတိယအကြိမ်မြောက် လင်္ကာဒီပကျွန်းသို့ ကြွရောက်တော်မူသည့်အခါ အဆိုပါ ကလျာဏီမြစ်နံဘေး၌ ရေတော်သန့်ပယ်ပြီး နဂါးမင်း၏တောင်းပန်မှုကြောင့် ရတနာပလ္လင်ထက်ဝယ် ထိုင်တော်မူလျှက် တရားရေအေး တိုက်ကြွေးတော်မူခဲ့ပေသည်။ ကလျာဏီစေတီဟူသည် အဆိုပါ ရတနာပလ္လင်ကို ထည့်သွင်းဌပနာထားခြင်း ဖြစ်ပေသည်။
ကလျာဏီသိမ်ဟူ၍ ခေါ်ဆိုရခြင်းမှာ မြန်မာနိုင်ငံတော်၊ ဓမ္မစေတီမင်းလက်ထက် ဟံသာဝတီ(ပဲခူး)မှ မြန်မာရဟန်းတော်များ ကြွရောက်၍ ကလျာဏီမြစ်အတွင်း ရေသိမ်ဖြင့် ရဟန်းခံခဲ့ဖူးပေသည်။ ထိုကြောင့် ကလျာဏီသိမ်ဟု အသိများကြသည်။ အမှန်မှာ ကလျာဏီသိမ် ဖူးမြော်သွားရောက်သော ဘုရားဖူးတို့သည် ကလျာဏီစေတီအား (ကပ်ကျော်-ကြည့်ရုံ မလုပ်ဘဲ) အလေးအမြတ်ထား ဖူးမြော်သင့်လပေသည်။
စာရေးသူတို့အဖွဲ့ ကလျာဏီစေတီကို မုခ်ဦးဖက်မှနေ၍ တက်လာကြသည်။ အ၀င်မုခ်ဦးသည် ကလျာဏီမြစ်ဖက် မျက်နှာမူထားသည်။ လှေကားထက်နံဘေးမှာ ဆိုက်ဘုတ်တစ်ခု ထောင်ထားရာ ဖတ်ကြည့်လိုက်တော့ အောက်ပါအတိုင်း သိမှတ်ရသည်။
ရှေးဟောင်းစာပေအရ မြတ်စွာဘုရား ၈-၀ါမြောက်မှာ ကြွရောက်ခဲ့ကြောင်း၊ နာဂမင်း မဏိအက္ခိသ တောင်းပန်၍ မူလကေလနိယကျောင်းတည်ရှိသော နေရာ၌ တရားဟောခဲ့ကြောင်း၊ ယခုအခါ တည်နေရာကို မမြင်နိုင်တော့ပေမယ့် ရှေးဟောင်းသုတေသနဖြင့် တွေ့ရှိခဲ့သော အနုရာဓပူရခေတ် အထောက်အထားတွေအရ ရေဆိပ်အနီး နေရာဖြစ်ကြောင်း၊ ကျောက်ပြား ကျောက်စာတွေကို ထောက်ဆ၍သာ သိရှိရကြောင်း၊ ကလျာဏီစေတီနှင့် ကပ်လျှက်ရှိသော ရုပ်စုံကျောင်းကြီးကတော့ ၁၈-ရာစုနှစ် လက်ရာဖြစ်ကြောင်းစသည်ဖြင့် ရေးထားလေသည်။
ကလျာဏီစေတီကို လက်ျာလှည့်ဖူးမြော်ပီး ဗောဓိပင်၊ ထိုနောက် ရုပ်စုံကျောင်းကြီးတွင်း ၀င်ရောက်ဖူးမြော်ကြသည်။ အဆိုပါ ရုပ်စုံကျောင်းကြီးအတွင်း မြတ်စွားဘုရားရှင်၏ ဘ၀ဖြစ်တော်စဉ်မှအစ နောက်ဆုံးပရိနိဗ္ဗာန်ပြုသည့်အထိ၊ ထိုနောက် အရှင်မဟိန္ဒမထေရ်မှ အစပြု၍ လင်္ကာဒီပကျွန်းသို့ သာသနာစတင် ရောက်ရှိခဲ့ပုံ အလုံးစုံကို ရုပ်လုံးရုပ်ကြွများ၊ နံရံဆေးရေးပန်းချီများဖြင့် ရင်သပ်ရှုမောဖွယ်ဖြစ်အောင် ပူဇော်ရေးချယ်ထားသည်ကို လေ့လာမိပေသည်။
