Tuesday, December 28, 2010

ကျွန်ုပ်သိသော သီရိလင်္ကာ (အပိုင်း-၂)

ရွှေကျောင်းနှင့် ရုပ်စုံကျောင်း။     ။ သီရိလင်္ကာနိုင်ငံရောက် ဘုရားဖူးများ ပထမဆုံးဖူးရသည်မှာ မြတ်ဗုဒ္ဓစွယ်တော် ဖြစ်လေသည်။ စွယ်တော်သမိုင်းအကျဉ်းကို အပိုင်း(၁)၌ ဖေါ်ပြပြီးဖြစ်သည်။
ကျွန်ုပ်တို့ဘုရားဖူးအဖွဲ့မှာ ကျွန်ုအပါဝင် ဘုန်းကြီးလေးပါး၊ တကာ နှစ်ယောက်၊ တကာမ သုံးယောက် စုစုပေါင်း ကိုးယောက်အဖွဲ့ ဖြစ်လေသည်။ အဖွဲ့အရေအတွက်နှင့် သင့်လျှော်သော တောင်းအေ့စ်-ပေါင်မုန့်ကား ငှါးလိုက်သည်။ ဈေးနှုန်းကတော့ မီတာနှင့်တွက်ချက် ယူလေသည်။ အဲယားကွန်းပါသည်။ တီဗွီအသေးစားလေး ပါသည်။ ထိုကြောင့် ကားခဈေး အနည်းငယ် ကြီးမြင့်သည်။ ခရီးစဉ်ပြီးဆုံးမှ ကုန်ကျစရိတ်ကို ပေါင်းပြောပါမည်။
မြန်မာပြည်မှ ဘုရားဖူးများသည် သီရိလင်္ကာနိုင်ငံရောက်လျှင် Hotel သို့မဟုတ် ကိုလံဘိုမြို့တော်ရှိ မြန်မာဘုန်းကြီးကျောင်းမှာ တည်းခိုပြီးမှ ဘုရားဖူးခရီးထွက်ကြလေ့ ရှိသည်။ ဘယ်မှာပဲ တည်းတည်း ကိုယ်နှင့်နီးစပ်သော စာသင်သားဘုန်းကြီးတစ်ပါး အကူအညီဖြင့်သာ ခရီးစဉ်ကို စီစဉ်ပြီးမှ သွားသင့်ပါသည်။ ဘုရားဖူးစီစဉ်သူသည် ကားသမားနှင့်တိုင်ပင်ကာ ဘယ်နေရာကို အရင်ဆုံးသွားမည်၊ ဘယ်နေရာမှာ အနားယူမည်။ ဘယ်နေရာမှာ စားမည်။ ဘယ်မှာတည်းခိုမည်.. စသည် အခြေနေကို ခရီးမထွက်ခင် ကြိုတင်တိုင်ပင်ထားရလေသည်။ အကြောင်းမှာ တစ်ချို့ဘုရားဖူးများအတွက် အချိန်နှင့် ငွေအင်အားကို ချိန်ဆပြီး ဘယ်နှစ်ရက်၊ ဘယ်နှစ်ညအိပ် ခရီးစဉ်-ဆိုတာကို အတည်ပြု သတ်မှတ်ရလေ့ရှိသောကြောင့် ဖြစ်သည်။ နိုင်ငံအနှံ့ရက်ရှည်ခရီးစဉ်မှာ ၇-ရက်ခန့်ကြာတတ်ပြီး ရက်တိုခရီးစဉ်မှာ နှစ်ညအိပ်၊ သုံးရက်ခရီး၊ သို့မဟုတ် သုံးညအိပ်၊ လေးရက်ခရီးစဉ်သည် ဘုရားဖူးသက်သက်အားဖြင့် လုံလောက်ပါသည်။
ကျွန်ုတို့ခရီးစဉ်ဖြစ်သော စွယ်တော်ဖူးခရီးကို စတင်ပါမည်။ ဤခရီးစဉ်ကို ရေးဆွဲသူမှာ ဦးဥတ္တမသာရ ဖြစ်လေသည်။ ပထမဆုံး စွယ်တော်ဖူးမည်။ ထို့နောက် မဟိယင်္ဂဏ၊ တစ်ဖန် အနုရာဓပူရ စသည်ဖြင့် သွားနေကြအစဉ်အတိုင်း ခရီးစဉ်ကို ရေးဆွဲခဲ့သည်။ သို့သော် တကာမကြီးတစ်ယောက် ကျန်းမာရေးအခြေအနေကြောင့် ခရီးစဉ်ကို ပြောင်းလိုက်ရသည်။ ပထမဆုံးဖူးရမည့် စွယ်တော်သည် နောက်ဆုံးမှ ဖူးရမည်ဟု ပြောင်းလိုက်ရသည်။ စွယ်တော်ကို နောက်ဆုံးမှ ဖူးမည်။
