Thursday, September 9, 2010

လူသားတို့၏စိတ်ခံစားမှုနှင့် တိုးတက်မှု (၂)


ခေတ်သစ်နောက်ဆုံးနည်းပညာအရ လူသားတို့ဦးနှောက်အား လေ့လာသုတေသနပြုရာ ထူခြားသောအသွင်သဏ္ဌာန် (၂)မျိုး တွေ့ရှိခဲ့ကြောင်း၊ ထိုအသွင်သဏ္ဌာန်တို့၏ ပြောင်းလဲမှု ဖြစ်စဉ်အဆင့်ဆင့်ကို လူသားတို့၏ပင်ကိုယ်စရိုက်နှင့် တိုးတက်မှု (အပိုင်း-၁)ပို့စ်၌ ဖတ်ခဲ့ရပြီး ဖြစ်သည်။
ဤပို့စ်ဝယ် သံသယဖြစ်ဖွယ် အသုံးအနှုံးများကို အဆင်သင့်သလို ဖြေရှင်းပေးခြင်ပါသည်။ ပထမဆုံးအနေဖြင့် လူသားတို့၏ပင်ကိုယ်စရိုက်ဟူသည်မှာ မူလအခြေခံ အဖြူထည်စိတ်အခြေအနေတစ်မျိုးပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့် Characteristic of the mind စိတ်သဘော-သဘာဝလက္ခဏာပင် ဖြစ်သည်။ သုတေသနလုပ် ရှာဖွေခြင်း၊ တွေ့ရှိခြင်းဆိုသည်မှာလည်း အရင်က မည်သည့်ပညာရှင်မျှ ရှာဖွေမတွေ့သေးသော အချက်အလက်အသစ်များကို လက်ခံရရှိခြင်းပင် ဖြစ်သည်။
ထိုခေတ်သစ်ရှာဖွေတွေ့ရှိခြင်းအပေါ်ဗုဒ္ဓ၀ါဒအရ လေ့လာဆန်းစစ် နှီးနောရောစပ် တင်ပြထားသည်ကို ဤပို့စ်၌ ဖတ်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ဤပို့စ်ဝယ် အဘိဓမ္မာနည်းအရ စိတ်သဘာဝအခြေအနေများနှင့် နှိုင်းယှဉ်မပြပဲ ခေတ်သစ်တွေ့ရှိမှုအရသာလျှင် ရေးသွားမည် ဖြစ်ပါသည်။
ဗုဒ္ဓ၀ါဒ၌လည်း အဆိုပါ Emotional aspect နှင့် Intellectual aspect တို့သည် အမြင့်ဆုံးအဆင့်ဖြစ်သော Compassion နှင့် Wisdom အထိတိုင်အောင် အတူတကွလက်တွဲ၍ တိုးတက်ဖြစ်ထွန်းသွားသည်ကို လေ့လာတွေ့ရှိရပေမည်။ တနည်းအားဖြင့် လောကီအာရုံ ခံစားမှုမှသည် လောကုတ္တရာ အာရုံခံစားနိုင်သည့်အထိ အတူတကွ အမှီပြုလျှက် တိုးတက်ဖြစ်ထွန်း ကြပေသည်။ အလှတရားများကို ခံစားမှုသည် လူသားတို့၏ပင်ကိုယ် စိတ်သဘာဝအရ တစ်ဆင့်ပြီးတစ်ဆင့် လိုက်စားကြပေသည်။ ပါပသ္မိံရမ္မတိ မနော- စိတ်သည် သူ့ချည်းလွတ်ထားပါက မကောင်းမှုအာရုံတို့၌ ကိုင်းညွတ်နေတတ်သည်။ မကောင်းသောအရုံ၌ လှည့်လည်နေသောစိတ်ကို အသိညာဏ်ပညာဖြင့် ထိမ်းသိမ်းရပေမည်။ မည်သည့်အဆင့်အထိ ထိမ်းထားရမည်နည်း။ အမြင့်ဆုံး မဂ်ပညာ၊ ဖိုလ်ပညာတိုင်ထိ ဖြစ်သည်။ ထိုကြောင့် တစ်ဖက်မှာ အလှတရာခံစားမှုကို နှစ်သက်လက်ခံခြင်းနှင့်အတူ လူသားတို့၏ ပင်ကိုယ်စရိုက်ကိုလည်း အမြင့်ဆုံးအဆင့်ဖြစ်သော ကရုဏာနှင့် ပညာ တိုင်သည်အထိ တစ်ဆင့်ချင်း တိုးတက်စေသင့်သည်။