မည်သူမဆို လာရောက်လေ့လာသင့်သော နေရာတစ်ခုပင် ဖြစ်ပေသည်။ ထိုနောက် ကလျာဏီမြစ်နံဘေးသို့ သွားရောက်ပီး မြတ်စွာဘုရား ဟိုတစ်ချိန်က ရေသန့်ပယ်တော်မူခဲ့သည်ကို အာရုံပြုရင်း ဘုရားရှင်လက်ထက်တော် အခါသမယကို လွမ်းမိသည်။ မှန်းမျှော်ကြည့်မိပေသည်။ ကမ်းနံဘေးသို့ လှေကလေးတစ်စီး ဆိုက်ကပ်လာကာ လှေပေါ်မှလူများ ဆင်းလာကြသည်ကို တွေ့ရသည်။ တစ်ခြားနိုင်ငံသားများလည်း ပါပေသည်။ လှေကလေးစီးကာ မြစ်ကြောတစ်လျှောက် ရူခင်းများကြည့်ရှု အပန်းဖြေဖို့ ရူပီး ၃၀-ပေးရသည်ဟု ဆိုပါသည်။
ကေလနိယကျောင်း၊ ကလျာဏီစေတီတော်မှ ပြန်ထွက်လာပီးနောက် Galle Face-ဂေါဆိပ်သို့ သွားရောက်ကာ Sea view ပင်လယ်ရှုခင်းကို ရှုစားကြသည်။ ထို့နောက် Majestic ခါ် ကုန်တိုက်ကြီးသို့ သွားရောက်လည်ပတ်ကြသည်။ ကိုလံဘိုမြို့တော်၌ ဘုရားဖူးများအနေဖြင့် လည်ပတ်စရာ သိပ်မရှိပေ။ သို့သော် နိုင်ငံတစ်ခုရောက်ပီးမှ လည်ပတ်သင့်သော နေရာများသို့ မဖြစ်မနေ သွားရောက် လည်ပတ်သင့်သည်သာ။ မြို့တော်ပတ်လည် ကားစီးပီးလေညှင်းခံနိုင်သလို SuperMarket သွားပြီး ဈေးဝယ်သင့်ပေသည်။
ထိုနောက် စာရေးသူတို့အဖွဲ့သည် ကိုလံဘိုမြို့တော်ထဲ အားရအောင် လှည့်ပတ်ရူစားပီး မကုဋရာမမြန်မာကျောင်းသို့ ညနေ ၆-ကျော်မှ ရောက်ရှိပေတော့သည်။ ကှုသို့ဖြင့် ဘုရားဖူးခရီးလည်း အဆုံးသတ်တော့သည်။
စာရေးသူတို့ ဘုရားဖူးအဖွဲ့ စုစုပေါင်း ကုန်ကျစရိတ်မှာ ရူပီး ၅၈၅၅၀-ခန့်၊ ဒေါ်လာနှင့်ကား ၅၃၀-ခန့်သာ ကုန်ကျပါသည်။ တစ်ကိုယ်ရေး တစ်ဦးချင်းအသုံးစရိတ် မပါပေ။ ကိုးယောက်ပေါင်း ဘုရားဖူးကုန်ကျစရိတ် ဒေါ်လာ ငါးရာကျော်သည် အလွန်အင်မတန် နည်းလသော ကုန်ကျစရိတ်ပင် ဖြစ်ပေသည်။ ယခုအခါ စာရေးသူ၏ သုံးညအိပ် လေးရက် ဘုရားဖူးခရီးစဉ်ကို အခြေခံသော ကျွန်ုပ်သိသောသီရိလင်္ကာ ဆောင်းပါးကို နိဂုံးချုပ်ပါတော့မည်။ ကျွန်ုပ်သိသောသီရိလင်္ကာ- ဟု ပိုစ့် Title-ယူထားသောကြောင့် သိသမျမြင်သမျကိုသာ Share-လုပ်သောအားဖြင့် ရေးသားရခြင်း ဖြစ်ပေသည်။ မသိ၍ ကျန်ခဲ့တာလည်း အများအပြာပင် ရှိသေးကြောင် ၀န်ခံပါသည်။
