Saturday, January 16, 2010

ပရဟိတစိတ်ဓာတ်လွန်မြင့်မြတ်


ပရဟိတပြုလုပ်ကြ
(မင်းသားအများစုတွေထဲမှ မင်းသားခန့်စည်သူရဲ့ ပရဟိတစိတ်ဓာတ်ကို သဘောကျလို့ ဖေါ်ပြလိုက်ရပါသည်။)

ခန့်စည်သူကို “အများနှင့်မသက်ဆိုင်သောသူ” ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ယခုနှစ်အကယ်ဒမီပေးပွဲတွင် အကယ်ဒမီရမည်ဟု အနုပညာ အသိုင်းအ၀ိုင်းတွင်းကရော ရုပ်ရှင်ချစ်ပရိသတ်တွင်းကပါ ခန့်မှန်း ထင်ကြေးပေးသံများ ၂၀၁၀နှစ်ဆန်းပိုင်းတွင် ညံနေသည်။ ရုပ်ရှင်မင်းသားဆိုသည့် သူ့ဘ၀၏
ရပ်တည်ချက်နောက်ကွယ်က သူ့ရဲ့လူမှုရေးလုပ်ငန်းများအကြောင်းကို လှူဒါန်းမှုသတင်းများကတစ်ဆင့် သိသူလည်း သိနေကြပေမည်။ 
“ပိုက်ဆံ အရမ်းချမ်းသာလည်း ဘယ်သူမှ ထမင်းဆယ်နပ်တော့ မစားနိုင်ကြပါဘူး” 
ဆိုသည့် မင်းသား၏ အနုပညာလှုပ်ရှားမှုများထက် ပရဟိတဆိုင်ရာ အကျိုးပြုလုပ်ငန်းများအကြောင်းကို ဦးစားပေး မေးမြန်းထားပါသည်။


“လူမှုရေးလုပ်ငန်းတွေကို ဘာကြောင့်စိတ်ဝင်စားပြီး လုပ်ဖြစ်တာလဲ”


“ဒါကရေတွေလိုပေါ့ဗျာ။ ကိုယ့်ဆီမှာ ရေတွေပိုလျှံနေရင် ရေကြောင့်ဒုက္ခရောက်နေတဲ့ လူတွေကို ဝေမျှပေးချင်တဲ့ သဘောကြောင့်လူမှုရေးလုပ်ငန်းတွေကို လုပ်ဖြစ်တာပါ။ 
ကျွန်တော်ငယ်ငယ်ကတည်းကကျောင်းကလုပ်တဲ့ အသင်းအဖွဲ့တွေမှာ လှုပ်ရှားတာကို ၀ါသနာပါတယ်။ အသင်းမှာတခြားလူမအားဘူးဆိုရင်လည်း ကျွန်တော်က ကိုယ်စားဝင်ဝင်လုပ်ပေးတယ်။ကျောင်းကတည်းက လူမှုရေးလုပ်ဖို့ အကျင့်တွေရခဲ့တယ်လို့ ထင်ပါတယ်။”


“ဘုရားကျောင်းကန် လှူတာတွေပဲ များနေတယ်နော်။ တခြားလူမှုရေးနယ်ပယ်တွေလှူဖို့ စိတ်မ၀င်စားဘူးလား”


ကျွန်တော် စာသင်ကျောင်းတွေ၊ စာကြည့်တိုက်တွေလည်း လှူထားပါတယ်။ သင်္ကန်းကျွန်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆောက်လုပ်ထားတယ်။ အဓိကကတော့ မိဘမဲ့ကလေးတွေ အတွက်ပေါ့။ ဘာသာမရွေး၊ လူမျိုးမရွေး လက်ခံပါတယ်။ ဒီကျောင်းမှာ အများဆုံး ကျောင်းသားဦးရေ ၃၀၀-လောက်အထိ လက်ခံဖို့ရှိပါတယ်။ အဲဒီမှာ စာကြည့်တိုက်လည်း ဖွင့်ပေးထားတယ်။ စာကြည့်တိုက်ကတော့ကျပ်၁၀သိန်းကျော် မတည်ထားပါတယ်။ 
နောက်ပြီး ရခိုင်ပြည်နယ် စစ်တွေမှာလည်းဒုတိယမြောက် စာကြည့်တိုက်ဖွင့်ဖို့ စီစဉ်နေတယ်။ အဲဒါကတော့
ပန်ကြားရေးဝန်ကြီးဌာနက ညွှန်ချုပ်ကိုယ်တိုင် ကမကထလုပ်တာကို ကျွန်တော်ကထပ်ပြီးမတည်ပေးတာပါ။


“ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကျောင်းသား ဘယ်နှယောက်လောက်ရှိပါသလဲ။ ဆရာ၊ ဆရာမ ခန့်ထားမှုနဲ့ လစာစီစဉ်ပေးမှုကိုလည်း ပြောပြပေးပါ။”


လောလောဆယ်တော့ ကျောင်းသား အယောက်၅၀ရှိပါတယ်။ ဆရာ၊ ဆရာမကတော့ ၄ယောက်ရှိတယ်။ ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို နေ့လယ်စာကျွေး တယ်။ ကျောင်းအဖြူ၊ အစိမ်း စီစဉ်ပေးတယ်။ စာရေးကိရိယာတွေ ဖြည့်ဆည်းပေးတယ်။ ဆရာ၊ ဆရာမတွေရဲ့လစာကိုလည်း ကျွန်တော်ကိုယ်တိုင် ပေးပါတယ်။ ဒီကျောင်းက အခြေခံပညာမူလတန်းအထိ တက်ရောက်လို့ရပါတယ်။


“ဒီကျောင်းမှာ ၀န်ထမ်းလုပ်ချင်တဲ့သူတွေကို အရည်အချင်း ဘယ်လိုသတ်မှတ်ထားလဲ။”


ဒါက သာသနာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ၀န်ထမ်းအရည်အချင်းအတိုင်းပဲ ကျွန်တော်ခန့်ထားပါတယ်။ စိတ်ဝင်စားသူတွေက ကျွန်တော့်ဆီကိုလည်း တိုက်ရိုက်ဆက်သွယ်နိုင်သလိုသင်္ကန်းကျွန်းမြို့နယ်က ဓမ္မ၀ိဟာရစာသင်ကျောင်းကိုလည်း ဆက်သွယ်နိုင်ပါတယ်။


“နောက်ထပ် ဘယ်လိုနယ်ပယ်တွေမှာ အကျိုးပြုအလုပ်တွေ ထပ်လုပ်ဦးမလဲ။”


နယ်စပ်ဒေသတွေမှာ လုပ်ချင်တယ်။ ဒါပေမဲ့ မလွယ်သေးဘူးပေါ့။ အညာဘက်က စစ်ကိုင်းတိုင်းမှာ ရေရှားတဲ့နေရာမှာ စက်ရေတွင်းတူးပေးခဲ့သေးတယ်။နောက်ထပ်လည်း လိုအပ်တဲ့နေရာတွေမှာ လိုအပ်တဲ့ပုံစံအလိုက် လှူသွားမှာပါ။ဆေးရုံ၊ ဆေးပေးခန်းတွေ လုပ်ပေးချင်တယ်။ အဓိကက မိဘမဲ့ကလေးတွေကိုကူညီချင်တာပါ။ နောက် မီးဘေးဒုက္ခသည်တွေ မရှူနိုင်မကယ်နိုင်နဲ့
အတိဒုက္ခရောက်နေတဲ့ လူတွေကို တစ်တပ်တစ်အား ကူညီချင်တယ်။ လုပ်ဖို့ရှိတာတွေကတော့ အများကြီးပေမယ့် မသေချာသေးတော့ မပြောချင်သေးပါဘူး။


“အနုပညာရှင်တစ်ယောက် ဖြစ်နေတဲ့အတွက် လူမှုအကျိုးပြုလုပ်ငန်းတွေကို ပေါ်ပြူလာဖြစ်ရုံ သက်သက်လုပ်နေတယ်ဆိုတဲ့ဝေဖန်မှုတွေအပေါ် အစ်ကို ဘယ်လိုခံယူပါသလဲ။”


အချိန်က အဆုံးအဖြတ် ပေးသွားပါလိမ့်မယ်။ ဘာသာရေးစကားနဲ့ ပြောရရင်တော့ “ဘုရားတစ်ခါ”နဲ့ “ဘုရားဒကာ”ဆိုပြီးရှိတယ်။ ဘုရားတစ်ခါဆိုတာကအဆက်အသွယ်ကောင်းလို့ ဘုရားကိုတစ် ခေါက်လောက်ရောက်ပြီး လှူသွားမယ်။ နောက်လှည့်မကြည့်တော့ဘူး။ ဘုရားဒကာကတော့ ဘိုးဘွားစဉ်ဆက်အမွေကိုကိုယ်တိုင်ထိန်းသိမ်းတာ အဓိပ္ပာယ် လုံးဝမတူဘူး။ အဲဒီသဘောအတိုင်း ခံယူပါတယ်