Dambulla-ဒမ္ဘူလ။       ။ အခုခရီးစဉ်အရ ကုလံဘိုမြို့၊ မကုဋရာမမြန်မာကျောင်းတိုက်မှ နံနက် ၇-နာရီခွဲလောက် စတင်ထွက်ခွါခဲ့သည်။ နံနက် ၁၁-နာရီလောက်မှာ ကုရုနင်္ဂလမြို့သို့ ရောက်ရှိပြီး ဟိုတယ်တစ်ခုမှာ နေ့လည်စာစားကြသည်။ အစားအသောက်အမျိုးအမည် အနေအထားမသိသောကြောင့် မီနူးကြည့်ကာ မှာလိုက်ရသည်။ လူပုဂ္ဂိုလ်တစ်ဝိုင်း၊ ဘုန်းကြီးတစ်ဝိုင်းမို့ ဟင်းချိုရည်နှစ်ခွက် မှာလိုက်သည်။ သို့သော် သူတို့ယူလာသော ဟင်းချိုကား ပုဂံလုံးသေးသေးလေးနှင့် တစ်ယောက်သောက်စာ နှစ်ခွက်ဖြစ်နေလေသည်။ ကြက်သားကျော်၊ မီနူးအတိုင်း မှိုဟင်းမှာသော်လည်း မှိုဟင်းမရနိုင်ကြောင်း စားပွဲထိုးက ပြန်လာပြောသည်။  ဖြစ်သလိုစားတတ်သူများအတွက် အဆင်ပြေသော်လည်း အစားအစာဂျီကျသူများအတွက်ကား ဒေသအစားအစာများကို မစားတတ်သဖြင့် ကုလားဆိုင်များမှာ ၀ယ်စားတိုင်း ဒုက္ခရောက်ရသည်။
နေ့လည်စာ စားပီးနောက် ဤမြို့ဝယ် ထင်ရှားသော ဆင်ပုံသဏ္ဍာန်ရှိ (Elephant Rock) ကျောင်းတောင်ပေါ်၌ တည်ထားသော ထိုင်တော်မူဘုရား (ကျွန်ုပ်တို့က ဆင်ကျောက်ဘုရား-ဟုခေါ်)သို့ သွားရောက်ကာ ဖူးမြော်ကြည်ညိုကြသည်။ တောင်ပေါ်သို့ကားဖြင့် ၅-မီနစလောက် တက်ရသည်။ တောင်ထိပ်ပေါ်ဖြစ်၍ မြို့ကို အပေါ်စီးက မြင်ရသည်။ ဘုရားရှင်ကိုလည်း မြို့ဖက်သို့ မျက်နှာတော်မူလျှက် တည်ထားလေသည်။ ဘုရားဖူးပီး ဓာတ်ပုံရိုက်ကြသည်။ တောင်ပေါ်ကနေ၍ မြို့ကို မြင်ရတဲ့မြင်ကွင်းလေးက အရမ်းကို သာယာလှပနေသည်။ ဤဘုရားကား သမိုင်းဝင်မဟုတ်သော်လည်း ကားဆရာ၏ပြေားပြချက်အရ ၎င်းကျောက်တောင်ကို ဟိုတစ်ချိန်က ခရစ်ယန်ဘာသာဝင်များ နေရာယူထားကြောင်း၊ ထိုနောက် ဗုဒ္ဓဘာသာတို့က တရားရေးရင်ဆိုင်ပီး ပြန်လည်ရယူခဲ့ကာ ယခုကဲ့သို့ ဆင်းတုတော်တည်ထားရကြောင်း၊ တည်ဆောက်နေစဉ်မှာလည်း ပြဿနာဖြစ်သေးကြောင်း၊ အခက်အခဲများစွားဖြင့်  ၂-နှစ်နီးပါးကြာကြာ တည်ဆောက်ခဲ့ရကြောင်း ရှင်းပြလေသည်။ (ဘုရား၏ညဏ်တော်ကို ဓာတ်ပုံကြည့်ကာ ကိုယ်တိုင်ဆုံးဖြတ်လေ)
ကုရုနင်္ဂလမြို့၊ ဆင်ကျောက်ဘုရားမှ ထွက်ခွါလာပြီးနောက် ဒမ္ဘူလမြို့သို့ ညနေ ၄-နာရီလောက် ရောက်လာခဲ့သည်။ ဒမ္ဘူလမြို့၌ Golden Temple နှင့် Rock Temple, Cave Temple, ဟု ခေါ်ဆိုသော ထင်ရှားသောနေရာတစ်ခု ဖြစ်လေသည်။ ကျောက်တောင်ကြီးကို ထွင်းထုပြုလုပ်ထားသဖြင့် မြင်ရသူအပေါင်း အံ့သြသင့်စေသည်။ ထိုနေရာများသည် ရှေးဟောင်းသမိုင်းဝင်၊ ကမ္ဘာ့အမွေအနှစ်ထိမ်းသိမ်းရေး Unesco အသိအမှတ်ပြုရာဌာနဖြစ်၍ နိုင်ငံခြားသားများ အများဆုံးအလည်အပတ် လာရောက်ကြလေသည်။
