Friday, December 24, 2010

ကျွန်ုပ်သိသော သီရိလင်္ကာ (အပိုင်း-၁)

သီရိလင်္ကာရှိ မြတ်ဗုဒ္ဓသမိုင်းဝင်နေရာများ

သီရိလင်္ကာနိုင်ငံကို  မြန်မာပြည်သူတို့က လင်္ကာဒီပ၊ သီဟိုဠ်ကျွန်းဟု သိရှိကြသည်။ ကျွန်ုပ်သည် ပညာရေးအတွက် ၂၀၀၉-ခုနှစ်၊ ဖေဖေါ်ဝါရီလ-၄-ရက်နေ့မှာ သီရိလင်္ကာနိုင်ငံသို့ စတင်ရောက်ရှိခဲ့ပါသည်။ အခုဆိုရင်တော့ သီရိလင်္ကာသို့ ရောက်နေတာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်၏။ ပညာရေးလည်း ပြီးဆုံးသွားပြီ။ အမိမြန်မာပြည်သို့ ပြန်ဖို့ရန်လည်း ပြင်ဆင်ထားပြီးပြီတည်း။
ထိုကြောင့် သီရိလင်္ကာကို နှုတ်ဆက်ရန်အတွက် ပိုစ့်တစ်ပုဒ် အမှတ်တရ ရေးဖြစ်ရန် စိတ်ကူးလိုက်သောအခါ ကျွန်ုပ်၏ဘလော့ဂ်နှင့်လည်း လိုက်လျှောညီထွေစွာ ကျွန်ုပ်တို့ဟာလည်း ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အားလျှော်စွာ ဘလော့ဂ်သို့ လာရောက်လည်ပတ်ကြသော ဧည့်သည်တော်များအား အကယ်၍ ထိုနိုင်ငံသို့ အကြောင်းတိုက်ဆိုင်ကာ ဘုရားဖူးခရီးလာခဲ့လျှင် နိုင်ငံတစ်ဝှန်း သွားရောက်လည်ပတ်သင့်သော နေရာများကို သိရှိထားရန် ရေးသားတင်ပြဖို့ ဆုံးဖြတ်လိုက်ပါသည်။

သီရိလင်္ကာနိုင်ငံ သိဖွယ်အကျဉ်း။ ။ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည့်နေ့မှာပင် ၀ိဇယဗာဟုမင်းသားသည် လင်္ကာဒီပကျွန်းသို့ အိန္ဒိယမှ ကူးလာ၍ မင်းပြုလေသည်။ ထိုအခါမှစ၍ လူနေဒေသ ဖြစ်လာသည်။ မင်းဆက်ပေါင်း ၁၇၇- ရှိ၏။ ခရစ်-၁၅၀၅ခုနှစ် ပေါ်တူဂီလူမျိုးများ၊ ၁၆၀၂-၁၆၅၈-ခုနှစ် ဒတ်ခ်ျ(နယ်သာလန်)လူမျိုးများ၊ ၁၇၉၆-ခုနှစ် ဗြိတိသျှလူမျိုးများ၏ သိမ်းပိုက်ခြင်း ခံရသည်။ ၁၉၄၈-ခုနှစ်၊ ဖေဖေါ်ဝါရီလ-၄ ရက်နေ့မှာ ဒိုမီနိယံ လွတ်လပ်ရေးရကာ ၁၉၇၂-ခုနှစ်၊ မေလ-၂၂-ရက်မှစ၍ သီရိလင်္ကာသမ္မတနိုင်ငံ ဖြစ်လာသည်။ အနောက်တိုင်းသားများက သီရိလင်္ကာနိုင်ငံကို စီလုံ (Ceylon) ဟု ခေါ်သည်။  
(သီရိလင်္ကာသမိုင်း အကျယ်သိခြင်သူများ http://en.wikipedia.org/wiki/History_of_Sri_Lanka)

သီရိလင်္ကာနိုင်ငံသည် မြန်မာပြည်၏ အနောက်ဖက်၊ အိန္ဒိယပြည်တောင်ဖက်၊ အိန္ဒိယပင်လယ်အတွင်း၊ အိန္ဒိယဆိပ်ကမ်းမှ ၂၂-မိုင်၊ ရန်ကုန်မှ ၁၂၃၅-မိုင် အကွာအဝေးမှာ တည်ရှိပါသည်။ အလျား-၂၇၀၊ အနံ-၁၄၀-မိုင်၊ အကျယ်စတုရန်း-၂၅၃၃၂-မိုင် ရှိသည်။ သီရိလင်္ကာသည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒိယားနိုင်ငံတို့နှင်အတူ ထေရ၀ါဒဗုဒ္ဓဘာသာ ငါးနိုင်ငံတွင် ပါဝင်လေသည်။ ယခုအခါ လူဦးရေ သန်း-၂၀-ကျော်ရှိ၍ ဗုဒ္ဓဘာသာဝင် ၇၀-ရာခိုင်းနှုံး၊ ရဟန်းသံဃာ ၃-သောင်းကျော် ရှိသည်။