“လူမှုရေးလုပ်ငန်းလုပ်ချင်ပေမယ့် ငွေကြေးမတတ်နိုင်တဲ့သူတွေကိုရော ဘယ်လိုအကြံပြုပြောကြားချင်ပါသလဲ။”


အဓိကက ကျွန်တော်တို့ဟာ လူတွေလေဗျာ။ ငွေကြေးမတတ်နိုင်ပေမယ့် ကျွန်တော်တို့မှာ လက်တွေရှိတယ်။ ဉာဏ်ရှိတယ်။ ၀ိရိယရှိတယ်။ ဦးနှောက်ရှိတယ်။ ကျွန်တော်က တစ်ခုကူညီလိုက်တဲ့သူဟာ ကျွန်တော့်ကိုပြန်ပြီးကူညီနေစရာ မလိုဘူး။ တခြားတစ်ယောက် လိုအပ်နေတဲ့ အကူအညီကိုပေးလိုက်တယ်ဆိုရင် အဲဒါကျွန်တော့်ကို ကူညီတာပါပဲ။ Helping Hands
“ကူညီသောလက်များ”ပေါ့ဗျာ။ လက်ဆင့်ကမ်း ကူညီတာဟာ ငွေကြေးမတတ်နိုင်ပေမယ့်
ထိရောက်မှုရှိပါတယ်။ လုပ်ကြည့်ပါလို့ အကြံပြုချင်ပါတယ်။


“ချစ်ရူးဇာတ်ရုပ်နဲ့ အကယ်ဒမီရမယ်လို့ အသံတွေ အတော်ကြားနေရတယ်။ တကယ်လို့ရခဲ့ရင် ချစ်ရူးကို အစ်ကို ဘယ်လိုဂုဏ်ပြုဖို့ စဉ်းစားထားလဲ။”


ချစ်ရူးပုံစံဝတ်ပြီး မြို့ထဲလျှောက်သွားမယ်(ရယ်လျက်)။ နောက်တာပါ။ တကယ်တမ်း ဘယ်လုပ်လို့ရမလဲ။ ကျွန်တော်ကတော့ ယောနိသောမနသိကာရလို့ပဲမှတ်ယူထားပါတယ်။ အလယ်အလတ် လမ်းစဉ်ပေါ့ဗျာ။ အကယ်ဒမီဆိုတာ အနုပညာသမားတိုင်းလိုချင်ကြတာချည်းပဲလေ။ ကိုယ့်ဘ၀ရဲ့ သမိုင်းမှတ်တိုင်အဖြစ်
စိုက်ထူချင်ကြတာချည်းပဲ။ ဒါပေမဲ့ မရလို့ စိတ်ထိခိုက်ကြေကွဲနေရတာမျိုးတော့လည်း မရှိပါဘူးဗျာ။


“ဒီဇာတ်ရုပ်ကို စရိုက်တုန်းက ရှုတင်ပထမဆုံးနေ့မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူးကြားတယ်။”


ဟုတ်တယ်။ ပထမဆုံးနေ့မှာ ဘယ်လိုလုပ်ရမှန်းကို မသိတာ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် Must do ငါလုပ်ကိုလုပ်ရမယ်ဆိုတဲ့ စိတ်သွင်းလိုက်ပြီးဒါရိုက်တာနဲ့လည်း ကျွန်တော်သေချာတိုင်ပင်တယ်။ သူက လုံးဝကြီး ရူးနေတာလည်းမဟုတ်ဘူး။ ဆယ်ပြားလောက် လိုနေတာဆိုတော့ လုပ်ရတာ တော်တော်ခက်တယ်လေ။ နောက်မူရင်းဝတ္ထုရေးတဲ့ ဆရာမင်းလူနဲ့ သွားတွေ့တယ်။ သူတို့ရပ်ကွက်ထဲမှာ
အဲဒီချစ်ရူးပုံစံနဲ့လူက တကယ်ရှိနေတာ။ သူ့ပုံစံက တစ်ခုခုဆို လက်ညှိုးနဲ့ လက်မကို ထောင်ထောင်ပြီး ပြောတတ်လုပ်တတ်တာလေးကို သတိထားပြီး လုပ်ရတာပေါ့။ နောက်ရက်တွေမှာ အဆင်ပြေသွားပါတယ်။
“သူများအကျိုးဆောင်၊ ကိုယ့်ကျိုးအောင်” “အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွံ့မစောင်း၊ ကိုယ်လမ်းကြောင်းကို၊ စိတ်ကောင်းနဲ့ယဉ်၊ ရှေ့ရှုနှင်လော။” ဟုတိုက်တွန်းလိုက်ပါသည်။

No comments:

Post a Comment

အားလုံးအတွက် အဆင်ပြေပါစေ