Thursday, November 25, 2010

ကိုယ်ပိုင်ကာကွယ်ရေး


Made protect by yourself
အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။

ကမ္ဘာပေါ်ရှိ လူသားတိုင်းသည် ဘာသာတစ်ခုမဟုတ် တစ်ခုခုကိုတော့ ကိုးကွယ်ဆည်းကပ်ကြစမြဲ ဖြစ်ကြသည်။ အဓိကထင်ရှားသော ဘာသာကြီးလေးရပ် ရှိပေသည်။ ၎င်းတို့မှာ လူဦးရေအများဆုံးမှ စရေတွက်လျှင် ၁။ ခရစ်ယန်ဘာသာ၊ ၂။ မွတ်ဆလင်ဘာသာ၊ ၃။ ဟိန္ဒူဘာသာနှင့် ဗုဒ္ဓဘာသာတို့ ဖြစ်ကြသည်။ ဆိုင်ရာကျမ်းဂန်တို့၏အဆိုအရ ဘာသာတရားတိုင်းသည် သူဟာနှင့်သူ ကောင်းမွန်သန့်ရှင်းကြလေသည်။ ဘာသာဝင်များက ဘာသာရေးခေါင်းဆောင်များကို ယုံကြည်ကြသကဲ့သို့ ဟောပြောချက်များကိုလည်း လိုက်နာကျင့်ကြံကြလေသည်။ သို့သော်လည်း အခုမျက်မှောက်မှာတော့ ကနဦးတည်ထောင်သူ ဘာသာရေးခေါင်းဆောင်သည် မည်သည်ဘာသာတွင်းမှ မရှိတော့ပေ။ ကွယ်လွန်သွားကြပီး ဖြစ်ကြလေသည်။
ဘာသာတရားကို စတင်ကိုးကွယ်ဆည်းကပ်ခြင်း၏အစသည် အကြောက်တရားပင် ဖြစ်သည်။ အကြောက်တရားကြောင့် အားကိုးရာ ရှာသည်။ အာရာမရုက္ခစေတယျာနိ မနုဿာ ဘယတဇ္ဇိတာ- လူသားတို့သည် အကြောက်တရားလွမ်းမိုးခံရသောကြောင့် အာရာမ်၊ သစ်ပင်၊ တောတောင်နှင့် စေတီတို့အား ကိုးကွယ်ဆည်းကပ်ကြလေသည်-ဟု မြတ်စွာဘုရားရှင်က ဟောပြတော်မူခဲ့ပါသည်။
ရှေးခေတ်က လူသားတို့သည် လျှပ်စီး၊ မိုးကြိုး၊ မုန်တိုင်းကျသည်ကို ကြောက်သည်။ မီးကို ကြောက်သည်။ စွန်ကြီး၊ သစ်ပင်ကြီး၊ တောကြီး၊ တောင်ကြီးများကို ကြောက်ရွဲ့ကြသည်။ ထိုအရာများကို ကိုးကွယ်ရာ အားကိုးရာအဖြစ် သတ်မှတ်ကြသည်။ အခုခေတ်လည်း အရပ်ဒေသအချို့မှာ ကိုးကွယ်ပသ ပူဇော်နေကြတုန်းပင် ဖြစ်သည်။
ဘုရားရှင်ပွင့်တော်မမူခင် အထက်ပါကိုးကွယ်မှုများအပြင် ဟိန္ဒူဘာသာသည် အိန္ဒိယတစ်ခွင် အမြစ်တွယ်နေပြီ ဖြစ်သည်။ ဘီစီ-၆ရာစုမှာ ကျွန်ုပ်တို့ မြတ်စွားဘုရားပွင့်တော်မူ လာခဲ့သည်။ ထို့နောက် ခရစ်ယန်ဘာသာ၊ ထို့နောက်မှ မွတ်ဆလင်ဘာသာ အစဉ်အတိုင်း ပေါ်ပေါက်လာကြသည်။ (မှတ်ချက်။ ။ သမိုင်းကို တင်ပြမည် မဟုတ်သောကြောင့် ခုနှစ်သက္ကရာဇ်များ မထည့်တော့ပါ။)
စာဖတ်သူများ နည်းနည်းတော့ မျက်စိလည်သွားမည် ထင်ပါသည်။ ဘာကို တင်ပြချင်တာလဲ… စဉ်းစားနေတော့မည်။
မှန်ပေသည်။ ဘာသာရေးခေါင်ဆောင်မရှိတော့သည်က တစ်ကြောင်း၊ နှစ်တွေကြာလသည်က တစ်ကြောင်း ထိုအကြောင်းတို့ကြောင့် ဘာသာတရားတစ်ခု၏ မှန်ကန်မျှတခြင်းကို ဘယ်လိုပေတံဖြင့် တိုင်းတာကြမည်နည်း။ စဉ်းစားပေးကြပါ။ မည်သည့် စံနှုံးဖြင့်တိုင်းတိုင်း အဓိကမှာ ကိုယ်တိုင်သုတေသနလုပ်ကြည့်ဖို့ပင် ဖြစ်ပေသည်။ ဘာသာတရားကို စတင်တည်ထောင်သူမရှိ၍ ဒီဘာသာတရားကို တိုင်းတာဖို့က ၎င်းကိုယ်တိုင် ဟောကြားခဲ့သော တရားသည် ဒေါက်တိုင်၊ ချိန်ခွင်၊ မှန် ဖြစ်လေသည်။