သို့သော်လည်း အမြင့်ဆုံးသို့ သွားဖို့ရန် အနိမ့်ဆုံးအဆင့်မှ စတင်ရလေသည်။ ထို့ကြောင့် လူသားတို့၏စိတ်ခံစားမှုအရ အလှတရားများအပေါ် အာရုံကျက်စားခြင်းမှ စတင်၍ အမြင့်ဆုံးအဆင့်ထိတိုင်အောင် တဆင့်ခြင်း တစ်ဖြည်းဖြည်း လေ့ကျင့်ယူရပေမည်။ ဤသို့လေ့ကျင့်ခြင်းသည် ပျော်ရွင်ရုံသက်သက် မဟုတ်ပါ။ သို့သော် ယခုခေတ်စာပေ၌ အလှတရားခံစားခြင်းကို အပျော်သက်သက်အတွက်သာ ဖေါ်ပြနေကြပေသည်။ ဗုဒ္ဓ၀ါဒအရ အလှတရားခံစားမှုကို ပျော်ရွင်ကြည်နူးဘွယ် ခံစားမှုအဖြစ် ဖေါ်ပြထားရုံမက လူသားတို့၏ ပင်ကိုယ်စရိုက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ဖေါ်ပြထားပေသည်။  အဆိုပါ အလှတရားခံစားမှုစိတ်အခြေအနေသည် လူသားအားလုံးနှင့် သက်ဆိုင်သော compassion ကရုဏာဟုခေါ်ဆိုသော မြင့်မာသောအဆင့်ထိတိုင်အောင် ဖွံ့ဖြိုးတိုးတက်နိုင်ပေသည်။ သာဓကအားဖြင့် ဗုဒ္ဓနှင့် ရဟန္တာမထေရ်များကို ထုတ်ဆောင်ပြရပေလိမ့်မည်။ ဗုဒ္ဓနှင့် ရဟန္တာမထေရ်များသည် လောက၌ သက်ရှိလူသားအားလုံအပေါ် ညီမျသော ပြည့်ဝသော ကရုဏာတရား ထားရှိကြပေသည်။
ဗုဒ္ဓ၀ါဒ၌ လူသားတို့၏ ပင်ကိုယ်စရိုက် အရည်သွေးများ တိုးတက်မှုသည် အလှရသခံစားမှုနှင့် တိုက်ရိုက်ပင် ဆက်စပ်နေပါသည်။ အနုသုခုမ အလှတရားသည်လည်း အလွန်ပင်အရေးပါလပေသည်။ သူတစ်ပါးတို့ စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သည်မှာ အလှတရားပင် ဖြစ်ပေသည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် ရဟန်းတော်များအား သင့်လျှော်လှပသော အ၀တ်အစားများကို ၀တ်ဆင်ဖို့ရန်နှင့် ကျောင်းတိုက်များကို သန့်သန့်ရပ်ရပ် သန့်သန့်ရှင်းရှင်းထားရန် အကြံပြုတော်မူလေသည်။ မသန့်မရပ် ညစ်ပတ်သော ရဟန်းတော်များကို လူတို့က အရိုအသေအလေးအမြတ် ထားမည် မဟုတ်သောကြောင့် ဖြစ်ပေသည်။ စည်းကမ်းတကျ လှပသန့်ရပ်ခြင်းသည် မကြည်ညိုသေးသူတို့ ကြည်ညိုစေသည်၊ ကြည်ညိုပြီးသား သူတို့အားလည်း တိုးတက်ကာ ကြည်ညိုစေသည်။ ဗုဒ္ဓ၀ါဒ၏တရာတော်များ၌ အလှအပနှင့် ပတ်သက်ပီး ဖေါ်ပြထားချက် အလှရသသဘောတရားများ များစွား ရှိပေသည်။ သာဓကအားဖြင့် ဥပမာများ၊ ဥပစာ-တင်စားချက်များ၊ နှိုင်းယဉ်ချက်များ၊ များစွာသော ကဗျာ၊ (မှတ်ချက်။ ။ဂါထာသည် ကဗျာအမျိုးအစားပင် ဖြစ်ပါသည်။) လှပသော ပုံဝတ္ထုများ၊ ဇာတ်တော်များ ဖြစ်ကြပေသည်။ ဗုဒ္ဓ၀ါဒ၏တရားတော်ဝယ် ဤကဲ့သို့ ဥပမာ ပုံဝတ္ထုများ ထည့်မဟောခဲ့လျှင် တရားတော်ကို စိတ်ဝင်စားစွာ နာယူမည့်သူ ရှားပါးနိုင်ပေသည်။ ထို့ကြောင့် ဗုဒ္ဓသည် သူ့၏တရားတော်များအား ဥပမာ၊ ပုံဝတ္ထုများဖြင့် တန်းဆာဆင်ကာ လှလှပပဟောကြားထားခဲ့ခြင်း ဖြစ်ပေသည်။ တရားတော်နာ ပရိတ်သတ်အပေါင်းကလည်း ဗုဒ္ဓ၏တရားတော်ကို နှစ်သက်သဘောကျလေသည်။ နောက်ဆုံးမှာတော့ နှစ်သက်ခံစားမှုမှသည် ပညာဖြင့် ချွေးသိပ်စေပီး တရားမှန်ကို ထိုးထွင်းသိရှိသွားကြစမြဲ ဖြစ်ပေသည်။ “ပီတိ၊ ပဿဒ္ဓိ၊ သမာဓိ၊ သုခ၊ ယထာဘူတံ ပဇာနာတိ”ဟူ၍ ပါဠိတော်များ၌ အစဉ်အတိုင်း ဖေါ်ပြသည်။  ဤကဲ့သို့ တရားမှန်ကို ထိုးထွင်းမသိခဲ့လျှင် သတ္တ၀ါတို့သည် အမှားတွေများစွာ ပြုလုပ်နေအုံးမည် ဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်အလိုက် သူနှင့်သင့်လျှော်သော တရားတော်ကို ရွေးချယ်ပြီး ဟောပြောရပေသည်။ ဗုဒ္ဓသည် ၎င်းတို့၏စရိုက်နှင့် တရားတော်ကို အကြွင်းမဲ့ သိပြီးဖြစ်သည်။ သာဓကအားဖြင့် ညီတော်နန္ဒ ဖြစ်ပုံကို ကြည့်ပါ။ ညီးတော်နန္ဒမင်းသားကို ဗုဒ္ဓက လပ်ထပ်မည့်ဆဲဆဲ မင်္ဂလာပွဲမှ ခေါ်ခဲ့ပီး သင်္ကန်းစည်းပေးထားခြင်း ဖြစ်သည်။ ညီတော်နန္ဒမထေရ်သည် စိတ်မပါဘဲ ရဟန်းဝတ်ခဲ့သောကြောင့် သူ့စိတ်မှာ လက်ထပ်မည့်ဆဲဆဲ အချောအလှ ဇနပဒကလျာဏီထံသို့သာ ပျံဝဲရောက်နေတတ်လေသည်။ သာသနာ့ဘောင်တွင်း သင်္ကန်းဝတ်ဖြင့် မပျော်ပိုက်ပေ။ လောကီစည်းစိမ်ကိုသာ မယားချောလေးနှင့် အတူ ပျော်ပါးခြင်သည်။ ဤသည်ကို သိတော်မူသော ဗုဒ္ဓည် ညီတော်အား နတ်ပြည်သို့ ခေါ်ဆောင်သွားလေသည်။ နတ်ပြည်သွား လမ်းတစ်ဝက်၌ မီးလောင်ထားသော သစ်ငုတ်တိုပေါ်မှာ ထိုင်နေသော မျောက်မကို ညီတော်အား ပြသပြီး “ညီတော် ဟောဟိုက မျောက်မနဲ့ ဇနပဒ ဘယ်သူလှလဲ” မေးတော်မူသည်။ ရက်စက်ပါပေ နောင်တော်ဘုရား ပြောရက်လိုက်တာ။ ရေနဲ့ ဆီပမာ ကွာခြားလပါ၏။ နတ်ပြည်ရောက်တော့ နတ်သမီးများကို ပြပြီး တစ်ခါ မေးတော်မူပြန်သည်။ “ညီတော် ဘယ်လိုလဲ၊ နတ်သမီးနဲ့ ဇနပဒ ဘယ်သူက ပိုလှလဲ”။ မှန်လှပါ နောင်တော်ဘုရား…ဇနပဒဟာ နတ်သမီးနှင့်နှိုင်းယှဉ်လျှင် မျောက်မသာသာဖြစ်သွားပါပြီဘုရား။ အေး…ညီတော်..နတ်သမီးကို မလိုချင်ဘူးလား။ ဟာ..နောင်တော် မနောက်နဲ့နော်။ လိုချင်တာပေါ့။ ထိုနောက် လူ့ပြည်ပြန်ရောက်တဲ့အခါ ဗုဒ္ဓက “ကဲ့..ညီတော် မင်း နတ်သမီးကို လိုချင်က ဒီဂါထာရွက်”ဟူ၍ သုံးဆယ့်နှစ်ကောသ တရားတော်ကို ပေးအပ်တော်မူသည်။
ညီတော်နန္ဒလည်း နတ်သမီးအချောအလှတွေကို လက်တွေ့ မြင်ပြီးသူဖြစ်သည့်အားလျှော်စွာ အရမ်းကိုလိုချင်သောကြောင့် ရလိုရငြား တရားတော်ကို အားထုတ်လေတော့သည်။ နတ်သမီးလိုချင်၍ တရားလုပ်ခြင်း ဖြစ်သည်။ တရားလိုချင်၍ တရားအားထုတ်တာ မဟုတ်ရချေ။ သို့သော် ညီတော်နန္ဒမထေရ်သည် တရားရသွားလေသည်။ သောတာပန်အရိယာ ဖြစ်သွားသည်။
အထက်ပါ သာဓကကို လေ့လာဆန်းစစ်လျှင် ဗုဒ္ဓသည် ဝေနေယျသတ္တ၀ါတို့၏ စရိုက်နှင့် ၎င်းနှင့် လိုက်ဖက်သော တရားတော်ကို အကြွင်းမဲ့ သိပြီးတော်မူခြင်း၊ လူသားတို့၏ပင်ကိုယ်စရိုက် အလှရသခံစားမှုကို တိုးတက်ဖြစ်ထွန်းအောင် ပြုလုပ်ခြင်း၊ တရားတော်၏လှပသော ဥပမာ၊ ဥပစာများဖြင့် သိမ်းသွင်းကာ တရားမှန်ကို သိရှိရေး လမ်းညွန်ပေးနိုင်ခြင်း၊ နောက်ဆုံး သောတာပတ္တိပညာဖြင့် ဘ၀၏တစ်ဆင့်ချိုး အရိယာအဖြစ် ချွေးသိပ်ကာ ငြိမ်းချမ်းစေခြင်း အပါယ်တံခါး ပိတ်သွားခြင်း စသောတန်ဖိုးကြီးမားသော အကျိုးတရားများကို တွေ့ရှိရမည် ဖြစ်ပေသည်။
ထို့ကြောင့် လူသားတို့၏ပင်ကိုယ်စရိုက် တိုးတက်ဖြစ်ထွန်းဖို့ဆိုလျှင် Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှဖို့ အလွန်ပင် အရေးကြီးလပေသည်။ Emotion- စိတ်ခံစားမှု နှင့် Intellect အသိညာဏ်ပညာတို့သည် ချိန်ခွင်လျှာ ညီမျှခဲ့လျှင် ငြိမ်းအေးမှု၊ သာယာလှပမှု၊ ဘ၀လုံခြုံမှုနှင့် ဘ၀၏အာမခံချက်တို့ကို ပိုင်ဆိုင်သွားပြီ ဖြစ်လေ၏။
အပိုင်း (၃) ဆက်ဖတ်ရန်

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