သာသနာ စတင်ချိန်။     ။ ဘုရားဖြစ်တော်မူပြီး ၉-လမှာ တစ်ကြိမ်၊ ၅-၀ါအရ တစ်ကြိမ်နှင့် ၈-၀ါအရမှာ တစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ကြွရောက်တော်မူခဲ့ပေသည်။ သာသနာနှစ် ၂၃၇-ခုနှစ်၊ တတိယ သံဃာယနာတင်ပြီး ကိုးတိုင်း ကိုးဌာန သာသနာပြုစေလွှတ်ခဲ့ရာ အသောကမင်းကြီး၏သားတော် အရှင်မဟိန္ဒ၊ သမီးတော် သင်္ဃမိတ္တာထေရီမတို့ ကြွရောက် သာသနာပြုခဲ့ကြသည်။ ဒေ၀ါနံပိယတိဿမင်း နန်းတက်စ ၇-လ၊ အရှင်မဟိန္ဒမထေရ် ၁၂-၀ါ အရမှာ သာသနာစတင်ပြန့်ပွားသည်။ 

မြတ်စွာဘုရားသခင် တတိယကြိမ် ကြွရောက်စဉ် နောက်ပါရဟန္တာငါးရာနှင့်တကွ သမာပတ်ဝင်စား၍ သီတင်းသုံးရာ ၁၆-ဌာနကို သမိုင်းဝင်အဖြစ် စေတီကြီး ၁၆-ဆူအထိမ်းအမှတ် တည်ထားခဲ့သည်။

သမိုင်းဝင် ၁၆-ဌာန။      ။ ၁။ မဟိယင်္ဂဏစေတီ၊ ၂။ နာဂဒီပစေတီ၊ ၃။ ကလျာဏီစေတီ(ကလျာဏီသိမ်)၊ ၄။ စေတီပါဒစေတီ(ခြေတော်ရာတောင်)၊ ၅။ ဒိဝါဂုဟာစေတီ၊ ၆။ ဒီဃ၀ါပီစေတီ၊ ၇။ မုတိယင်္ဂဏစေတီ၊ ၈။ တိဿမဟာဝိဟာရစေတီ၊ ၉။ ဒက္ခိဏသာခါ-မဟာဗောဓိပင်၊ ၁၀။ မရီစ၀ဋ္ဋိစေတီ၊ ၁၁။ မဟာစေတီ၊  ၁၂။ ထူပါရာမစေတီ၊ ၁၃။ အဘယဂိရိစေတီ၊ ၁၄။ ဇေတ၀နစေတီ၊ ၁၅။ သိလာစေတီ၊ ၁၆။ ခီရစေတီ တို့ဖြစ်ကြသည်။
(လာမည့်ပိုစ့်များမှာ ၎င်းတို့ကို အကျယ်ရေးပါမည်။)
မှတ်ချက်။        ။ ပါရာဇိကဏ် အဋ္ဌကထာဝယ် (၁-၃-၆-၇-၉--၁၁-၁၂)ဟူသော ၇-ဌာနသာ ဖေါ်ပြသည်။

မြန်မာပြည်သားများ ဘုရားဖူးသွားရောက်လေ့ရှိသော နေရာများ။    ။

၁။ မြတ်ဗုဒ္ဓစွယ်တော်။    ။ မြန်မာများ အဓိကဖူးမြော်လေ့ရှိသော စွယ်တော်မြတ်ကို သီရိလင်္ကာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော ကန္ဒီမြို့မှာ ကိန်းဝပ်ပူဇော်ခံထားလေသည်။ ကန္ဒီမြို့သည် ကိုလံဘိုမြို့တော်မှ ၁၁၅-ကီလိုမီတာခန့် ဝေး၍ ကိုယ်ပိုင်ကားဖြင့် ၃-နာရီလောက် မောင်းရလေသည်။ စွယ်တော်ဖူး မြန်မာများသည် ကန္ဒီမြို့ရှိ မြန်မာဘုန်းကြီးကျောင်း (Burmese Rest) မှာ တည်ခိုးပြီး ဘုန်းကြီး၏ညွန်ကြားချက်အတိုင်း စွယ်တော်ဖူးပါက အဆင်ပြေလွယ်ကူစွာ ၀င်ရောက်ဖူးမြော်ခွင့်ကို ရကြပေလိမ့်မည်။ လှုဘွယ်ဝတ္ထုကိုင်ကာ အဖြူရောင်ဝမ်းဆက် ဆင်တူဝတ်၍ စွယ်တော်မြတ်ကို ၀င်ရောက်ဖူးမြော်ခြင်းဖြင့် ယုံကြည့်မှုအပြည့် ကြက်သီးဖြန်းဖြန်းထလောက်အောင် ရင်မှာပီတိဖြစ်ရပြီး တောင်းဆုလိုရာ ဆုမွန်ချွေသင့်လပေသည်။
မြတ်ဗုဒ္ဓစွယ်တော်ကို လေးနှစ်တစ်ကြိမ် စွယ်တော်ထည့်ရာကြုပ်ကိုဖွင့် လှစ်ဟပြသပြီး ခန်းနားကြီးကျယ်စွာ လှည့်လည်ပူဇော်ခံခြင်း၊ နှစ်စဉ်နှစ်တိုင်း စွယ်တော်ကြုပ်ကို ပိတ်လျှက် အခန်းအနားဖြင့် လှည့်လည်ပူဇော်ခြင်းနှင့် နေ့စဉ်နေ့တိုင်း မနက်ဆွမ်းတော်တင်ချိန်၊ နေ့ဆွမ်းကပ်ချိန်တို့၍ စွယ်တော်ကိမ်းဝပ်ရာ ကျောင်းဆောင်ကို လှစ်ဟပေးခြင်းဖြင့် နိုင်ငံရပ်ခြားဘုရားဖူးများ ဖူးမြော်ခွင့်ရကြလေသည်။