မြတ်စွားဘုရားဟောကြားခဲ့သော တရားတော်များကို အဘိဓမ္မာသင်္ဂဟကျမ်းလာအတိုင်း ခွဲခြမ်းကြည့်မယ်ဆိုရင် လောကီတရားနှင့် လောကုတ္တရာတရားဟူ၍ နှစ်မျိုးနှစ်စား တွေ့ရမည် ဖြစ်လေသည်။ လောကီတရားဟူသည်မှာ တရားထူးကို မရသေးသူ၊ ထိုသူတို့အတွက် တရားထူးရရှိရန် ဟောဖော်ညွန်ပြ ဆိုဆုံးမထားခဲ့သော ဒေသနာတော်များ ဖြစ်ပေသည်။ တနည်းအားဖြင့် ပုထုဇဉ်နှင့် သက်ဆိုင်သော သဘာဝဖြစ်စဉ်နှင့် ဒေသနာစဉ်များ ဖြစ်ကြသည်။ လောကုတ္တရာတရားဟူသည်မှာ ပုထုဇဉ်ပုဂ္ဂိုလ်များနှင့် ဒေသနာစဉ်အားဖြင့် သက်ဆိုင်သော်လည်း သဘာဝဖြစ်စဉ်အားဖြင့် သာလွန်မြင့်မြတ်သောကြောင့် အရိယာပုဂ္ဂိုလ်တို့နှင့်သာ သက်ဆိုသော သဘာဝဖြစ်စဉ်များ ဖြစ်ကြလေသည်။
ထိုထုပုဇဉ်ပုဂ္ဂိုတို့သည် လောကီဘောင်ထဲတွင်နေထိုင်ပြီး ကိစ္စအ၀၀ကို ဆောင်ရွက်ရတတ်လေသည်။ ထိုအခါ အကြောက်တရားသည် မသိမသာ၊ သိသိသာသာပင် လွမ်းမိုးခံနေရတတ်ပေသည်။ ထိုအခါ လူသားတို့သည် အကြောက်ကင်းပီး ချမ်းသာစွာနေနိုင်ရန် အားကိုးရာတစ်ခုခုကို ဘာသိဘာသာ လက်ခံလိုက်ရတတ်သည်။
ဘာသိဘာသာလက်ခံထားသောကြောင့် ဘာသာဘာဝပဲ နေကြသည်။ နှစ်နှစ်ကာကာ စွဲစွဲလန်းလန်း သက်ဝင်ယုံကြည်မှု မရှိပေ။ ဤကဲ့သို့ ဘာကြောင့်ဖြစ်လေသနည်း ဟူသော်…. အကျိုးတရားကို မခံစားရသေးကြောင့်ဟု ယေဘုယျဆိုရပေမည်။ အကျိုးခံစားရလေအောင်း အကြောင်းတရားကိုကော လုပ်သလား။ ကျွန်ုပ်တို့ စဉ်းစားခန်း ၀င်သင့်ပီတည်း။
ဘာကိုလုပ်ရင် ဘာတွေဖြစ်မလဲ။ မသိသောကြောင့် မလုပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဘာသာတရား၏ စစ်မှန်ခြင်းကို တိုင်းတာဖို့ဆိုရင် ကိုယ်တိုင် သုတေသနလုပ်ဖို့ လိုအပ်ပါသည်-ဟု အထက်မှာ တင်ပြခဲ့ပြီး ဖြစ်လေသည်။ တရားထိုင်ချင်သူများ တရားထိုင်ပေါ့။
ကဲ့.. လက်တွေ့သုတေသနလုပ်ရအောင် စာရေးသူက အပေါ်ဆုံးမှာ ဂါထာစုဏ္ဏိယပါဠိလေး ပေးထားပါသည်။ ပြန်ကြည့်လိုက်ပါအုံး။ မြတ်စွာဘုရားနုတ်တော်ထွက် တရားသားစစ်စစ်ဖြစ်ပါ၏။
အခါတစ်ပါး မြတ်စွာဘုရားသခင်သည် ဂိဇ္ဈကုဋ်တောင်ခြေ အရိပ်အ၀ါသကောင်းသော နေရာဝယ် ခေါက်တုံ့ခေါက်ပြန် စကြံလျှောက်တော်မူနေသည်။ ထိုအခါ ဒေ၀ဒတ္တ(ရဟန်း)သည် ဘုရားရှင်ကို သေစေရန် ဂိဇ္ဈကုဋ်တောင်ထိပ်ကနေ၍ ကျောက်တုံးကြီးဖြင့် လှိပ့်ချကာ လုပ်ကြံလေသည်။ သို့သော် မြတ်စွားဘုရားပေါ်သို့ ကျောက်တုံးကြီး မကျလာခဲ့ပေ။ ဘာကြောင့်လည်းဆိုတော့ ကျောက်စွန်းကြီးနှစ်ခု ထွက်လာကာ ကျောက်တုံးကြီးကို ကာကွယ်ပေးခဲ့သောကြောင့်ပင် ဖြစ်သည်။ ဒါပေမယ့် ထိုနှင့်ထိခိုက်မိကာ ပဲ့ထွက်လာသော ကျောက်စကျောက်နကလေးတစ်ခုသည် မြတ်စွာဘုရာ၏ခြေတော်အား လာထိခိုက်သဖြင့် ခြေတော် သွေးချည်အုသွားခဲ့သည်။ ထိုအခါ မြတ်စွဘုရားသည် တောင်ပေါ်မျှော်ကြည့်တော့ ဒေ၀ဒတ်ကို တွေ့သွားသည်။ ထိုအခါ မြတ်စွာဘုရားက.. (မောဃပုရိသ)အလကားကောင်.. သင်သည် ဘုရားရှင်အား သွေးစိမ်းတည်စေသော မကောင်းမှုကို လုပ်လိုက်ပီ။ ငါ့ကို သေစေခြင်သော်လည်း ငါ မသေ.ဟု မိန့်တော်မူသည်။ ထိုအကြောင်းကို ရဟန်းတော်များ သိကြသောအခါ မြတ်စွာဘုရားအား စောင့်ရှောက်ရန် ပရိတ်ရွတ်သူရွတ်၊ ပတ်ဝန်းကျင် လှည့်လည်စင်္ကြ့လျှောက်နှင့် ဆူညံနေလေသည်။ မြတ်စွာဘုရား ကြားသိတော်မူ၍ အာနန္ဒာမထေရ်အား ရဟန်းတော်များကို ခေါ်ခိုင်းတော်မူသည်။