သီရိလင်္ကာနိုင်ငံတွင်း သွားရောက်ဖူးမြော်သင့်သော ဘာသာရေးဆိုင်ရာ နေရာများသည် မူလဘုရားပွင့်တော်မူရာ အိန္ဒိယနှင့် နှိုင်းစာပါက အတော်ကို နည်းပါး သေးငယ်လွန်းသည်ဟု ထင်ရပေသည်။ သို့သော် သာသနာသမိုင်းမှာ မှတ်တမ်းတင်ထိုက်သော ပယ်ဖျက်၍မရနိုင်သော မေ့ဖျောက်၍မရသော သာသနာတော်ကြီး တည်တံ့ခိုင်မြဲအောင် အားကြိုးမန်တက် ဆောင်ရွက်ခဲ့သော ဖြစ်ရပ်များ၊ ဘုရားပွင့်ခဲ့ကြောင်း၊ သာသနာ ယနေ့တိုင်ရှိသေးကြောင်း အထောက်အထားပြဖို့အတွက် အဓိကရေးကြီးသော ဂွင်းဆက်များကို သီရိလင်္ကာနိုင်ငံရှိ သမိုင်းဝင်နေရာများက မီးမောင်းထိုးပြနေပေသေးသောကြောင့် ဘာသာဝင်များအနေဖြင့် ဂုဏ်ယူထိုက်စရာ လေးစားတန်ဖိုးထားထိုက်စရာအဖြစ် အရေးတယူ လာရောက်ဖူးမြင်သင့်ရာ နေရာများ ဖြစ်နေပေသည်။
သီရိလင်္ကာနိုင်ငံရှိ ဒက္ခိဏသာခါ-မဟာဗောဓိပင်နှင့် မြတ်ဗုဒ္ဓ၏လက်ဝဲတော်အောက် စွယ်တော်မြတ်သည် မည်သူမျမငြင်းနိုင်သော သာသနာရေးဆိုင် အထောက်အထားမျာ ဖြစ်နေပေသည်။ စာရေသူသည် တစ်ခြားသမိုင်းဝင် ဌာနများဖြစ်သော မဟိယင်္ဂဏ၊ စေတီပါဒတောင်(ခြေတော်ရာတောင်) ဘုရားဖူးသွားအကြောင်းကိုလည်း ရေးသားတင်ပြဖို့ ရှိပါသည်။ ယခု ပိုစ့်မှာကား ဖေါ်ပြနိုင်ဖို့ အချိန်မလုံလောက်၍ မရေးသားနိုင်တာ ခွင့်လွတ်ကြပါ။ စာရေးသူသည် ဇန်န၀ါရီ ၁၅-ရက်နေ့ ရန်ကုန်ရောက်မည်။ ထိုမှတစ်ဖန် ဇာတိမြို့ပြန်မည်။ အချိန်၊ အလုပ်၊ နေရာအကန့်အသတ်ကြောင့် အင်တာနက်အသုံပြုဖို့ ခက်ခဲ့သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ တစ်နှစ်ကျော်ကျော် ရေးသားလာခဲ့သော မိမိ(အလင်္ကာ)ဘလော့ဂ်အား အချိန်လုကာ လာရောက်အားပေး ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ် ပရိတ်သတ်များအား