သီရိလင်္ကာရောက် မြတ်ဗုဒ္ဓစွယ်တော် သမိုင်း။      ။
အရှင်ခေမာ ရဟန္တာမထေရ်သည် မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက် မီးပူဇော်ချိန် မီးသွေးပုံထဲမှ မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်မြတ်ကို ကောက်ယူပူဇော်ထားလေသည်။ ထိုနောက် ကလိင်္ဂတိုင်း၊ ဒန္တမြို့ကို အုပ်ချုပ်သော ဗြဟ္မဒတ္တမင်းကို ပူဇော်ရန် ပေးအပ်ခဲ့လေသည်။ နှစ်များစွာကြာပြီးနောက် ဂုဟသီဝမင်းလက်ထက်ဝယ် ပါဋလိပုတ်ပြည်သခင် ပဏ္ဍုမင်းက စွယ်တော်နှင့်တကွ ဂုဟသီဝမင်းကို ဖမ်းဆီးရန်ကြိုးပမ်းသောအခါ သမီးတော် ဟေမမာလာနှင့် သူမ၏ခင်ပွန်း ဒန္တမင်းသားတို့အား သူ၏ငယ်ချင်း မင်းလုပ်အုပ်ချုပ်နေသော လင်္ကာဒီပကျွန်းသို့ စွယ်တော်ယူပီး ထွက်ပြေးကြရန် ညွန်ကြားခဲ့လေသည်။ ဂုဟသီဝမင်း အသတ်ခံရချိန်မှာပင် သမီးတော်နှင့် မင်းသားတို့သည် လင်္ကာဒီပကျွန်းသို့ စွယ်တော်နှင့်အတူ ရောက်ရှိလာခဲ့ပေသည်။
ပေါရောနရုဝခေတ်ကာလတစ်လျှောက် ဗုဒ္ဓမြတ်စွယ်တော်ကို ပေါရောနရုဝမြို့တော်၌ ကိုယ်းကွယ်ပူဇော်ထားရှိပြီး ကိတ္တိသီရိ မေဃ၀ဏမင်းလက်ထက်ဝယ် ကျေးကုလား(ဒမိဠ)တို့၏ ဘေးရန်းကြောင့် ယခုလက်ရှိ ကန္ဒီမြို့သို့ ပြောင်းရွေ့ပူဇော်ထားလေသည်။ ယခုခေတ် တိုင်းဂါးသူပုန်တို့ကလည်း မြတ်ဗုဒ္ဓစွယ်တော်နှင့် ဗောဓိပင်ကို ဖျက်ဆီးရန် အမျိုးမျိုးကြိုးပမ်းကြလေသည်။ ၂၀၀၉-ခုနှစ်မှစ၍ တိုင်းဂါးသူပုန်တို့ လုံးဝချုပ်ငြိမ်းသွားပီတည်း။ ဗုဒ္ဓဘာသာဝင် သီရိလင်္ကာပြည်သူတို့သည် ထိုမြတ်ဗုဒ္ဓစွယ်တော်နှင့် ဗောဓိပင်ကို အသက်နှင့်ထပ်တူ မြတ်နိုးပူဇော်ကာ ကာကွယ်ထိမ်းသိမ်းခဲ့ကြသည်။
မြတ်ဗုဒ္ဓစွယ်တော် လေးဆူရှိရာ လက်ဝဲအောက်စွယ်တော်မြတ်ကို ယခု သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့၌ ကိန်းဝပ်ပူဇော်ခံထားရပြီ၊ နဂါးပြည်မှာ တစ်ဆူ၊ နတ်ပြည်စူဠာမဏီစေတီမှာ တစ်ဆူနှင့် တရုတ်ပြည်မှာ တစ်ဆူတည်ရှိသည်ဟု- သိမှတ်ရလေသည်။
 ဆက်လက်ဖေါ်ပြပါမည်။

(မကုဋရာမမြန်မာကျောင်း၊ ၂၈၄-ဒေမတဂေါတလမ်း၊ ကိုလံဘို-၀၉၊ သီရိလင်္ကာနိုင်ငံ)
posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