ရဟန်းတော်များရောက်လာသောအခါ မြတ်စွာဘုရား မိန့်တော်မူသည်မှာ.. အဋ္ဌာနမေတံ, ဘိက္ခဝေ, အန၀ကာသော, ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ။ အနုပက္ကမေန, ဘိက္ခဝေ, တထာဂတာ ပရိနိဗ္ဗာယန္တိ။ (ဧတေန သစ္စ၀ဇ္ဇေန တထာ မေ ဟောတု သဗ္ဗဒါ)
အဓိပ္ပါယ်ကား… ချစ်သားရဟန်းတို့ သူတစ်ပါးလုံးလပယောဂဖြင့် ဘုရားရှင်တို့အား အသက်ဆုံးရှုံးရခြင်းမှာ ထုံးစံမရှိ၊ အခွင့်မရှိ၊ မဖြစ်နိုင်၊ မြတ်စွာဘုရားရှင်တို့မည်သည် သူတစ်ပါးလုံးလကင်း၍ ပရိနိဗ္ဗာန်ဝင်စံမြဲ ထုံးစံတည်း။ (ဤမှန်ကန်သော သစ္စာစကားကြောင့် ငါ့အား အချိန်ပြည့် ဘုရာရှင်ကဲ့သို့ ဖြစ်ပါစေ) ဟူ၍ ဖြစ်၏။