(သမိုင်းအကျယ် သိချင်သူများ ဖတ်ရန် http://en.wikipedia.org/wiki/Dambulla, http://www.explorelanka.com/places/nc/dambulla.htm
နိုင်ငံခြားသားများအတွက် ၀င်ခွင့်အခွန်ငွေ ပေးရသည်။ တစ်ချို့နေရာ၌ အမေရိကန်ဒေါ်လာဖြင့် ပေးဆောင်ရပီး၊ အချို့နေရာ၌ ဒီနိုင်ငံသုံး Rupee ရူပီးငွေဖြင့် ပေးဆောင်ရလေသည်။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှာကား အခုသွားမည့်နေရာများအတွက် အခွန်ငွေ မဆောင်ရပေ။ ထို့ကြောင့် ကျွန်ုပ်တို့ အဖွဲ့တွင် လူပုဂ္ဂိုလ်သုံးယောက်အတွက် တစ်ဦးလျှင် ရူပီး ၁၂၀၀-စီ ပေးဆောင်ရသည်။ ဒမ္ဘူလဧရိယာတွင်း ၀င်လိုက်သည်နှင့် ပထမဆုံး Golden Temple ကို မြင်ရသည်။
 Golden Temple သည် ဘုန်းကြီးကျောင်းဖြစ်ပီး စာပေသင်ကြားရေးအပြင်၊ ပြန်ကြားရေးအတွက် အသံလွင့်ရုံကိုလည်း တည်ထောင်ထားလေသည်။ ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော ရုပ်သံတရားများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်တင်ဆက်ပီး တရားဆွေးနွေးသည့် အစီအစဉ်များလည်း ပါဝင်လေသည်။ အလွန်ကောင်းမွန်သော Idea အိုင်ဒီယာပင် ဖြစ်သည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ဓမ္မရုပ်သံသန့်သန့် မရှိပေ။ အတုယူသင့်ပေသည်။
 Goldren Temple ဖူးမြော်ပီးနောက် နံရံဆေးပန်းချီနှင့် ရုပ်ထုတော်တွေ များသောကြောင် ရုပ်စုံကျောင်းတော် Image House ဟုလည်းခေါ်သော Rock Temple, Cave Templeသို့ရောက်ရန် တောင်ပေါ်သို့ မီနစ်အနည်းငယ်တက်ရလေသည်။ ကျောက်တုံးများဖြင့် လှေကားထက်လုပ်ထားသည်။ လမ်းခရီးတစ်လျှောက် တရုတ်စံကားပင်များ အစီအရီ ပေါက်ရောက်နေတာကို တွေ့ရသည်။ ကျောက်တုံးကျောင်းအ၀င်ပေါက်မှာ မည်သူမဆိုဖိနပ်များ ချွတ်ထားခဲ့ရသည်။ ကျောက်တုံး၊ ကျောက်တောင်ကြီးကို ထွင်းထုပီး ဗုဒ္ဓကျောင်းတော်အဖြစ် King Valagamba (One Century B.C.) ၀လဂမ္ဘမင်းက ဘီစီ ၁-ရာစုမှာ လှူဒါန်းထားခြင်းဖြစ်သည်။ အ၀တ်ဖြူဝမ်းဆက်ဝတ် Guide တစ်ယောက်က လျှောင်းတော်မူဘုရားရှေ့ ဘုရားအနေအထားနှင့် ပတ်သက်ပီး ရှင်းပြလေသည်။ လျှောင်းတော်မူးဘုရား၏ မျက်လုံးတော် တစ်ဖက်သည် ပုံမှန်ဖြစ်ပီ တစ်လုံးတော်ကား အနည်းငယ်မှိတ်နေကြောင်း၊ အဓိပ္ပါယ်ကား မျက်လုံးတော်ပုံမှန်ဖွင့်ထားသည်မှာ သတ္တ၀ါဝေနေယျတို့အား တရားရေအေးတိုက်ကျွေးပြသရင်း သဥပါဒိသေသပရိနိဗ္ဗာန- ကိုယ်တော်ရှိလျှက် နိဗ္ဗာန်ဝင်စံခြင်းကို ဆိုလို၍ မျက်လုံးတော် အနည်းငယ်မှိတ်နေခြင်းမှာ ယခုအခါ တရားတော်များကိုသာ ထားခဲ့ပီး အနုပါဒိသေသပရိနိဗ္ဗာန- ကိုယ်တော်ကြွင်းမရှိ ပရိနိဗ္ဗာန်ဝင်စံသွားခြင်းကို ဆိုလိုကြောင်း ရှင်းပြသည်။ တစ်ဖန် ခြေတော်အနေအထာ ထူးခြားပုံကို ရှင်းပြတာကတော့- ခြေတော်တစ်ဖက်အနည်းငယ် ရှည်ထွက်နေခြင်းသည် ပညာကြီးမားပုံကို ပြနေကြောင်း၊ တစ်ဖက်သော ခြေတော်က ကရုဏာတရားကြီးမားပုံကို ပြသကြောင်း ဆိုပါသည်။ 
ဤကဲသို့ လှိုင်ဂူကျောင်းမျိုး ၅-ကျောင်းတိတိ ရှိကြောင်း လိုက်ပါရှင်းပြပေးမယ်-ဟု ပြောသည်။ အလကားရှင်းပြတာ မဟုတ်ပေ။ ပိုက်ဆံပေးရလေသည်။ ထိုကြောင့် တော်ပါပီ ငါသိပါတယ်- ငြင်းပယ်ပီး ပထမရှင်းပြမှုအတွက် ရူပီးတရာ ပေးလိုက်သည်။ မြန်မာငွေအားဖြင့် တစ်ထောင်ကျပ် ဖြစ်သည်။ ထိုနောက် တစ်ခြားကျောင်းဆောင်များကို လိုက်ကြည့်ကြသည်။ နံရံဆေးပန်းချီများလည်း ရှိလေသည်။ ကျောင်းဆောင်တိုင်းအတွင်းဖက်မှာ ရုပ်ပွားတော်များ ပုံစံမျိုးစုံဖွင့် ထုလုပ်ထားလေသည်။ တကားကြီးတို့ စုံတွဲကတော့ အလှူခံပုံးထဲ ဒေါ်လာငွေထည့်ကာ ဆုတောင်းနေကြသည်။ ဓာတ်ပုံမှတ်တမ်းလည်း ရိုက်ကြသည်။ တစ်နေရာမှာ ဟိန္ဒူဘုရားကျောင်းကိုလည်း တွေ့ရသည်။

ကျောက်တောင်ထိပ်ပေါ်မှာ ရေကန်လေးနှင့် ထိုရေကန်ထဲတွင် ကြာပန်းကလေးများ ဖူးပွင့်နေသည်ကိုလည်း ကြည်နူးဘွယ်ရာ တွေ့ရသည်။ ဗောဓိပင်ကိုလည်း စိုက်ပျိုးထားလေသည်။ 
 တောင်ပေါ်က ဆင်းလာတော့ ညနေ့ ၅-နာရီးကျော်နေပီ ဖြစ်သည်။ ယနေ့ ဗောဓိပင်ရှိရာ အနုရာဓပူရမြို့မှာ ညအိပ်အနားယူကြမည် ဖြစ်သည်။ ဒမ္ဘူလနှင့် အနုရာဓပူရသည် ၆၆-ကီလိုမီတာ ဝေးလေသည်။ ထိုကြောင့် အနုရာဓပူရမြို့၊ မြန်မာဘုန်းကြီးကျောင်းသို့ ည ၈-နာရီလောက်မှ ရောက်၏။ ဆရာတော်ကို ၀တ်ပြုပီး ဆရာတော်က ဘုရားဖူးအစီအစဉ်များကို ညွန်ကြားလေသည်။ သူတတ်နိုင်သည့် ဖက်ကလည်း ကူညီလေသည်။ မနက်ဖြန် ဗောဓိပင် (ဇယသီရိမဟာဗောဓိ)ကို ဖူးမြော်မည် ဖြစ်သည်။

ဆက်လက်ဖေါ်ပြပါမည်...။
posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