အထူးပင်လေးစားပါကြောင်း၊ မိမိသည်လည်း ပညာရှင်တစ်ယောက်မဟုတ်သည့်အတွက် သတိလွှတ်ကာ ချွတ်ချော် ရေးသားမိခဲ့သည်ရှိသော် စာဖတ်သူများအား အသိမှားအမြင်မှားသွားမည်ကို မလိုလားသလို ပြန်လည်တည့်မတ်ပေးသော စာဖတ်သူများအား အထူးပင် ကျေးဇူးတင်ပါကြောင်း ယခုပိုစ့်ကနေပြီး နှုတ်ဆက်ရင်း ပြောကြားလိုပါသည်။
အချုပ်အားဖြင့် ဘုရားဖူးခရီးစဉ်တစ်လျှောက် အတွေ့အကြုံများကို စာဖတ်သူများလည်း အတော်အသင့် ဗဟုသုတရနိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ တစ်ချို့သမိုင်းဝင်ဌာနများသည် အကောင်းပကတိရှိသော်လည်း (ဥပမာအားဖြင့် ဗောဓိပင်၊ စွယ်တော်) အချို့သမိုင်းဝင်ဌာနများသည် စစ်ဘေးစစ်ဒဏ်၊ ဘာသာခြားတို့ ဖျက်ဆီးခြင်းတို့ကြောင့် မပြုမပြင် အပြိုအပျက်အတိုင်း ရှိနေကြပါသည်။
ဘယ်အကြောင်းကြောင့်ဖြစ်ဖြင့် မည်သည့်နိုင်ငံမဆို ဘုရားဖူးလာရောက်လည်ပတ်သောအားဖြင့် သမိုင်းကပေးသော သင်ခန်းစာကို ရရှိနိုင်ပါလိမ့်မည်။ သာသနာဟူသည် ကိုယ့်နှလုံးသားထဲ၊ အသွေးထဲ အသားထဲ ကိန်းအောင်နေမှ တည်မြဲပေမည်။ အပြင်ပ အဆောက်အဦများသည် အသွင်သံဌာန်မျှသာ ဖြစ်ပြီး တကယ့်အနှစ်သာရများ မဟုတ်ကြချေ။ ထိုကြောင့် ဆရာကြီး ဦးဌေးလှိုင်၏ စကားကို ပြန်လည်ကိုကားရလျှင်.. (အဇ္ဈန္တိက သာသနာသာ ပဓာန) ထိုကြောင့် မဟိဒ္ဓသာသနာ အပြင်ပန်း ရုပ်ဝတ္ထုတို့သည် အရေးမကြီး၊ လိုအပ်ရုံမျှသာ ထူထောင်သင့်၏။ သင်္ခါရတရားများဖြစ်၍ ကျောက်တိုင် ကျောက်သားပင် အနှစ်တရာမခံ။ အဇ္ဈန္တိကသာသနာက အရေးကြီးပေသည်။ အမှန်တရားတစ်ခုနှင့် ယုံကြည်မှု တည်ရှိနေပါသေးသမျှ သာသနာသည် ခိုင်မာလျက်ပင်တည်း။ (ဓမ္မာစရိယဦးဌေးလှိုင်- သီဟိုဠ်ခေတ် စံတော်ဝင်အရိယာများ)။
ယခုပြုရ၊ ကုသလကို၊ မြင့်မိုရ်ဦးသို့၊ ကျေးဇူးထူးထွေ၊ မွေးမေဖေနှင့်၊ သိစေဆရာ၊ လှူဒကာများ၊ အစထား၍၊ သတ္တ၀ါဟူ၊ ထိုထိုသူကို၊ အမျှယူစေ၊ ပေးဝေသာဓု၊ ခေါ်စေသောဝ်…။
ရွင်လန်းချမ်းမြေ့ပါစေ
ပြီးပါပြီ။
posted by dhammasami08