အထက်ပါဘုရားစကားတော်ကို စာရေးသူသည် စာသင်သားဘ၀ကပင် အလွတ်ကျက်ပီး အိပ်ရာဝင်တိုင်း၊ ခရီးထွက်တိုင်း ရွက်ဖတ်သရဇ္ဈာယ်လေ့ ရှိပါသည်။ ညအိပ်ခရီးထွက်ရင်လည်း အိပ်ပျော်နေရင် မရွတ်မိမှာစိုး၍ လွယ်အိပ်မှာ ဘောလ်ပင်ဖြင့် ရေးထားသေးသည်။ ကြောက်တတ်လိုက်သည်မှာ လွန်ပါ၏။
အထက်ပါ ပါဠိကို မရွတ်တတ်လျှင် နေပေ့စေ၊ စာရွက်လေးမှာ ရေးထား၍ ဆောင်ထားရုံဖြင့် လေယာဉ်ပျက်ကျသော်လည်း အသက်မသေဘဲ လွတ်မြောက်လာသူအကြောင်းကိုလည်း ဖတ်မှတ်ဖူးပေသည်။
ယခုခေတ်ဝယ် အန္တရာယ်အလွန်များလသည်။ ကာ၊ ရထား၊ လေယာဉ်ပျံ၊ အသေခံဗုံးခွဲစသည်ဖြင့် နေရာမရွေး၊ အချိန်မရွေး တွေ့ကြုံနိုင်ပေသည်။ သို့သော်လည်း သမုဒ္ဒရာ၊ ၀မ်းတစ်ထွာမို့ မကြောက်အား မလန့်အား ရုန်းကန်လှုပ်ရှား စီးပွားရှာရသည်။ သို့သော် စိုးရိမ်ထိန့်လန့်မှုကား မပျောက်သွားပေ။ မည်သို့ဆိုပါစေ မိမိတို့မှာ အားကိုးရာ၊ ကိုးကွယ်ရာ တစ်ခုခု (ဥပမာ-ရတနာသုံးပါစသည်) ရှိထားပါက စိတ်သက်သာရာ ဖြစ်နေသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်-ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်ထားမှ ဘေးကြုံလာသောအခါ သက်သာရာ ရပေမည်။ မကြုံလာခဲ့သော်… ဤသို့ကား ကံသေကံမ မပြောနိုင်ပေ။ လုပ်သမျှတော့ ကုသိုလ်ရနေပေသည်။ ကုသိုလ်များများထုံလာခဲ့လျှင် စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။
ထိုကြောင့် စာဖတ်သူများအား ကျွန်ုပ်ပေးလိုသော မစ်ဆေ့စ်မှာ.. ဘုရားရှင်၏တရားတော်များ အားလုံးအစွမ်းထက်တာချည်းပင် ဖြစ်ပါသည်။ သို့သော် ကိုယ်နှင့်သဟဇာတ လိုက်ဖက်သော ကျင့်ဝတ်တစ်ခုခုကိုတော့ လက်လွတ်မခံဘဲ ကျင့်သုံးသင့်ပါကြောင်း..။

နိဗ္ဗာန်မရခင်စပ်ကြား ဘေးအန္တရာယ်ကင်း၍ လိုရာပန်းတိုင် ရောက်နိုင်ကြပါစေ။


posted by dhammasami08

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